ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်နှင့်တွေ့ဆုံခြင်း(ဒုတိယပိုင်း)

‘‘ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်၊ လူထုအနေနဲ့ နည်းနည်းစောင့်ကြည့်ပါလို့’’
ဦးသန့်စင်မောင် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တက်လာပြီးနောက် ယခင်အစိုးရလက်ထက်ဖောင်းပွနေသော ၀န်ကြီးဌာနများကို အရေအတွက်လျှော့ချကာ ပြန်လည်ဖွဲ့စည်းခဲ့သော ၀န်ကြီးဌာနများ အနက် ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာနကို လူထုက စိတ်ဝင်တစားရှိခဲ့သည်။

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို ပေါင်းစည်းကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ဒီချုပ်အစိုးရက ပေါင်းစည်းခဲ့သည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု၍ မုံရွာမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ အနိုင်ရခဲ့သော ဦးသန့်စင်မောင်က အရေးကြီးသည့် ၀န်ကြီးဌာနသုံးခုပေါင်းထားသော ၀န်ကြီးတာဝန် ရရှိခဲ့သည်။

ဦးသန့်စင်မောင်သည် မြန်မာ့မီးရထားဌာန ၀န်ထမ်းဟောင်းလည်းဖြစ်သည်။ လုပ်ငန်းနယ်ပယ်ကျယ်ပြန့်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏လုပ်ငန်းများထဲမှ ဆက်သွယ်ရေးကဏ္ဍ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းတွက်ချက်မှုများဌာနတွင် စီမံခန့်ခွဲမှု စသည်တို့နှင့်ပတ်သက်၍ 7 Day News ဂျာနယ်က ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အား တွေ့ဆုံမေးမြန်းထားသည် များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဆက်သွယ်ရေးကဏ္ဍနဲ့ပတ်သက်ပြီး ဆက်လက်မေးမြန်းချင်ပါ တယ်။ အော်ပရေတာသုံးခုက အခုဆိုဈေးကွက်ထဲမှာ လည်ပတ် ပြီး နိုင်ငံရဲ့ လူဦးရေကို လွှမ်းခြုံနိုင် လောက်တဲ့အထိ ဈေးသက်သက်သာသာနဲ့ ရောင်းနေပြီဆိုတော့ တကယ်တမ်း ဆင်းမ်ကတ်ကို အမှန်တကယ် အသုံးပြုနေတဲ့ ရာခိုင် နှုန်းက ဘယ်လောက်ရှိသွားပြီလဲ။

Active ဆင်းမ်ကတ်ပေါင်း ၅၄ သန်းကျော်သွားပြီ။ Active ဆင်းမ်ကတ်ဆိုတာ ရက်ပေါင်း ၉၀ အတွင်းမှာအသုံးပြုတဲ့ ဆင်းမ်ကတ်ကိုခေါ်ပါတယ်။ ၅၄ သန်းဆို တော့ လက်ရှိ လူဦးရေနဲ့တွက် ကြည့်ရင် ရာခိုင်နှုန်းအားဖြင့် ၁၀၀ ကျော်မှာပေါ့။

အော်ပရေတာကုမ္ပဏီသုံးခုအနေနဲ့ ဈေးကွက်ထဲမှာ ဖုန်းပြောဆိုခတွေ ဒီထက်မက သက်သာလာ အောင် လျှော့ချနိုင်ဖို့ ၀န်ကြီးဌာနအနေနဲ့ ဘယ်လိုတိုက်တွန်းမှုတွေ ပြုလုပ်ထားပါသလဲ။

အော်ပရေတာတွေက အမှန်ကတော့ ဈေးက လွတ်လွတ်လပ်လပ်ပြိုင်ဆိုင်နိုင်သွားရင် ရပါပြီ။ လွတ်လွတ်လပ်လပ် လုပ်နိုင်အောင်လည်း လုပ်ပေးထားပါတယ်။  Market Economy ပေါ့။ ဒုတိယအချက်ကတော့ သူတို့တွေရဲ့ ရင်းနှီးမြှုပ်နှံမှုသက်သာလာအောင် ကျွန်တော့်အနေနဲ့ကတော့ ပြောတယ်။ တာဝါတိုင်ဆိုရင် Sharing လုပ်ပါ။ ဖိုက်ဘာဆိုရင်လည်း Sharing လုပ်ပါ။ အားလုံးတစ်ယောက်နဲ့တစ်ယောက်  မျှပြီး သုံးနိုင်ရင် ကောင်းတာပဲလို့ ကျွန်တော်ကတော့ တွန်းအားပေးပါတယ်။ တချို့လည်း တချို့တိုင် တွေမှာ ကုမ္ပဏီတွေက မျှပြီးသုံး နေတာတွေရှိပါတယ်။ ဒါမှလည်း သက်သာနိုင်မယ်ပေါ့။ အဲဒီမှာ လည်း ကုမ္ပဏီတစ်ခုက လျှော့ လိုက်ရင် နောက်တစ်ယောက်က လည်း လျှော့လာမှာပေါ့။ ဒီကြားထဲမှာ ကျွန်တော် အော်ပရေတာသုံးခုကို ၁,၈၀၀ မဂ္ဂါဟတ်သုံးခွင့် ပေးလိုက်ပြီဆိုတော့ 4G တွေဘာ တွေ သူတို့ အချင်းချင်းပြိုင်နိုင်လာမှာပေါ့။ အခု 4G တွေရနေပြီဖြစ် တဲ့အတွက် Digital Transfor- mation တွေ ပိုကောင်းလာမှာ ပေါ့နော်။

မှန်ကန်တဲ့ မိုဘိုင်းဖုန်းအသုံးပြု သူတွေ ပေါ်ပေါက်လာဖို့ ဆင်းမ်ကတ်မှတ်ပုံတင်တာတွေကိုလည်း လုပ်ထားပြီဆိုတော့ မှတ်ပုံလာမ တင်လို့ ဖျက်သိမ်းလိုက်တဲ့ ဆင်းမ် ကတ်တွေရဲ့ ပမာဏကိုလည်း ပြောပြပေးပါဦး။

ဖျက်သိမ်းလိုက်တဲ့ အရေအ တွက်ကတော့ အများကြီးပဲ။ ၈ ဒသမ ၉ သန်းလောက်ရှိတယ်။ MPT က အများဆုံးဖျက်သိမ်းလိုက် တယ်။ MPT က မှတ်ပုံတင်ထား တာ ၂၃ သန်း၊ ရောင်းထားတာက ၂၈ သန်းလောက်ရှိတာကိုး။ ဒါ့ ကြောင့် လေးသန်းလောက်က ပိတ်သိမ်းလိုက်ရတယ်။ တယ်လီ နောကလည်း ၃ ဒသမ ၆ သန်း ပိတ်သိမ်းလိုက်တယ်။ အူရီးဒူးက လည်း တစ်သန်းနီးပါး ပိတ်လိုက်ရ တယ်။ မှတ်ပုံတင်ပြီးတာ ၈၄ ဒသမ ၇၈ ရာခိုင်နှုန်းလောက် အားလုံးမှတ်ပုံတင်ပြီးပြီဖြစ်တယ်။

တစ်ဆက်တည်းမှာပဲ ဆက်သွယ် ရေးဂြိုဟ်တုကိစ္စတွေနဲ့ပတ်သက် ပြီး မေးမြန်းချင်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ ၂၀၁၆ က ပြီးသွားတဲ့ Myanmar Sat 1 ကို ဘယ်ကဏ္ဍတွေမှာ အသုံးပြုနေပါပြီလဲ။ ၂၀၁၉ မှာ လွှတ်တင်မယ့် ဂြိုဟ်တု Myanmar Sat 2 ကိုကော ဘယ် ကဏ္ဍတွေမှာ အသုံးပြုသွားဖို့ရှိပါသလဲ။

အမှန်ကတော့ ကွန်ဒိုဆက် (CONDOSAT)လို့ခေါ်တယ်။ တိုက်ကြီးထဲကနေပြီးတော့ အခန်း ကလေးငှားတာကို ကွန်ဒိုလို့ခေါ် တယ်။ Myanmar Sat သည် အဲဒီဂြိုဟ်တုထဲက အပိုင်းလေး တစ်ပိုင်းကို လိုအပ်တဲ့ကုမ္ပဏီ တွေကို တစ်ဆင့်ပြန်ငှားတာ၊ ဒေါ် လာ ၁,၂၅၀ လောက်နဲ့ ငှားတယ်။ ဒီလိုဆိုရင် ကျန်တဲ့ဟာတွေရော ပေါ့နော်။ Offshore တွေ၊ Sky Net တို့၊ MRTV စသဖြင့်ပေါ့။ သူများဂြိုဟ်တုတွေကို ငှားတဲ့အခါ မှာ တချို့ Offshore တွေဆို အ ချိန်ကာလလေးက နည်းတော့ 1 မက်ကို သုံးထောင်၊ လေးထောင် ပေးရတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဆက်သွယ်ရေးဂြိုဟ်တုကို သုံးနေ ကြတဲ့   ပုဂ္ဂလိကအဖွဲ့အစည်းတွေ နဲ့ အစိုးရအဖွဲ့အစည်းတွေရော အားလုံးကို ဈေးသက်သာအောင် ကျွန်တော်ရည်ရွယ်ချက်နဲ့ လုပ် တာပါ။ ကျွန်တော်တို့ အဓိက ငှား ချင်တာတော့ MRTV တို့၊ Sky Net တို့ကို ငှားချင်တာ။ သူတို့က လည်း ငှားထားတဲ့ ဂြိုဟ်တုတွေနဲ့ စာချုပ်ချုပ်ပြီးသားတွေ စာချုပ် တွေက ၂၀၁၈ ကျော်လောက်မှ ပြည့်ကြမှာပေါ့ဗျာ။ စာချုပ်ကတိ က၀တ်တွေကရှိပြီးသားဆိုတော့ ဆက်လုပ်ပေါ့။ နောက်ပိုင်းကျရင် တော့ အသုံးပြုတဲ့ ပြည်သူလူထုက သက်သာဖို့လိုတယ်။ ဒါကြောင့် ကျွန်တော်တို့နဲ့ လုပ်ရအောင်ဆိုပြီး ပြောတာတွေရှိတယ်။ အမေရိကန် ဂြိုဟ်တု Intelsat ဘက်ကလည်း ငါတို့ဂြိုဟ်တုတင်မယ်။ ၁၅ နှစ် ငှားမယ်။ Myanmar Sat ဆိုပြီး တော့ မြန်မာအတွက်ပဲ တင်လိုက် မယ်ဆိုရင် အဲဒီကုန်ကျစရိတ်ထဲ ကို ထည့်ပါလားဆိုပြီးဆိုတယ်။ သူတို့ဘက်က အဲဒါကျတော့ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းလောက်ကျမယ်။ အဲဒီမှာ ကျွန်တော်တို့ရမယ့် Bandwidth အရေအတွက်ကို တွက်လိုက်ပြီး တော့ ကျွန်တော်တို့သာ အားလုံး အသုံးပြုနိုင်ခဲ့ရင် ရှစ်နှစ်နဲ့ အရင်း ကျေမယ်။ ဒါကြောင့် နောက်ထပ် ခုနစ်နှစ်က တိုင်းပြည်အတွက် အ ကျိုးရှိမယ်။ ကျွန်တော်တို့ကလည်း သူတို့ကို ထပ်ပေးစရာမလိုတော့ ဘူး။ ဒါတွေကို လုပ်နေပြီ။ ရုပ်မြင် သံကြားနဲ့ဆက်သွယ်ရေးနဲ့ နှစ်ခု လိုမှာဖြစ်တဲ့အတွက် မြန်မာဂြိုဟ် တုလွှတ်တင်ရေးဆိုပြီး ဒုသမ္မတ ၁ ဦးဆောင်ပြီး လုပ်နေပါတယ်။  ကိုယ့်ဘာသာကိုယ် လွှတ်တင် မယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ လောက်ကုန်မယ်။ ဂြိုဟ်တုစခန်းကြီး ဆောက်ရမယ်။ ဂြိုဟ်တုလွှတ်တင်တဲ့ဟာ ထည့်ရ မယ်။ အခုလို ကွန်ဒိုတိုက်ခန်းလိုငှားတဲ့ပုံစံဆိုရင်တော့ 1 မက် (၁ မဂ္ဂါဘိုက်)ကို ၉၅၀ ပေးနေရမှာ ပေါ့။ လွှတ်တင်တဲ့အခါကျတော့ ဂြိုဟ်တုအမည်ပေါက်ရသွားတာ ပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့အနေအ ထားနဲ့ကျတော့ လွှတ်တင်တဲ့အထဲ ကို စရိတ်ထည့်လိုက်တာက ကိုက် မယ်ဆိုပြီးစဉ်းစားနေတာပေါ့။ ကျွန်တော်တို့ ကော်မတီကတော့ သုံးနည်းထဲက တစ်နည်းကို လုပ် မယ်ဆိုပြီး စဉ်းစားလိုက်တာ အ ကြမ်းဖျင်း ဂြိုဟ်တုသက်တမ်း ၁၅ နှစ်ဆိုရင် ရှစ်နှစ်လောက်မှာ အ ရင်းကျေမယ်။ ခုနစ်လောက်အခမဲ့ သုံးရမယ်ဆိုတော့ ဒီနည်းကိုစဉ်း စားတာပါ။ တိုင်းပြည်အတွက် ကောင်းမယ်ထင်လို့ လုပ်မှာပါ။ ဒါပေမဲ့ ပိုက်ဆံချေတဲ့ နည်းလမ်း ကျတော့ လုံးခနဲမပေးနိုင်ဘူးလေ။ ညှိရဦးမှာပေါ့။ ကျွန်တော်တို့မှာ ဘတ်ဂျက်အခြေအနေကလည်း ရှိ သေးတယ်။ သုံးချင်တိုင်းသုံးလို့မရ ဘူး။ လုပ်သင့်လုပ်ထိုက်တာ၊ သက်သာရာသက်သာကြောင်းကို ကျွန်တော်တို့လုပ်မှာပါ။ လွှတ် တော်ရဲ့ခွင့်ပြုချက်လည်း တောင်း ရမယ်။

တရားစွဲဆိုမှုတွေမကြာခဏဖြစ် နေတဲ့ ဆက်သွယ်ရေးဥပဒေထဲမှာ ပါဝင်တဲ့ ၆၆ (ဃ) နဲ့ပတ်သက်ပြီး တော့ကော ဝန်ကြီးတို့ဌာနအနေနဲ့ ပြင်ဆင်နိုင်ဖို့အတွက် အစိုးရနဲ့ လွှတ်တော်ကို တင်ပြထားတာ တွေ ရှိပါသလား။

လုံခြုံရေးနဲ့တည်ငြိမ်အေး ချမ်းသာယာရေးကော်မတီ တင် မယ်။ ပြီးရင် အစိုးရအဖွဲ့ကို တင် မယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးကနေပြီးတော့ လွှတ်တော်ကို တင်မယ်။ ပြီးရင် အတည်ပြုချက် ယူရမှာပါ။ ဆက်သွယ်ရေးဥပဒေမှာ အဓိကအားနည်းချက် အရှိဆုံးကတော့ အာမခံမပေးတဲ့ကိစ္စပေါ့။ အဲဒါကလည်း ပြစ်ဒဏ်က သုံးနှစ်ကျော်လို့လို့ဆိုပါတယ်။ အာမခံပေးနိုင်ပါတယ်ဆိုတာ ထည့်ဖို့ရာစဉ်းစားထားပါတယ်။ နောက်တစ်ချက်က ကိုယ်တိုင်တရားစွဲတာ(သို့မဟုတ်)  ကိုယ်ကရွေးထားတဲ့ရှေ့နေ (သို့မဟုတ်) တာဝန်ပေးစေခိုင်းတဲ့ ဒီလူက၊ အဓိပ္ပာယ်က သူကိုယ်တိုင် စွဲဆိုတဲ့ဟာမျိုးကိုပဲ လက်ခံသင့်တယ်ပေါ့။ ကြားထဲကလူက ဝင်စွဲတာမျိုး လက်မခံသင့်ဘူးလို့ထင်ပါတယ်။

ဆက်သွယ်ရေးဥပဒေသည် တကယ်တမ်းကျတော့ ဆက်သွယ် ရေးအော်ပရေတာအတွက် ရေးဆွဲ ထားတဲ့ဥပဒေဖြစ်ပါတယ်။ ၆၆ (ဃ) လိုဟာမျိုးက ထိုင်းမှာလည်းရှိ တယ်။ အိန္ဒိယမှာလည်းရှိတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်းရှိတယ်။ တခြား အိမ်နီးချင်းနိုင်ငံတွေမှာ လည်းရှိတယ်။ နိုင်ငံတွေနဲ့ညှိနှိုင်း ဆက်စပ်ပြီး အရင်ရေးဆွဲခဲ့တဲ့ သူတွေက ရေးဆွဲခဲ့တာပါပဲ။ ကျွန်တော့်အမြင်အရတော့ အခုဖေ့စ် ဘွတ်ခ်မှာရုန့်ရင်းကြမ်းတမ်းတာ တွေ၊ ဆဲတာဆိုတာတွေ ပါနေတယ် ပေါ့။

အခုဖြစ်နေတဲ့အမှုတွေထဲမှာ စာနယ်ဇင်းတို့၊ မီဒီယာတို့က တော် တော်နည်းပါတယ်။  စာနယ်ဇင်းမီဒီယာက နှစ်မှု၊သုံးမှုလောက်ပဲရှိပါ တယ်။ ကျွန်တော်ဆိုလိုတာက တ ရားသေတော့ မဟုတ်ပါဘူး။ စဉ်း စားစရာပေါ့နော်။ ကျွန်တော့်ဘက် ကတော့ ဥပမာဗျာ သန့်စင်မောင် ကွာ တာဝန်မသိဘူးလို့ ရေးတဲ့လူ လည်းရှိတာပဲ။ ကျွန်တော်ကတော့ ရယ်နေလိုက်တာပါပဲ။ သူပြောတာ ကျွန်တော်လည်း မှန်ချင်မှန်မှာပေါ့။ အဲဒီလိုလုပ်နေတဲ့ သူလည်း ရှိဖို့လိုတာလေ။ ဒါမှကျွန် တော့်ကိုယ်ကျွန်တော် ဆင်ခြင်နိုင်မှာလေ။ ကျွန်တော်လုံးဝဥဿုံပြည့်စုံနေတာမှမဟုတ်တာ။ ကျွန်တော့်ကိုကြိုက်သလိုပြော၊ ကြိုက်သလိုဆဲ။ ကျွန်တော်အကောင်းပြောတာပါ။ ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌကရော၊ အတိုင်ပင်ခံကရော သူဆိုသိတောင်မသိဘူး။ သိလည်းမသိချင်ဘူး။ ဒီလိုနေနေတာပဲ။ ဒါဟာတိုက်မှာ ခိုက်မှာပဲ၊ ပြောမှဆိုမှာပဲဆိုပြီးနားလည်ရမှာပေါ့။ အားလုံးရင့်ကျက်ဖို့တော့လိုတာပေါ့။ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီကရင့်ကျက်ပြီလား၊ ကျွန်တ်ာတို့ကကောရင့်ကျက်ပြီလား၊ မီဒီယာတွေကကော ရင့်ကျက်ပြီလား။ မီဒီယာတွေကို ကျွန်တော်မစော်ကားရဲပါဘူး။ အားလုံးကိုပြောချင်တာပေါ့နော်။ အားလုံးဟာပြုပြင်ကြရဦးမှာပေါ့နော်။ ကြိုးစားကြရဦးမှာပါ။ ကျွန်တော်တို့မှာ အကုန်လိုအပ်နေတာလေ။ အစိုးရအဖွဲ့အစည်းမှာလည်း လိုနေတာပဲလေ။ အင်စတီကျူးရှင်းတွေက ပြင်ရဦးမှာ။ ဟိုတစ်နေ့ကလည်း လွှတ်တော်ထဲမှာ ကျွန်တော့်ကို ပြောလိုက်ကြတာ ရေကြောင်းက မကောင်းဘူး၊ ဟိုဟာကမကောင်းဘူး၊ ဒီဟာကမကောင်းဘူး။ အကုန်လုံး ပျက်နေတာပဲလေ။ ရှိသမျှအကုန်လုံးကို ကျွန်တော်မလုပ်နိုင်ဘူးလေ။ ပြင်စရာပေါင်း၊ လုပ်စရာ ပေါင်း သောင်းခြောက်ထောင်နဲ့ ဒါ ကြောင့် အဲဒီလိုသွားဖို့ နားလည်ပေး ကြဖို့လိုတာပေါ့လေ။

တရားစွဲဆိုတာတွေကိုလေ့ လာကြည့်သလောက်တော့ ပုဂ္ဂိုလ် ရေးကများတယ်။ တရားစွဲတာ၊အ ဖွဲ့အစည်းတွေကိုထိခိုက်တာ ၂၆ မှုရှိတယ်။ ၂၆ မှုထဲမှာ ကိုယ်စား တွေများတယ်။ ၁၉ ဦးရှိတယ်။ ဖေ့စ်ဘွတ်ခ်သုံးတဲ့လူက သန်း ၃၀ နဲ့ ၃၅ သန်းရှိတယ်။ အဲဒီလူတွေ အားလုံးရိုင်းစိုင်းနေကြတာမဟုတ်ဘူး။ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြတာ မဟုတ်ဘူး။ ၁၅ လအတွင်းမှာ အမှုက ၁၄၀ ကျော်ရှိတယ်။ ခုနကအချက်တွေ ပြင်လိုက်ရင်ကို ကောင်းပြီလို့ ယုံကြည်တယ်။

ကျွန်တော်တို့ နိုင်ငံက သဘာဝ ဘေးဒဏ်ခံနေရပြီး ခြိမ်းခြောက်မှု တွေလည်း ရင်ဆိုင်နေရတဲ့ နိုင်ငံပါ။ ဒီလိုအခြေအနေမှာ မိုးလေ၀သသတင်းတွေ ထုတ်ပြန်ပေးနေတဲ့ မိုးလေ၀သနဲ့ ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက အရေးပါတဲ့ဌာနဖြစ်နေပါတယ်။ ဒီလိုအရေးပါတဲ့ဌာနကို ၀န်ကြီးလက်ထက်မှာ ဘယ်လို ကိုင်တွယ်ဆောင်ရွက် နေပါသလဲ။

မိုးလေ၀သဆိုတာ ခန့်မှန်းရတာ။ ဖြစ်နိုင်စွမ်းတွေကို တွက်ချက်ရတာ။ ဒါကြောင့် ခန့်မှန်းတာ တွေကို ပိုပြီးတော့ တိကျအောင် လုပ်ရမယ်ဆိုတာကို ပြောတယ်။ ခန့်မှန်းမှု၊တွက်ချက်မှုတွေကို ပိုပြီး တော့ တက်လာအောင် နိုင်ငံတ ကာအဖွဲ့အစည်းတွေနဲ့လည်း အ မြဲတမ်း ကမ္ဘာ့မိုးလေ၀သအဖွဲ့ချုပ် အပါအ၀င် ဒေသဆိုင်ရာ အဖွဲ့အ စည်းတွေရောပေါ့။ တောက် လျှောက် သတင်းတွေ အမြဲတမ်းပို့ ပေးတယ်။ အခုဆိုရင် တစ်နေ့ကို ငါးကြိမ်လောက် လူထုဆီကို ရုပ် မြင်သံကြားကနေ ကြေညာနိုင် အောင်လည်းလုပ်တယ်။ Website ကနေလည်း လွှင့်တယ်။ SMS လည်းပို့တယ်။ ကိုယ့်ဘက်ကလုပ် လို့ရသမျှအကုန်လုပ်တယ်။ အစိုးရအဖွဲ့တွေဆီလည်း တောက် လျှောက်ပို့တယ်။ နောက်တစ်ခုက ဂျပန်အစိုးရဆီကနေ ရေဒါသုံးခု ရတယ်။ အဲဒီသုံးခုသာ ပြီးသွားရင် တစ်ပြည်လုံးကို ခြုံနိုင်သွားမှာ။ ကျောက်ဖြူနဲ့ ရန်ကုန်မှာက ရေဒါ နှစ်ခုရပြီဗျာ။ ဒီနှစ်ထဲမှာ မန္တလေး ရမယ်။ နောက်တစ်ခါ အလိုအ လျောက် မိုးလေ၀သသတိပေး စခန်း ၄၇ စခန်းရှိတယ်။ ဒီနှစ်ထဲ မှာ စခန်း ၉၀ ရမယ်။ ဇလဗေဒ တိုင်းတာတဲ့စခန်းက ၁၀ ခု။ အဲဒါ တွေ ဒီနှစ်ထဲရသလောက် လုပ်နေ တယ်။ ပြည်သူလူထုဆီ အမြန် ဆုံးသတင်းပို့တဲ့အပိုင်းတွေကို မြန် အောင် လုပ်နေပါတယ်။ ဒေသ ဆိုင်ရာအဖွဲ့အစည်းတွေကနေ ပေးတဲ့သင်တန်းတွေလည်း မကြာ ခဏ တက်ရောက်နေပါတယ်။ လုပ်ရမှာတွေတော့ အများကြီးပါ။ စခန်းတွေ တိုးချဲ့တာတို့၊ စက်တွေ တိုးချဲ့တပ်ဆင်တာတော့ အစွမ်း ကုန်လုပ်ရမှာပါ။

အစိုးရသစ်လက်ထက်မှာ မိုးလေ၀သသတင်းထုတ်ပြန်မှုတွေ ပိုအ သေးစိတ်လာပြီး နေ့စဉ် အကြိမ် အရေအတွက်လည်း အရင်က ထက် ပိုထုတ်လာတာတွေ့ရပါ တယ်။ မိုးလေ၀သသတင်းတွေ မေးမြန်းတဲ့အခါ မိုးဇလဌာနကလည်း သေချာလေးရှင်းလင်းပြ တာမျိုးတွေ ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့ လူထုအနေနဲ့က မိုး လေ၀သသတင်းတွေကို ဒီထက် နားလည်ရလွယ်အောင်၊ ရှင်း အောင်ထုတ်ပြန်ပေးဖို့ မျှော်လင့် နေကြပါတယ်။ ထူးခြားဖြစ်စဉ် တွေမှာတော့ အသေးစိတ်ထုတ် ပြန်ပါတယ်။ နေ့စဉ်သတင်းတွေ မှာတော့ အသေးစိတ်မပါဘူးလို့ ဆိုကြပါတယ်။ နောက်ပြီး မုန် တိုင်းဖြစ်နေချိန်မှာ သတိပေးချက် ထုတ်ပြန်တဲ့ အရောင်တွေကို လူ ထုအနေနဲ့ မနီးစပ်သေးဘူးပေါ့။ ဒါကြောင့်နေ့စဉ် သတင်းတွေမှာ ဒီထက်ရှင်းရှင်းလင်းလင်းနဲ့ အ လွယ်တကူနားလည်အောင် ထုတ် ပြန်နိုင်ဖို့ စီစဉ်ထားတာမျိုး ဆောင် ရွက်ထားတာရှိသလား။

အခုလို ပြောမှပဲ ပိုပြီးတော့ လုပ်ရမယ်လို့ တွေးလိုက်တယ်။ ကျေးဇူးတင်ပါတယ်။ သတင်းတွေကို ပြောတာဆိုတာကအစ သေ သေချာချာ တိတိကျကျ ပြောနိုင်ဆိုနိုင်ဖို့ ပြောထားတယ်။ ရေတွေ တက်လာမယ်။ ပြင်ထားပါဆိုရင် တော့ လူတွေက သိမယ်ထင်တယ်။ စိုးရိမ်ရေမှတ်ကို ဘယ် တော့လောက် ရောက်နိုင်တယ်။ လှေသမ္ဗန်တွေ သတိထားပါ။ မြစ်နား ချောင်းနားနေသူတွေ ဒါအ တွက် ကြိုတင်ပြင်ဆင်ထားပါ၊ သတိထားပါဆိုရင်တော့ ဒေသခံ တွေ သိမယ်ထင်တယ်။ ဒီထက် အသေးစိတ်ကိုတော့ ဘယ်လို သတိပေးသင့်လဲပေါ့။ ဒါကို ဘယ်လိုပြောသင့်လဲဆိုတာ မိုးလေ၀သ ဌာနနဲ့ ကျွန်တော် မေးကြည့်ပါ မယ်။ ဘယ်လိုသတိပေးသင့်လဲ ပေါ့။ အရေးကြီးတာက သတင်းထုတ်ပြန်မှု မှန်ဖို့ပေါ့။ ကြံ့မုန်တိုင်း (ဘင်္ဂလားပင်လယ်အော်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာက ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမုန် တိုင်း)မှာ ဘင်္ဂလားဘက်ကိုမကွေ့ သေးဘူး။ အကြာကြီးပဲ ငြိမ်နေတာ။ ကွေ့မှာကို ဂြိုဟ်တုနှစ်ခု၊ သုံးခုက ပြောပြီးသား။ ဒါပေမဲ့ သဘာဝဆိုတာ အင်မတန် ကြောက်စရာကောင်းတာ။ ကွေ့ ပြီဆိုမှ ပြောရဲတာ။ ကွေ့သွားမှာ ပါလို့ ပြောလိုက်ပြီးမှ မကွေ့ခဲ့ရင် ပြဿနာရှိတယ်။ ဒါကြောင့် ကျွန် တော်က ဒီဟာ (မုန်တိုင်းသတိပေး ချက်)ကို ချက်ချင်း ရုပ်မပစ်ဘူး။ အမှန်ပြောရင် risk ရှိတယ်။ သတိက လိုတယ်၊ ပိုတယ်လို့ မရှိဘူး။ သတိကို ထားစေချင်ပါတယ်။ အဲဒီတုန်းက လူတွေ ရွှေ့လိုက်တယ်။ ရွှေ့တဲ့စရိတ်တွေ ကုန်တာနဲ့ လူတွေပင်ပန်းတာရှိခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်တိုက်လေ့ကျင့်သလို ဖြစ်ခဲ့ပါတယ်။

မိုးဇလဌာနကနေ အငြိမ်းစားယူ သွားခဲ့ပြီး မိုးလေ၀သပညာရှင်အ နေနဲ့ ရာသီဥတုသတင်းတွေထုတ်ပြန်ပေးနေတဲ့ ဒေါက်တာထွန်းလွင်က ဒီဘက်ခေတ်မှာရာသီဥတုသတင်းတွေနဲ့ ပတ်သက်လာလို့ရှိရင် မိုးဇလဌာနထက် လူထုရဲ့ အသိအမှတ်ပြုခြင်းခံရပါတယ်။ အသေးစိတ်ကျတဲ့ ခန့်မှန်းချက်တွေကိုလည်း သာမန်လူတွေတောသူ၊ တောင်သားတွေ နားလည်အောင် သတင်းတွေထုတ်ပြန်ပေးနေတာ တွေ့နေရပါတယ်။ရာသီဥတုသတင်းဆိုတာ ခန့်မှန်းတွက်ချက် ထုတ်ပြန်ရတာဖြစ်ပေမယ့် အနီးစပ်ဆုံး တိကျဖို့လိုအပ်တဲ့အခါကျတော့ အစိုးရဌာနနဲ့ ပညာရှင်ပူးပေါင်းဆောင်ရွက်တာမျိုး လိုအပ်တယ်လို့ထင်ပါသလား။ ၀န်ကြီးရဲ့ ပုဂ္ဂလအမြင်ကို သိပါရစေ။

မပူးပေါင်းနိုင်စရာတော့ ဘာ မှမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ကတော့ ဆရာဦးထွန်းလွင်ကူပေး နေတယ်လို့ ယူဆတယ်လေ။ သ တင်းတွေမှာ နိုင်ငံတကာက သ တင်းတွေ၊ ဂြိုဟ်တုက သတင်း တွေကို အခြေပြုပြီး တည်ဆောက် ရတာလေ။ ကျွန်တော်တို့မှာ မိုး လေ၀သစခန်းကပေးပို့တဲ့ သတင်း တွေမှာ တိုင်းတာတွက်ချက်မှုတွေ လည်းရှိတာပဲ။ အခုလောလော ဆယ်မှာ တော်တော်များများ အ မှားနည်းအောင် လုပ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် တို့ဆီက လူတွေကို ဆုံးမတာ၊သင် တာပေးတာ အားလုံးကတော့ ကြို ဆိုပါတယ်။ သင်တန်းတွေလည်း ဖိတ်ပါတယ်။ နေ့စဉ် တိုင်းတာရ တဲ့ သတင်းအချက်အလက်တွေကို ကျွန်တော်တို့ကလည်း ဆရာ့ဆီ ပေးပါတယ်။ ဆရာကလည်း ပေး တာရှိပါတယ်။ ခွဲခြားပြီးတော့ လုပ်နေတာတော့ မဟုတ်ဘူး။ သင်တန်းလည်းလာပေးတယ်။ ဆရာ့ကို ပုဂ္ဂိုလ်ရေးအရလည်း လေးစားပါတယ်။ ဆရာဦးထွန်း လွင်ကတော့ အင်မတန်ကျွမ်းကျင် ပညာရှင်ကြီးပါ။ ဒါကြောင့် ကျွန် တော့်လူတွေကိုလည်း အားပေးရ တယ်။ ဆရာဦးထွန်းလွင်လို ပိုပြီး စေ့စေ့စပ်စပ်လုပ်ဖို့။ ဆရာဦးထွန်း လွင်ဆီက နမူနာယူရမှာပါ။

ဝန်ကြီးရဲ့လူနေမှုဘဝနဲ့ဆက်စပ် တာလေး မေးချင်ပါတယ်။ ဝန်ကြီး အနေနဲ့ကော ဒီရက်ပိုင်း ဘာစာ အုပ်တွေ ဖတ်ဖြစ်နေပါသလဲ ခင်ဗျ။

ဖတ်စရာတွေကတော့အများ ကြီးပေါ့။ လောလောဆယ်နည်း နည်းလေး ပင်ပန်းတာများတော့ Dhamma Everywhere ဆိုတာ ဖတ်တယ်။ ဒုတိယအကြိမ်ထပ် ဖတ်ဖြစ်တယ်။ ဟိုတစ်လောက တော့ ကိုမင်းဇင်ထုတ်တဲ့ Myanmar Quarterly ဆိုတာ ဖတ်တယ်။

ဝန်ကြီးကမီးရထားဌာနမှာလည်း ဝန်ထမ်းအနေနဲ့ တာဝန်ထမ်း ဆောင်ခဲ့ဖူးသလို ဒီဘက်အရပ်သား အစိုးရလက်ထက်မှာ အစိုးရအဖွဲ့ ဝန်ကြီးအနေနဲ့ တာဝန်ယူထားရ တယ်။ ခုနကပြောသွားတဲ့အထဲ မှာလည်း လုပ်ငန်းပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေပါ တော့လေ၊ ဟိုဘက်ကာလမှာ ဝန် ထမ်းဘဝနဲ့ နေခဲ့ရတဲ့အနေအထား နဲ့ အခုလိုဝန်ကြီးနေရာမှာနေရတဲ့ အနေအထားမှာ ဘယ်လိုအခက် အခဲအပြောင်းအလဲတွေရှိလဲ။

အင်း (စဉ်းစားလျက်) အမှန် ပြောရရင်တော့ ကျွန်တော့်ကို တာဝန်ပေးခဲ့စဉ်က ပေါ်လစီပိုင်းကိုပဲ ကိုင်ရမှာပဲပေါ့။ မူဝါဒပိုင်းကိုပဲ ကိုင်ရမှာလို့ တော်တော်များများ ကတွက်ကြတယ်ပေါ့။ တကယ်တမ်းကျွန်တော်မူဝါဒလောက်ပဲ ကိုင်ရရင်ဌာန ၁၈ ခု၊ ဝန်ကြီးဌာနသုံး ခုပေါင်းကိုင်ရတာ ဘာမှ ပြဿနာမရှိဘူး။ ဒါပေမဲ့ အင်စတီကျူးရှင်း တွေရဲ့ အားနည်းချက်ကြောင့် ကျွန်တော်က တချို့ဟာလေးတွေ ဝင်ပါရတဲ့ အဖြစ်မျိုးတွေ ရောက်သွားတာပေါ့။ အမှန်ကတော့ မူဝါဒနဲ့ စီမံကိန်းအကြီးတွေကိုပဲ အပေါ်က နေ ကွပ်ကဲနေခဲ့ရင် Decision Making ပဲလုပ်နေရရင်၊ Policy Design ပဲဆွဲနေရရင် ကျွန်တော်ဒီ လောက်မပင်ပန်းဘူးပေါ့။ အခုက တော့ အသေးစိတ်တွေအထိ ထဲထဲဝင်ဝင်ပါနေရတာပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း မကျေနပ်ပါဘူး။ အောက်ကတပည့်တွေကို အ ပြစ်တင်တာမဟုတ်ပါဘူး။ သူတို့လည်းပဲ အခြေအနေအရ သူ့တာ ဝန်သူထမ်းဆောင်လာကြရတာပဲ။  ကျွန်တော်ဘယ်သူမှ အပြစ်မ တင်ပါဘူး။ အပြစ်တင်လို့လည်းမဖြစ်ပါဘူး။ ဒါတွေကကျွန်တော့်ရဲ့ အင်အားတွေပါပဲ။ အဲဒီအင်အား တွေကို ကျွန်တော်ကစုနိုင်အောင် ကြိုးစားရမှာပါ။ အသုံးချနိုင်အောင် ကြိုးစားရမှာပါ။ မအောင်မြင်ရင် ကျွန်တော့်အပြစ်ပဲပေါ့။ သူတို့နဲ့မဆိုင်ဘူး။ ကျွန်တော်တော့ အဲဒီအတိုင်းပဲခံစားရပါတယ်။ ကောင်းလာတဲ့ အချက်လေးတွေကတော့ ကျွန်တော်က သူတို့ကို အမြဲတမ်းလွတ်လွတ်လပ်လပ်ပဲထားတယ်။ ပေါ့ပေါ့ပါးပါးပဲထားတယ်။ ကျွန် တော်က သူတို့ကိုဘာဒုက္ခမှလည်း ပေးစရာမရှိဘူး။ သူတို့ကိုအကုန်လုံး မျှမျှတတပဲ ဆက်ဆံတယ်။ သူတို့ကလည်း ကျွန်တော့်ကိုကြိုက် တာပြောလို့ရတယ်။ သူတို့ကြိုက်တာလွတ်လွတ်လပ်လပ်တင်ပြလို့ ရတယ်။ အချင်းချင်းလည်း ကျွန်တော်အငြင်းခိုင်းတယ်။ ကျွန်တော့်မီးရထားအစည်းအဝေးဆို တစ် ယောက်နဲ့တစ်ယောက်ငြင်းနေကြတာပဲ။ အရင်တုန်းကတော့ သူတို့ အိုင်ဒီယာတွေ ထွက်မလာဘူး။ အခုတော့ အိုင်ဒီယာစုစည်းမှုတွေ၊ သဘောထားစုစည်းမှုတွေ တဖြည်း ဖြည်းနဲ့ဖြစ်လာတော့ မှန်တာလေး တွေ တည့်လာတာပေါ့။ ကျန်တဲ့ အဖွဲ့အစည်းတွေလည်း အဲဒီအတိုင်း ဖြစ်လာရင် အဲဒီကျမှအမှန်က ထွက်လာမှာ။ အဲဒီကျမှ သူတို့အ ကြံဉာဏ်တွေ၊ သဘောထားတွေစု စည်းလာနိုင်ပြီးမှ အဲဒီတော့မှ ကောင်းမှာ။ တော်တော်များများကိုတော့ ကျွန်တော်စုစည်းနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည် တိုးတက်ဖို့အတွက်ကော ဘယ်လို တွေဆောင်ရွက်ခဲ့ပါသလဲ။

ကျွန်တော်ကသူတို့ကို ဒုက္ခ မပေးရင်ကို တော်တော်သက်သာ နေပြီ (ရယ်လျက်)။ ကျွန်တော်က သူတို့အတွက် ဝန်ထုပ်ဝန်ပိုးမ ဟုတ်ဘူး။ ကျွန်တော်ကသူတို့ကို စောင့်ရှောက်နေတဲ့သူလို့ သူတို့သိ ဖို့လိုတယ်။ ကျွန်တော့်ကို ကြောက်နေစရာအကြောင်းမရှိဘူး။ မ ကြောက်ရတာလေးတစ်ချက် တည်းနဲ့တင် တော်တော်သက်သာ ပါတယ်။ သူတို့တာဝန်ကို ပိုပြီးသိ အောင်၊ သူတို့ရဲ့ Personal Management တို့ Time Management တို့ သူတို့လုပ်တတ်လာရင်။ နောက်ပြီးသူတို့ရဲ့စိတ်ထားပေါ့။ ဝန်ထမ်းတွေထားရမယ့် စိတ်ထား ကို ကျွန်တော်ခဏခဏပြော တယ်။ ငါပင်ပန်းနေပြီလို့ ထင်ရင် တော့ မှားပြီလေ။ ငါတို့အနစ်နာခံ ရမှာ။ ငါတို့ကတကယ့်ခေတ်ကာ လကြီးကို ရောက်နေတာ။ ဆန်နေ ရတာပေါ့။ ပင်ပန်းမယ်၊ အနစ်နာခံ ရမယ်လို့သိရမှာ။ ကျွန်တော်တို့ အားလုံးသာ အဲဒီလိုအသိရှိနေရင် ကျော်လွှားနိုင်ရမယ်။

ဝန်ကြီးအနေနဲ့ ဘာများဖြည့်စွက် ပြောဖို့ရှိပါသေးလဲ ခင်ဗျ။

ကျွန်တော်တို့အစွမ်းကုန် ကြိုးစားနေပါတယ်။ လူထုအနေနဲ့ နည်းနည်း စောင့်ကြည့်ပါလို့။ မကောင်းဘူးထင်ရင်လည်း ပြောသာပြောကြပါ။ ကြိုးစားနေတဲ့အကြောင်းလည်း နည်းနည်းနားလည်စေချင်တာပါ။ ခက်တဲ့အကြောင်းလည်း နားလည်စေချင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Top News