MNA ကို လွတ်လပ်သော ကော်ပိုရေးရှင်းအသွင်ပြောင်းရန် စိစစ်နေဟုဆို

MNA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးကို တွေ့ရစဉ် ဓာတ်ပုံ − ကျော်ဇင်သန်း

မြန်မာ အမျိုးသားလေကြောင်း လိုင်း (MNA)ကို လွတ်လပ်သော ကော်ပိုရေးရှင်းအသွင်ကူးပြောင်းနိုင်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။


‘‘အမှန်တော့ MNA ကို ကော်ပိုရေးရှင်းလုပ်ရမှာ၊ ကော်ပိုရေး ရှင်းဆိုပေမယ့် နိုင်ငံပိုင်ပဲစီးပွား ရေးလုပ်ငန်းဆန်ဆန် လုပ်ရမှာ ပေါ့။ လွတ်လပ်သော ဘုတ်အဖွဲ့ စီအီးအိုတွေကိုပေါင်းပြီးလုပ်တာ၊ ကျန်တဲ့ ဘတ်ဂျက်တွေကအစ
လွတ်လွတ်လပ်လပ်ဆောင်ရွက် ခွင့်ရှိသွားတာပေါ့’’ဟု ဦးသန့်စင် မောင်က 7Day Daily သတင်းစာနှင့် ဇွန်လ ၂၁ ရက်တွင် သီးသန့်တွေ့ဆုံစဉ် ပြောကြားသည်။

လက်ရှိတွင်မြန်မာအမျိုးသားလေ ကြောင်းလိုင်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်မှ ခွဲထွက်ပြီး ကုမ္ပဏီပုံစံ လုပ်ဆောင်နေသော်လည်း ယခုထက်ပိုပြီး လွတ်လပ်သော နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်း
အသွင်လုပ်ဆောင်ရန်လိုကြောင်း ဦးသန့်စင်မောင်က ပြောသည်။

  မြန်မာအမျိုးသား လေ ကြောင်းလိုင်းသည် စတင်လုပ် ဆောင်စဉ်က ရှိပြီးသား လေယာဉ် အဟောင်းများဖြင့် ပြေးဆွဲခဲ့ရပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ မှ ဘိုးရင်းလေယာဉ်များ၊ ပြင် သစ်နိုင်ငံမှ ATR လေယာဉ်များကို အကြွေးစနစ်ဖြင့် ဝယ်ယူခဲ့ကာ ကောင်းမွန်သော လေကြောင်း လိုင်းတစ်ခု ဖြစ်လာစေရန် ခက် ခက်ခဲခဲရပ်တည်ခဲ့ရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

‘‘ATR တွေ ပြင်နိုင်တဲ့ လေ ယာဉ်ပြင်တဲ့ စက်ရုံတွေလည်း တည်ထောင်လာနိုင်ပါပြီ။ ဒါ ကြောင့် ပြည်တွင်းလေကြာင်း ဈေးကွက်မှာလည်း MNA အနေနဲ့ နေရာရလာပါပြီ’’ဟု ဦးသန့်စင် မောင်က ပြောသည်။

နောက်ပိုင်းတွင် အသစ်ထပ် မံဝယ်ယူမည့် ဘိုးရင်းလေယာဉ် ခြောက်စီးဖြင့် ဂျပန်နှင့် ကိုရီးယား နိုင်ငံတို့သို့ ထပ်မံပြေးဆွဲရန် စီစဉ် နေကြောင်း ဝန်ကြီးက ပြောကြား သည်။

  မြန်မာအမျိုးသား လေ ကြောင်းလိုင်း MNA ကို ၁၉၄၈ က မြန်မာနိုင်ငံ လေကြောင်းသယ်ယူ ပို့ဆောင်ရေး (UBA)အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၄ ဒီဇင်ဘာ ၅ ရက်ကစတင်၍ ပုဂ္ဂလိက ကုမ္ပဏီပုံစံဖွဲ့စည်းပုံပြောင်းလဲခဲ့သည်။

 MNA လေကြောင်းလိုင်း သည် ပြည်တွင်းရှိ မြို့ပေါင်း ၂၈ မြို့သို့ ပျံသန်းပြေးဆွဲနေပြီး ပြည်ပခရီးစဉ်များအဖြစ် စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ချင်းမိုင်နှင့် အိန္ဒိယနိုင်ငံ ဂယာစသည့် မြို့များသို့ ပျံသန်းပြေးဆွဲနေသည်။

လက်ရှိ MNA လေကြောင်း လိုင်း၌ ခရီးသည်တင်ဘိုးရင်းလေ ယာဉ်လေးစီးသာရှိ၍ ယင်းဘိုး ရင်းလေယာဉ်များဖြင့် ပြည်တွင်း ခရီးစဉ်များ၊ နိုင်ငံတကာခရီးစဉ်များ ပျံသန်းနေပြီး လေယာဉ်အ သစ်များ ရောက်ရှိလာပါက ည ခရီးစဉ်များ ပျံသန်းပြေးဆွဲရန် ရည်ရွယ်ထားသည်။

Top News