ဆီရမ်ရိ(ပ်)နှင့် ရန်ကုန် တိုက်ရိုက် လေကြောင်းလိုင်း ပျံသန်းရေးဆွေးနွေး

ပုဂံနှင့် အန်ကောဝပ်တို့ကို ကမ္ဘောဒီးယား-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ ခရီးစဉ်တစ်ခုတည်းအဖြစ် ဆောင်ရွက်ရန် အန်ကောဝပ်ဘုရား ကျောင်းတည်ရှိရာ ဆီရမ်ရိ(ပ်)မြို့နှင့် ရန်ကုန်မြို့သို့ လေကြောင်း လိုင်း တိုက်ရိုက်ပျံသန်းရေး ဆွေး နွေးနေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။

‘‘ပုဂံနဲ့ အန်ကောဝပ်ကို ခရီးစဉ်တစ်ခုတည်းအဖြစ် လေကြောင်းလိုင်းတွေ တိုက်ရိုက်ပျံသန်းဖို့အတွက် ဆွေးနွေးတဲ့အခါမှာ ပုဂံလေဆိပ်က နိုင်ငံတကာ လေဆိပ်ဖြစ်ဖို့ရယ်၊ လေယာဉ်အမျိုးအစား သတ်မှတ်ချက်တွေ ရယ်ရှိတဲ့အတွက် ကနဦးအဆင့်အနေနဲ့ တိုက်ရိုက်လေကြောင်းလိုင်းတွေပျံသန်းဖို့ ဆွေးနွေးတာ ဖြစ်ပါတယ်’’ဟု ဦးမြင့်ထွေးက ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံမှ ခရီးသွားကိုယ်စားလှယ်အဖွဲ့သည် ပုဂံနှင့် အန်ကောဝပ်တို့ကို ခရီးစဉ်ကိစ္စ ပူးပေါင်းဆောင်ရွက်ရန် ဇွန်လ၂၉ ရက်က မြန်မာနိုင်ငံရှိ ခရီးသွားကိုယ်စားလှယ်အဖွဲ့သို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ ရှိ ခရီးစဉ်အချို့ကိုလည်း လေ့လာ ခဲ့သည်။

‘‘နိုင်ငံနှစ်ခုကို ဗီဇာတစ်ခုတည်းဖြစ်အောင် လုပ်ပေးနိုင်ရင်လည်း ခရီးသွားတွေက လာမှာပဲ။ ဒီကိုလာဖို့အတွက် ဗီဇာထပ်ယူနေရမယ်ဆိုရင် လာချင်မှာမဟုတ်ဘူး။ လေကြောင်းလိုင်းနဲ့ ဗီဇာလည်း အဆင်ပြေတယ်။ ဒီလိုလာ လည်ရတဲ့ ရသတစ်ခုကလည်း အကျိုးရှိတယ်ဆိုရင် လာလည်ကြမှာပဲ’’ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။

လက်ရှိတွင် ကမ္ဘောဒီးယား နိုင်ငံ၌ အန်ကောဝပ်ဒေသတစ်ခုတည်းတွင် တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် သုံးသန်းခန့် လာရောက်လည်ပတ်နေပြီး မြန်မာနိုင်ငံရှိ ပုဂံဒေသသို့ တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် သုံးသိန်းခန့်သာ လာရောက်လည်ပတ်နေကာ ခရီးသွားဝင်ရောက်မှုသည် ပုဂံထက် ၁၀ ဆခန့်များပြားနေ၍ ခရီးစဉ်နှစ်ခု ပူးပေါင်းဆောင်ရွက်နိုင်ပါက ပြည်တွင်းသို့ခရီးသွားအဝင် မြင့်တက်လာနိုင်ကြောင်း ဦးသက်လွင်တိုးက ပြော သည်။