ရေရှည်ရှင်သန်ရေး စဉ်းစားရန်လိုလာသည့် သစ်ပင်စိုက်ပျိုးရေး

ပုပ္ပားတောင်ချစ်သူများအသင်းက သစ်ပင်စိုက်ပွဲတော်တွင်သစ်ပင်စိုက်ပျိုးနေစဉ် ဓာတ်ပုံ − ပုပ္ပားတောင်ချစ်သူများအသင်း

မိုးတဖြောက်ဖြောက်ရွာချိန် ဇွန်လကစ၍ မိုးတွင်းကာလပတ်လုံး နိုင်ငံအနှံ့အပြားတွင် တခမ်းတနား ပြုလုပ်သည်မှာ မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲများပင်ဖြစ်သည်။


ပတ်ဝန်းကျင် စိမ်းလန်းစို ပြည်ရေး ရည်ရွယ်ချက်ဖြင့် နှစ်စဉ် မိုးရာသီရောက်သည်နှင့် စုပေါင်း သစ်ပင်စိုက်ပျိုးရေးကို အခမ်းအ နားဖြင့် ပြုလုပ်လာသည်မှာဆယ်စုနှစ်တစ်ခုကြာ ရှိနေပြီဖြစ်သည်။

အခြေခံ ကျောင်းများနှင့် တက္ကသိုလ်ကျောင်းများက အစ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ ကြက် ခြေနီ၊ အရန်မီးသတ်များ၊ ရပ် ကွက်၊ မြို့နယ်အုပ်ချုပ်ရေးရုံးများ အလယ် ကုမ္ပဏီအသင်းအဖွဲ့များ နှင့် ထင်ရှားကျော်ကြားသူတို့၏ အထိမ်းအမှတ်နေ့များအဆုံး သစ် ပင်စိုက်ပွဲတော်များကို တခုတ်တရ ပြုလုပ်နေသည်။

မိုးရာသီတွင် မြန်မာနိုင်ငံ တစ်ဝန်း သစ်ပင်စိုက်ပွဲတော်များ ကို လူထုလှုပ်ရှားမှုအဖြစ် ခြိမ့်ခြိမ့် သဲသဲ ပြုလုပ်ခဲ့သော်လည်း စိုက်ပျိုးပြီး နောက်ဆက်တွဲထိန်းသိမ်း ကြည့်ရှုခြင်းနှင့်ပတ်သက်၍ လုပ် ဆောင်မှုနည်းပါသည်။

နောက်ဆက်တွဲ ထိန်းသိမ်း စောင့်ရှောက်မှု အားနည်းသဖြင့် အမှန်တကယ် ရှင်သန်ကျန်ရစ် သည့် အပင်အရေအတွက်သည် စိုက်ခဲ့သည့် အပင်ပမာဏ၏ထက်ဝက်ခန့်ပင် ရှင်သန်မှုမရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် သစ်ပင်စိုက်ပွဲတော် ပြုလုပ်ပါက လူကြီး၊ လူငယ်မရွေး အားတက် သရော စိုက်ပျိုးသော်လည်း စိုက်ပျိုး ခဲ့သည့်အပင်များ ရှင်သန်ရေးနောက်ဆက်တွဲ ထိန်းသိမ်းစောင့်ရှောက်မှုကို လုပ်ဆောင်ရန် အားနည်းကြောင်း သစ်တောပညာရှင် ဦးစည်သူလွင်က ပြောသည်။

သစ်ပင်စိုက်ပျိုးရန်ကုန်ကျ စရိတ်အများအပြား သုံးစွဲသော် လည်း ယင်းအပင် ရေရှည်တည် တံ့စေရန် ပြုစုစောင့် ရှောက်ရမည့် ကုန်ကျစရိတ်ကို သုံးစွဲမှု မရှိသ လောက် နည်းပါးရာ ယင်းအချက် များကြောင့်ပင် စိုက်ပျိုးသည့် အပင်များ မရှင်သန်ဘဲ နေရာ တစ်ခုတည်းတွင် နှစ်စဉ် ပြန် လည်စိုက်ပျိုးနေရဆဲ ဖြစ်ကြောင်း ၎င်းကပြောသည်။

 ‘‘ဒီနှစ်ချက်ကြောင့်ပဲ မိုးရာသီတိုင်း စိုက်ပေမယ့် ဒီနှစ်မှာ ဒီနေရာပဲစိုက်။ နောက်နှစ်မှာ လည်း ဒီနေရာပဲစိုက် ဖြစ်နေတာ လို့မြင်ပါတယ်’’ဟု ဦးစည်သူလွင် က ပြောသည်။

 သစ်တောဦးစီးဌာနက သစ် ပင်ပျိုးပင်များ နှစ်စဉ် သိန်းချီ၊သန်း ချီ ဖြန့်ဝေပေးသော်လည်း ၎င်းတို့ ဖြန့်ဝေပေးခဲ့သည့် အပင်များ မည် မျှရှင်သန်သည်ကို လေ့လာဆန်း စစ်မှု အားနည်းခဲ့သည့်အတွက် အပင်မည်မျှ ရှင်သန်၍ မည်မျှ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိနိုင် ခြင်းမရှိပေ။

 အဓိကအချက် အနေဖြင့် စိုက်ပျိုးစဉ်ကတည်းက စနစ်မကျ ခြင်း၊ စိုက်ပျိုးပြီးနောက်ဆက်တွဲ ထိန်းသိမ်းမှုမလုပ်ခြင်း၊ ကြည့်ရှု စောင့်ရှောက်မှု မပြုခြင်းကြောင့် တိရစ္ဆာန်များ စားသုံး၊ ဖျက်ဆီး ခြင်း၊ စည်းကမ်းမဲ့သူများက အပင် များ ချိုးဖဲ့ခြင်းတို့ကြောင့် အပင် များ ပျက်စီးနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ဒုညွှန်ကြားရေးမှူးဦးဝင်းမော်က ပြောသည်။

‘‘တစ်နှစ် တစ်နှစ်ကို သိန်းနဲ့ သန်းနဲ့ချီ စိုက်ခဲ့ရတာပဲ။ ဒါပေမဲ့ ပျက်စီးတာများတယ်။ စိုက်ခဲ့သမျှ သာ ရှင်သန်ရင် နေပြောက်တောင် ထိုးတော့မှာမဟုတ်ဘူး’’ဟု ဦးဝင်း မော်က ပြောသည်။

သစ်တောသစ်ပင်များသည် လူနှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ ဂေဟ စနစ်ကို နည်းလမ်းမျိုးစုံဖြင့် အကျိုးပြုသကဲ့သို့ လူသားတို့ အတွက် အသက်မွေးဝမ်းကျောင်း မှုများ ဖန်တီးပေးခြင်း၊ မျိုးစိတ်များ စွာတို့အတွက် ခိုလှုံမှုပေးခြင်းနှင့် လေကောင်းလေသန့်များ ရရှိစေ ခြင်းတို့တွင် အကျိုးပြုသည်။

သစ်တောများ ပြန်လည် တည်တံ့စေရေးနှင့် စိမ်းလန်းစိုပြည် ရေး ရည်ရွယ်ချက်ဖြင့် သစ်တော ဦးစီးဌာနက နိုင်ငံတော်ပိုင် စိုက်ခင်း အဖြစ် ကျွန်းနှင့် အခြားနှစ်ရှည်ပင် များ စိုက်ပျိုးခြင်း၊ မိုးရာသီလူထု လှုပ်ရှားမှုအနေဖြင့် စိုက်ပျိုးခြင်း၊ သဘာဝတော တန်ဖိုးမြင့်စိုက်ပျိုး ခြင်း၊ တိုင်းဒေသကြီးပြည်နယ် အစိုးရအစီအစဉ်ဖြင့် စိုက်ပျိုးခြင်း၊ စည်ပင်သာယာရေးကော်မတီကစိုက်ပျိုးခြင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စိုက်ပျိုးခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ် တောစိုက်ခင်းတည်ထောင်ခြင်း၊ ပုဂ္ဂလိကသစ်တော စိုက်ခင်းတည် ထောင်ခြင်း စသည့် နည်းလမ်းရှစ် သွယ်ဖြင့် လုပ်ဆောင်နေသည်။

သစ်တောဦးစီးဌာနက မိုးရာ သီ လူထုသစ်ပင်စိုက်ပျိုးရေး အတွက် သက်ဆိုင်ရာ ပြည်နယ် တိုင်းဒေသကြီးအလိုက် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော် ဂနီ၊ ကံ့ကော်၊ ခရေ စသည့်နှစ် ရှည်ပင်များ ပျိုး၍ ပြည်သူလူထု တစ်ဦးချင်းသို့ဖြစ်စေ အသင်းအဖွဲ့ များထံဖြစ်စေ အရေအတွက် သိန်းသန်းချီ အခမဲ့ဖြန့်ဝေနေ သည်။

သစ်တောဦးစီးဌာန၊ သဘာ ဝတောနှင့် စိုက်ခင်းလုပ်ငန်းဌာန ၏ စာရင်းဇယားအရ ယခုနှစ်တွင် တစ်ပြည်လုံး အတိုင်းအတာဖြင့် သစ်ပင် ၁၀,၀၇၇,၇၇၉ သန်းကို မိုးရာသီ လူထုလှုပ်ရှားမှုအနေဖြင့် စိုက်ပျိုးရန်လျာထားပြီး ပြည်နယ် တိုင်းဒေသကြီးအလိုက် သစ်ပင် များပျိုးကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းစိုက်ပျိုးခြင်း၊ လူတစ်ဦး ချင်းထံသို့ ဖြန့်ဝေပေးခြင်းတို့ လုပ် ဆောင်မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် သစ်ပင် ၆၁၀,၀၀၀ စိုက်ပျိုးမည် ဖြစ်ပြီး ယင်းပျိုးပင်များကို အဖွဲ့ အစည်းများနှင့် ပူးပေါင်းစိုက်ပျိုး မည်ဖြစ်သကဲ့သို့ ပြည်သူများထံသို့ လည်း ဖြန့်ဝေမည် ဖြစ်ကြောင်း ဦးဝင်းမော်က ပြောသည်။

 ထို့နောက် စိုက်ပျိုးခဲ့သည့် သစ်ပင်များကို ပြန်လည်ကြည့်ရှု၍ ပျက်စီးသည့် အပင်များကို ပြန်လည်အစားထိုး စိုက်ပျိုးမည်ဟု၎င်းကဆိုသည်။

‘‘ပျက်စီးဆုံးရှုံးမှုက များတဲ့ အတွက် အခုနောက်ပိုင်းမှာ ဌာန ဆိုင်ရာပဲဖြစ်ဖြစ်၊ အပြင်ကပဲဖြစ် ဖြစ် ဘယ်လောက်ထုတ်သွားလဲဆို တာ၊ ဘယ်လောက်ရှင်သန်လဲဆို တာ ဆန်းစစ်တယ်။ ဒါက မနှစ်က ဒီဇင်ဘာကစလုပ်တာ’’ဟု ၎င်းက ပြောသည်။

မိုးရာသီ သစ်ပင်စိုက်ပျိုးမှုကို နေရာအနှံ့အပြားတွင် ပြုလုပ် သော်လည်း အများစုသည် ပျိုးပင် ကို မြေကြီးထဲချ၍ မြေဖို့ကာ ရေ လောင်းရုံဖြင့် စိုက်ပျိုးမှုပြီးစီးပြီဟု ထင်တတ်ပြီး စနစ်တကျ စိုက်ပျိုး နည်းကို သေချာစွာမသိရှိဘဲ စိုက် ပျိုးနေကြောင်း ထိန်းသိမ်းရေးလုပ်ဆောင်နေသူများက ပြောသည်။

ထို့ကြောင့် သစ်ပင်မစိုက်ပျိုးမီ သစ်ပင်တစ်ပင်၏ တန်ဖိုး၊ သစ်ပင်ဂေဟစနစ်၊ သစ်ပင်စိုက်ပျိုးခြင်း နည်းစနစ်စသည်တို့ကို ပညာပေးမှုအရ လုပ်ဆောင်ပြီးမှသာ သစ်ပင်စိုက်ပျိုးခြင်း လုပ်သင့်သည်ဟု မြန်မာအစိမ်းရောင် ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ဒေဝီသန့်စင်က ပြောသည်။

‘‘ပျိုးပင်ကို ကိုင်တာ၊ ပလတ် စတစ်ကိုခွာတာကအစ အလွယ် လုပ်လို့မရဘူး။ မြေဆီမြေလွှာတွေ ပါသွားမယ်။ သူ့မြေဆီမြေလွှာ လေးနဲ့မှ သစ်ပင်ကကြီးထွားနိုင်တာလေ။ အဲဒါတွေကို ပညာပေးပြီးမှ စိုက်တာလုပ်ရမှာ’’ဟု ဒေါ်ဒေဝီသန့်စင်က ပြောသည်။

ပတ်ဝန်းကျင် စိမ်းလန်းစို ပြည်ရေး သစ်ပင်စိုက်ပျိုးနေသည့် စီးတီးမတ်ကုမ္ပဏီ၏ City Love & Hope Foundation က သစ်ပင် စိုက်ပျိုးမှုကို ၂၀၁၁ ကစ၍ ၂၀၁၆ အထိ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး၊ ဒဂုံဆိပ်ကမ်း၊ ရွှေ ပြည်သာ၊ သန်လျင်၊ ကွမ်းခြံကုန်း မြို့နယ် စသည့်နေရာများတွင် အပင်ပေါင်း တစ်သိန်းကျော်ကို FREDA  အသင်းနှင့်ပူးပေါင်း စိုက်ပျိုးခဲ့ကြောင်း ယင်းကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။

စိုက်ပျိုးခဲ့သည့် သစ်ပင်များ ကို FREDA အသင်းက ထိန်းသိမ်း စောင့်ရှောက်နေပြီး အပင်မည်မျှ ရှင်သန်သည်ကို ယခုနှစ် စိုက် ပျိုးချိန်တွင် ထုတ်ပြန်ပေးမည်ဟု ဆိုသည်။

 ကျောက်ပန်းတောင်းနှင့် ပုပ္ပားတောင်ဝန်းကျင်တွင် နှစ်စဉ် သစ်ပင်စိုက်ပျိုးနေသော ဒေသခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အစည်း ပုပ္ပားတောင်ချစ်သူများ အသင်းကလည်း ၂၀၁၃ ကစ၍ ပျိုးပင်များပျိုးကာ ကိုယ်တိုင် စိုက်ပျိုးသကဲ့သို့ ဒေသခံများထံလည်း ဖြန့်ဝေပေးနေရာ နှစ်စဉ်ငါးသောင်း၊ခြောက်သောင်းခန့်အထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း ယင်းအသင်းမှဦးတိုးက ပြောသည်။

အသင်းက စိုက်ပျိုးခဲ့သည့် အပင်များကို တိရစ္ဆာန်များ မဖျက် ဆီးစေရန် ခြံခတ်ခြင်းများ ပြုလုပ် သကဲ့သို့ သေဆုံးသည့်အပင်များ ကိုလည်း အစားထိုးစိုက်ပျိုးနေ၍ အပင်အများစုမှာ ရှင်သန်ကြောင်း ၎င်းကဆိုသည်။

‘‘တချို့ဆို စိုက်ကတည်းက စနစ်မကျဘဲ လွဲနေတာ။ ပျိုးပင်ကို ပလတ်စတစ်အိတ်တောင်မခွာဘဲ စိုက်နေတာတွေရှိတယ်။ ဒီလိုဆိုငွေကုန်၊ အချိန်ကုန်ပြီး အကျိုးရှိမှာ မဟုတ်ဘူး’’ဟု ဦးတိုးကပြောသည်။

သစ်ပင်များစိုက်ပျိုးပြီးပါက အပင်များကို တိရစ္ဆာန်များ  မဖျက် ဆီးနိုင်စေရန် ခြံခတ်ခြင်း၊ ရေ လောင်းပေးခြင်း၊ ရေဝပ်ပါက လည်း မြေဖို့ပေးခြင်း၊ ပေါင်းပင် များရှင်းလင်းပေးခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကြောင်း  ဦးစည်သူလွင်က ပြောသည်။

‘‘မိုးကုန်လို့ နွေရောက်ရင်လည်း တောမီးလောင်လို့သေကုန်ရော။ ဒါကနယ်တချို့မှာဖြစ်တာ’’ဟု ၎င်းက ပြောသည်။

သစ်ပင်တစ်ပင် ပျိုးချိန်ကစ၍ သစ်ပင်တစ်ပင် ရှင်သန်ကြီးထွား ချိန်သည် ငါးနှစ်မှ ၁၀ နှစ်အထိ အချိန်ယူရသဖြင့် စနစ်တကျ စိုက်ပျိုးပြီး  ထိန်းသိမ်းစောင့်ရှောက်မှသာ ရေရှည်တည်တံ့၍ သာယာလှပသော ပတ်ဝန်းကျင်ကောင်းကို နောင်သားစဉ်မြေးဆက် လက်ဆင့်ကမ်း အမွေပေးနိုင်မည်ဖြစ် ပြီး ထိုသို့မဟုတ်ဘဲ စိုက်ပျိုးရုံ စိုက်ပျိုးပြီး ထိန်းသိမ်းမှု မပြုပါက စိုက်သလောက် အကျိုးမရှိဘဲ ငွေကြေးနှင့်အချိန်သာ ကုန်မည်ဖြစ်သည်။ ‘‘အဲဒီတော့ ကောင်းတာက အပင်တွေကို အရေအတွက် အများကြီး မစိုက်ဘဲနဲ့ သစ်ပင်ကို တစ်ထောင် စိုက်မယ်ဆိုပါစို့။ မစိုက်ဘဲနဲ့ တစ်ရာလောက်ကိုပဲ ငါးနှစ်လုံးလုံး ထိန်းသိမ်းစောင့် ရှောက်မယ်။ အချိန်ရရင် လာ ကြည့်ဆိုပြီး အသိစိတ်ဓာတ်လေး ပြောင်းသင့်တယ်’’ဟု ဦးစည်သူ လွင်က ပြောသည်။။

Top News