နိုင်ငံတကာပညာရေးအခွင့်အလမ်း ရွေးချယ်မှု မှန်ပါစေ

နိုင်ငံတကာပညာရေးပြပွဲတွင် လေ့လာနေသော ကျောင်းသူ၊ကျောင်းသားများကို တွေ့ရစဉ် ဓာတ်ပုံ − နေလင်းထွန်း

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသော ကျောင်းသားများအနေ ဖြင့် အဆင့်မြင့်ပညာ သင်ယူရ တော့မည့်အချိန်တွင် ပြည်တွင်း တက္ကသိုလ်၊ ကောလိပ်များသာ မက ပြည်ပ၌ သွားရောက်ပညာ သင်ယူလိုသူများလည်း ရှိသည်။


၂၀၁၀ နောက်ပိုင်းကစ၍ ငွေကြေးတတ်နိုင်သော မြန်မာကျောင်းသား၊ ကျောင်းသူများအ တွက် ပြည်ပပညာရေး အခွင့် အလမ်းများ ပိုမိုကောင်းမွန်လာခဲ့သည်။ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ အများစုရင်ဆိုင်ရလေ့ရှိသည့် အခက်အခဲတစ်ခု သည် မိမိတို့နှင့်လိုက်ဖက်မည့် ဝါသနာပါသည့် ဘာသာရပ်ရွေးချယ်ရန် မဆုံးဖြတ်နိုင်ခြင်းဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများမှ သက်တူရွယ်တူ ကျောင်းသားများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံမှ ကျောင်းသားများအနေဖြင့် ဝီရိယအရာတွင် သာလွန်သော်လည်း ဆုံးဖြတ်နိုင်မှုစွမ်းအား၊ အထွေထွေ ဗဟုသုတ၌ အားနည်းနေကြောင်း Crown Education မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဆန်း က ပြောသည်။ 

‘‘ရေကြောင်းတက္ကသိုလ်တွေ မှာ မိန်းကလေးတွေ စခေါ်တော့ အမှတ်ကောင်းကောင်းနဲ့ ဝင်တက်ကြတယ်။ ငါးနှစ်လောက်လည်း တက်ပြီးရော ကိုယ်ကလည်း ဝါသနာမပါ၊ ဒီဘွဲ့ကြီးကိုင်ပြီး ဘာဆက်လုပ်ရမလဲမသိ၊ အဲဒီတော့မှ ကိုယ့်အသက်မွေးဝမ်းကျောင်းအတွက် ဘယ်ဘာသာသင်ရမလဲ လာမေးတာမျိုးတွေရှိတယ်’’ဟု ဦး အောင်ကျော်ဆန်းက ၎င်း၏အတွေ့အကြုံကို ပြောပြသည်။ 

အသက်မွေးဝမ်းကျောင်း ပညာ ရွေးချယ်သင်ယူခြင်းသည် ကျောင်းသားတစ်ဦးအတွက် ဘဝတွင် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရခြင်းဖြစ်သည်။

မိမိ ဘယ်အရာကို စိတ်ဝင်စားသလဲ၊ မိမိ ဘယ်လိုအရာတွေကို တန်ဖိုးထားသလဲ၊ မိမိမှာ ဘယ်လိုကျွမ်းကျင်မှုတွေရှိသလဲ၊ မိမိမှာရှိတဲ့ ပင်ကိုစရိုက်၊ အရည်အသွေးစသည့် အချက်များအပေါ် အခြေခံရွေးချယ်သင့်ကြောင်း ပညာရေးကျွမ်းကျင်သူများက အကြံပြု သည်။

နိုင်ငံတကာ တက္ကသိုလ်များ တွင် သွားရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိဝါသနာပါရာ ဘာသာရပ်နှင့် မိမိနိုင်ငံအတွင်း အလုပ်အကိုင်ရရှိနိုင်မှု အခွင့်အလမ်းများကို ချိန်ညှိကာ ရွေးချယ်တတ်ရန် အရေးကြီးသည်။ 

‘‘မြန်မာနိုင်ငံမှာ ပညာရေးပြပွဲတွေ အတော်များများလုပ်နေတာ တွေ့ရတယ်။ လူငယ်တွေအနေနဲ့ အဲဒီလို ပြပွဲတွေများများသွား၊ ကိုယ်တက်ချင်တဲ့ ဘာသာရပ်ကို ဘယ်တက္ကသိုလ်တွေမှာ တက်နိုင်မလဲ၊ တက္ကသိုလ်တစ်ခုနဲ့တစ်ခု ဘယ်လို ကွာခြားချက်တွေ ရှိနေလဲဆိုတာ မေးမြန်းရမယ်။ ရထားတဲ့ သတင်း အချက်အလက်တွေကို စုဆောင်းချိန်ထိုးပြီး ကိုယ်နဲ့ အဆင်ပြေမယ့်နိုင်ငံ၊ တက္ကသိုလ်ရဲ့ ဝင်ခွင့်လိုအပ်ချက်တွေ ပြင်ဆင်ပြီး သွားသင့်တယ်။ ပညာရေးအေဂျင်စီ တစ်ခုစီသွားရင် သူနဲ့ချိတ်ထားတဲ့ တက္ကသိုလ်တွေအကြောင်းပဲ သိရမယ်။ ပြပွဲတွေမှာ တက္ကသိုလ်အများကြီး ပါဝင်တတ်တယ်။ ပြပွဲတွေကတစ်ဆင့် များများလေ့လာနိုင်မယ်’’ဟု ဦးအောင်ကျော်ဆန်းက ပညာရေးပြပွဲများ၏ အရေးပါမှုကို ပြောသည်။ 

ပြည်ပပညာရေးကို ရွေးချယ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သူငယ်တန်းမှ ဒသမတန်းအထိ မိမိတို့ကြုံတွေ့ခဲ့ရသော ပြည်တွင်းပညာရေးစနစ်နှင့် ပြည်ပတက္ကသိုလ်များ၏ ပညာရေးစနစ် ကွဲပြားခြားနားမှုကို လည်း ထည့်သွင်းစဉ်းစားရန် လို အပ်သည်။ 

မြန်မာနိုင်ငံ ပညာရေးစနစ်၊ လေ့လာမှု၊ သင်ယူမှုပုံစံများနှင့် များစွာကွဲပြားခြားနားသည့် ပညာရေးစနစ်သစ်ကို ဖြတ်သန်းရမည်ဖြစ်၍ ယင်းအတွက် ကြိုတင်ပြင် ဆင်ထားသင့်သည်ဟု သြစတြေးလျ ပညာရေးဝန်ဆောင်မှုဖြစ်သော AVSS မှ နိုင်ငံတကာပညာရေး ကျွမ်းကျင်သူတစ်ဦးကဆိုသည်။ 

‘‘မြန်မာပြည် ပညာရေးနဲ့ပဲ အသားကျနေတဲ့ ကလေးတွေက သူများနိုင်ငံရောက်တဲ့အခါ သူတို့သင်ယူပုံတွေကို မလိုက်နိုင်တဲ့အတွက် စိတ်ဓာတ်ကျတာမျိုး၊ ပြန်ပြေးလာတာမျိုးရှိတယ်။ အဲဒီအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ အရည်အသွေးပိုင်းရော ကြိုပြင်ထားသင့်တယ်’’ဟု ၎င်းက ဆို သည်။ 

နိုင်ငံတကာတက္ကသိုလ်များ တွင် တက်ရောက်မည်ဆိုပါက အင်္ဂလိပ်စာကျွမ်းကျင်မှုသည် အ ရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်သည်။ ပြည်ပတွင် ပညာသင်ယူလေ့လာရန် ပြင်ဆင်နေသည့်ကျောင်းသား၊ ကျောင်းသူများအ နေဖြင့် မရှိမဖြစ်ပြင်ဆင်သင့်သော အချက်သည် အင်္ဂလိပ်စာကျွမ်း ကျင်မှုဖြစ်သည်။

အင်္ဂလိပ်စာကျွမ်းကျင်မှုနှင့်ပတ်သက်ပါ၍ တက္ကသိုလ်များ၏ လိုအပ်ချက်အလိုက် Internati-onal English Language TestingSystem (IELTS) နှင့် Test of English Foreign Language (TOEFL) ကဲ့သို့သော အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲများသို့ ဝင်ရောက်ဖြေဆိုသင့်သည်ဟု အမေရိကန်နိုင်ငံ တက္ကသိုလ်တစ်ခု တွင် တက်ရောက်နေသည့် မဇင် မာမြင့်ကပြောသည်။ 

မြန်မာကျောင်းသားများအနေဖြင့် ပြည်ပတက္ကသိုလ်များတွင် တက်ရောက်မည်ဆိုပါက အင်္ဂလိပ်စာအရည်အချင်း သတ်မှတ်ချက်အပြင် ကျောင်းဝင်ခွင့်အတွက် SAT၊ GCE ‘A’ ရမှတ်များ ပြင် ဆင်ထားသင့်သည်ဟု GraceEducation Services မန်နေဂျင်း ဒါရိုက်တာ ဒေါ်စောမြတ်သန္တာက ပြောသည်။ 

အမေရိကန် တက္ကသိုလ်၊ကောလိပ်များ ၀င်ခွင့်အတွက် Scholastic Assessment Test (SAT) ရမှတ်လိုအပ်ပြီး တက္ကသိုလ်တစ်ခုနှင့်တစ်ခု ရမှတ်အနည်း အများကွာဟမှုရှိသည်။ SAT အတွက် ပြင်ဆင်ရာတွင် SAT ရမှတ်တင်ပြရုံသက်သက်ဖြင့် ကျောင်း လျှောက်ထားခြင်းထက် SAT အမှတ်ကောင်းကောင်းရနိုင်ရန် ရည်ရွယ်ပြီး အချိန်ယူပြင်ဆင်ပြီးမှသာ လျှင် လျှောက်ထားသင့်သည်ဟု ဆိုသည်။

ပြည်ပတက္ကသိုလ်များ၏ ကျောင်းဝင်ကြေး၊ ကျောင်းလခကင်းလွတ်ခွင့်၊ ပညာသင်ဆုခေါ်ယူမှုများသည် ပြည်ပ ပညာရေးစိတ်ဝင်စားသည့် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် လက်မလွှတ်သင့်သော အခွင့်အ ရေးများဖြစ်သည်။ 

အစိုးရအချင်းချင်း ချိတ်ဆက်မှုဖြင့် ပေးအပ်သော ကျောင်းလခအပါအ၀င် နေထိုင်စရိတ်၊ ခရီးစရိတ်များအတွက် အပြည့်အ၀ပညာသင်ဆုများရှိသကဲ့သို့ တက္ကသိုလ်၊ ကောလိပ်က ကျောင်းဖွင့်ချိန်များတွင် ပေးအပ်သည့် တစ်စိတ်တစ်ပိုင်း ပညာသင်ဆုများလည်း ရှိသည်။ 

ပြည်ပ တက္ကသိုလ်တက် ရောက်မည့်သူများအနေဖြင့် တက္ကသိုလ်ရွေးချယ်ရာတွင် အသင်အပြကောင်းခြင်း၊ အမှန်တကယ် တတ်မြောက်မှုရှိခြင်း၊ သင်ရိုးများသည် ၀င်ရောက်မည့် လုပ်ငန်းခွင်တွင် ဆီလျော် အသုံးဝင်မှုရှိခြင်း၊ ဘွဲ့ရပြီးသူများ အလုပ်အကိုင်ရရှိနှုန်းများခြင်း၊ ကျောင်း၏ ဂုဏ်သိက္ခာ အစဉ်အလာကြီးမားခြင်း စသည့်အချက်များကို ကြိုတင်လေ့လာပြီးမှသာ လျှောက်ထားသင့်သည်။ 

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည်ဖြစ်စေ၊ နိုင်ငံတကာကျောင်းများမှ အောင်မြင်သည်ဖြစ်စေ ပြည်ပ၌ ပညာသင်ယူမည်ဆိုပါက မိမိတို့ တက်ရောက်လိုသည့် နိုင်ငံ၏ပညာရေးစနစ်၊ တက္ကသိုလ်၏ လိုအပ်ချက်ကို လေ့လာစုံစမ်းပါက ပိုမိုအကျိုးရှိနိုင်မည် ဖြစ်သည်။

Top News