သစ်ပင်များ ကြက်ခြေခတ်ခံရခြင်း ကင်းပါစေ

မကွေးမြို့ပေါ်တွင် လမ်းတိုးချဲ့ရေး စီမံချက်ကြောင့် ခုတ်လှဲခံရမည့် လမ်းဘေးသစ်ပင်များ ဓာတ်ပုံ- Linn Thou

"တောထဲက သစ်ပင်ပဲ ဖြစ်ဖြစ်၊ လမ်းဘေးမှာ ပေါက်နေတဲ့အပင်ပဲဖြစ်ဖြစ် သစ်ပင်လို့ဆိုတာနဲ့ ကာဗွန်စုပ်ယူတာ၊ ရေထိန်းသိမ်းပေးတာတော့ အတူတူပဲ။ ကျွန်တော်တို့က အပူပိုင်းဒေသမှာ နေတဲ့အတွက် ပိုလို့တောင် ထိန်းသိမ်းရဦးမယ်’’ဟု မကွေးမြို့မှ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူကိုမြတ်သူစိုးကပြောသည်။ 


အချို့သော နိုင်ငံများတွင် သစ်ပင်ခုတ်လှဲခြင်းကို ရှောင်ကြဉ်ကာ အခြားနည်းလမ်းများ ကျင့် သုံးနေကြသော်လည်း မြန်မာနိုင်ငံ မှာမူ နှစ်စဉ်လမ်းဘေးသစ်ပင်များ ရာနှင့်ချီ ခုတ်လှဲမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ယခုနှစ်အ တွင်း မကွေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ စစ်ကိုင်း တိုင်း ဒေသကြီးတို့တွင် လမ်း ဖောက်တိုးချဲ့ခြင်းကြောင့် လမ်းဘေးသစ်ပင်များ ထောင်နှင့်ချီခုတ်လှဲရန် စီမံချက်များရှိနေသည်။

မကွေးတိုင်းဒေသကြီးတွင် လမ်းဘေး သစ်ပင်ပေါင်း တစ် ထောင်ခန့် ခုတ်လှဲခံရနိုင်ပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အတွင်း လမ်းဘေးသစ်ပင်ပေါင်း ၂၀၀ ကျော် ခုတ်လှဲရန် လျာထားသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ပေါ်တွင်လည်း စိန် ပန်းပြာရှစ်ပင်ခုတ်လှဲခံရပြီး ယခု နှစ်အတွင်း အာဆီယံလမ်းမကြီး ဖောက်လုပ်ရေးအတွက် တောင် လေးလုံးအနီး လမ်းဘေးသစ်ပင် များ ရာနှင့်ချီခုတ်လှဲရန် မှတ်သားထားကြောင်း ရှင်သန်ရာကမ္ဘာမြေ ဥက္ကဋ္ဌ ဒေါ်ချယ်ရီကျော်က ပြော သည်။

‘‘လမ်းဘေးသစ်ပင်ဆိုရင် ကြက်ခြေခတ်ခြစ် အခုတ်လှဲခံရ တာတွေ အများကြီး။ လမ်းနဲ့လွတ် လွတ်၊ မလွတ်လွတ်လေ။ တချို့ အပင်တွေက လွတ်တယ်။ တောင် ကြီးမှာ ဒီတစ်ပတ်ထဲ စိန်ပန်းပြာရှစ် ပင် ခုတ်လဲခံရတယ်။ အပင်တစ် ပင်ဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ် ဘူး။ တချို့ပင်တွေဆိုရင် နှစ်ရှည် ပင်တွေ စိုက်ထားတာကြာတဲ့ အပင်တွေ မြို့နဲ့တောင် ထပ်တူ ကျတာတွေရှိတယ်’’ဟု ဒေါ်ချယ်ရီကျော်က ပြောသည်။ 

အောင်လံမြို့နယ်တွင်လည်း ရွှေပန်းတောနှင့် သမ္ဘူလလမ်းပိုင်း ပြုပြင်ရေးအတွက် လုံးပတ်ခြောက်ပေရှိသည့် ကုက္ကိုပင် သုံးဆယ် ကျော်ခုတ်လှဲခံရသည်။

‘‘အပင်သုံးဆယ်ကျော်လောက် အခုတ်ခံလိုက်ရတယ်။ လမ်းကို အန္တရာယ်ပေးနေတဲ့ အပင်တွေ မဟုတ်ဘူး။ အဲဒီအပင်တွေကြောင့် ယာဉ်အန္တရာယ်ဖြစ်နေတာလည်း မဟုတ်ဘူး’’ဟု မကွေးမြို့နေ ကိုအိုလာက ပြောသည်။

ထိုနည်းတူ ချောင်းဦးမြို့နယ် တွင် ယခုနှစ်အတွင်း လမ်းတိုးချဲ့ရေး စီမံချက်အောက်၌ လမ်းဘေး သစ်ပင်ရာနှင့်ချီ ခုတ်လှဲခံခဲ့ရသည်။

‘‘မုံရွာ-မန္တလေး ကားလမ်း ချောင်းဦးမြို့နယ် လမ်းတစ် လျှောက်မှာလည်း လမ်းချဲ့လို့ အ ပင်ပေါင်းတစ်ရာကျော် ခုတ်လှဲ ပစ်လိုက်ပြီ။ အဲဒီလမ်းဘေးသစ်ပင်တွေက နယ်မှာဆိုရင် ထင်းဈေး ကွက်ဖြစ်နေတယ်’’ဟု ချောင်းဦး မြို့ခံတစ်ဦးက ပြောသည်။

လမ်းတိုးချဲ့ရေး ခေါင်းစဉ် ဖြင့် ခုတ်လှဲရန်လျာထားသော လမ်းဘေးသစ်ပင်များတွင် အချို့ သည် နှစ်ရှည်အပင်ကြီးများပင် ပါဝင်သည်။ အထင်ရှားဆုံးသည် မုံရွာ-ရွှေဘိုခရိုင်ချင်းဆက်လမ်း တိုးချဲ့ရေးအတွက် သက်တမ်းရင့် သစ်ပင် ၂၁၂ ပင် ခုတ်လှဲမည့် စီမံ ချက်သည် အထင်ရှားဆုံးဖြစ်ပြီး မုံရွာမြို့နေ အရပ်ဘက်အဖွဲ့စည်း များ၏ ကန့်ကွက်မှုကြောင့် ရပ် တန့်ခဲ့ရသည်။

အကြောင်းအမျိုးမျိုးကြောင့် ခုတ်လှဲခံရသည့် လမ်းဘေးသစ် ပင်များသည် ထင်းလိုအပ်ချက်ရှိ သူများ၊ သစ်အစားထိုး သုံးစွဲသူ များအတွက် ဈေးကွက်ဝင်အပင် များဖြစ်လာသည်။  ယခင်ကလမ်း ဘေးသစ်ပင်များကို ထင်းအဖြစ် သုံးစွဲရာမှ ယခုအခါ လှည်းဝင်ရိုး၊ ပန်းပု၊ အလှဆင်ပစ္စည်းနှင့် စားပွဲ အဖြစ်ပါ အသုံးပြုလာကြသည်ဟု သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်း လုပ်ငန်း စဉ်တွင် ပါဝင်သူကိုအိုလာက ပြောသည်။

‘‘ဈေးကွက်တစ်ခုကို ရှိနေ တယ်။ ထင်းအဖြစ်တောင် မဟုတ် ဘူး။ တခြားအစားထိုးသစ် အနေနဲ့ တောင် သုံးနေကြတယ်’’ဟု မကွေးတိုင်းဒေသကြီး သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်တွင် ပါဝင်သူကိုအိုလာကပြောသည်။

သယံဇာတနှင့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာ နက သစ်ခိုးထုတ်မှုများကို ပိုက် စိပ်တိုက်ဖမ်းဆီးရပြီးနောက်တွင် လမ်းဘေးသစ်ပင်များအား ပစ် မှတ်ထားလာမှုသည် တစ်နှစ်ထက်တစ်နှစ်ခပ်စိပ်စိပ် ဖြစ်လာသည် ဟု ဆိုသည်။
‘‘အခုဆိုရင် ရှားပင်ကို လှည်း ၀င်ရိုးတွေမှာ သုံးလာပြီ။ ကုက္ကို ပင်ဆိုရင် ပန်းပုထုတဲ့နေရာမှာ သုံးလာသလို စားပွဲလုပ်တဲ့နေရာ တွေမှာလည်း သုံးလာတယ်။ ရှား တို့၊ ထနောင်းတို့ဆိုတာ အသား မာတယ်။ ကျစ်တယ်လေ။ ထင်း ခေါင်းစဉ်တပ်ပေမယ့် ထင်းအနေ နဲ့ မသုံးကြတော့ဘူး’’ဟု ကိုအို လာက ပြောသည်။

သစ်တောများမှ သစ်ထုတ် လုပ်မှုများအား အစိုးရက ကြပ် မတ်ပြီးနောက်တွင် လမ်းဘေး၌ ပေါက်ရောက်နေသည့် ကုက္ကိုပင်၊ ရှားပင်၊ ထနောင်းပင်၊ တမာပင်၊ ပိတောက်ပင်၊ မလေးရှားပိ တောက်တို့သည် ဈေးကွက်ဝင်အ ပင်များ ဖြစ်လာသည်။

လမ်းဘေးသစ်ပင်များသည် တန်ဖိုးကြီးသစ်မာအမျိုးအစား ထဲတွင် မပါဝင်သဖြင့် မည်သည့် ၀န်ကြီးဌာနစီမံခန့်ခွဲမှု အောက်၌မှ ရှိမနေပေ။ လမ်းတံတားတိုးချဲ့ရေး လုပ်ငန်းများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံ ခန့်ခွဲမှုအောက်တွင်ရှိပြီး လမ်းတံ တားတိုးချဲ့ရေးအတွက် လိုအပ် သည့် အပင်များခုတ်လှဲရမည်ဆို ပါက အခွန်တွက်ချက်ခြင်းနှင့် တန်ဖိုးစိစစ်ခြင်းကို သစ်တောဦးစီးဌာန  က စီမံရသည်။

‘‘လမ်းတံတားက သစ်ပင် ခုတ်မယ်ဆိုရင်တော့ သစ်တောကို အကြောင်းကြားပါတယ်။ သစ်တောက အဖိုးတန်သစ်ဟုတ်၊ မဟုတ်လိုက်လံစိစစ်တယ်။ မဟုတ်ရင်တော့ တစ်ပင်ကိုဘယ်လောက်နှုန်းနဲ့ ကြေးသတ်မှတ်လိုက်ပြီး အခွန်ကောက်တယ်။ တန်ဖိုးကြီးသစ်ဆိုရင် သစ်တောက လုပ်ငန်းကို လွှဲတယ်။ တန်ဖိုးကြီးသစ်စာရင်းမှာ မပါဘူးဆိုရင် ထင်းအဖြစ် ဒေသခံတွေကို ပြန်ရောင်းလိုက်တာပဲ’’ဟု သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းကပြောသည်။

 ဌာနဆိုင်ရာ လုပ်ထုံးလုပ် နည်းအရ လုပ်ဆောင်ခြင်းဖြစ်ပြီး လမ်းဘေးသစ်ပင်များ ထိန်းသိမ်း ရေးသည် သယံဇာတနှင့် သဘာ ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာန လက်အောက်တွင် မရှိ နေပေ။ သက်ဆိုင်ရာတိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု အောက်၌သာ ရှိသည်။

လမ်းဘေးသစ်ပင်တစ်ပင် ခုတ်လှဲခြင်းသည် သစ်တောအ တွင်းမှ သစ်ပင်တစ်ပင် ခုတ်လှဲ ခြင်းထက် အလုပ်ရှုပ်သက်သာ သည်။ သစ်တောမဟုတ်သော ကြောင့် ထိန်းသိမ်းကာကွယ်ရမည့် သစ်ပင်အဖြစ် လူအများက အ လေးနက်မထားကြပေ။ စသည့်အ ချက်များက လမ်းဘေးသစ်ပင်များ အား ခုတ်လှဲရန်လွယ်ကူစေသည်။

သစ်ပင်တစ်ပင်သည် မည် သည့် အရပ်ဒေသတွင် ပေါက် ရောက်သည်ဖြစ်စေ တူညီသည့် ဂုဏ်သတ္တိရှိကြသည်။ မည်သည့် အပင်ဖြစ်စေ သစ်ပင်တစ်ပင်၏ မြေအောက်ရေထိန်းသိမ်းနိုင်စွမ်း သည် ဂါလန်တစ်ရာကျော် ရှိပြီး လူလေးယောက်စာ အောက်ဆီဂျင်ထုတ်လွှတ်နိုင်စွမ်း ရှိသည်။

လမ်းဘေးသစ်ပင်ဖြစ်စေ၊ သစ်တောထဲတွင် ပေါက်ရောက် သည့်အပင်ဖြစ်စေ သစ်ပင်တစ် ပင်၏ ဂုဏ်သတ္တိနှင့် အကျိုးပြုမှု သည် သာတူညီမျှဖြစ်၍ ထိန်းသိမ်း ရေးလုပ်ငန်းများ၌ လမ်းညွှန်ချက်တစ်ခုအနေနှင့် ထိန်းသိမ်းကာ ကွယ်သင့်ကြောင်း သဘာဝ ပတ် ၀န်းကျင်အရေး လှုပ်ရှားဆောင် ရွက်နေသူ ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။ 

သစ်ပင်တစ်ပင်ဖြစ်ထွန်းကြီး ထွားရန် စောင့်ဆိုင်းရမည့် အ ချိန်သည် ကြာမြင့်သောကြောင့် နိုင်ငံတကာတွင် လမ်းသစ်ဖောက် လုပ်ပါက ဖယ်ရှားရမည့် သစ်ပင် များအား အပင်လိုက်ရွှေ့ပြောင်း ခြင်း၊ နေရာပြောင်းရွှေ့ခြင်း စိုက်ပျိုးခြင်းများ လုပ်ဆောင်နေသည်။

‘‘တရုတ်ပြည် ရွှေလီ၊ စင်ကာပူတို့မှာ သစ်ပင်တွေကို ကရိန်း တွေနဲ့ မပြီး ရွှေ့စိုက်ကြတယ်။ လမ်းအတွက် လိုအပ်လို့ ဖယ်ရှားရမယ်ဆိုရင်လည်း ရွှေ့စိုက်တဲ့ နည်းလမ်းတွေ ကျင့်သုံးသင့်တယ်။ တစ်ဖက် ကလည်း သစ်ပင်စိုက်သလို တစ်ဖက်ကလည်း ရှိပြီးသားအပင်တွေကို ထိန်းသိမ်းသင့်တယ်’’ဟု ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။

တိုးတက်လာသည့် လူဦးရေ နှင့်အညီ လူနေရပ်ကွက်များတွင် ရှိရမည့် သစ်ပင်အရေအတွက်ရှိ သဖြင့် ရှိပြီးသား သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်း နည်းလမ်း ထက် အခြားနည်းလမ်းများရှာဖွေ သင့်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ပြောသည်။ 

ကိုမြတ်သူစိုးတို့လို လမ်းဘေး သစ်ပင်ထိန်းသိမ်းကာကွယ် ရေးလှုပ်ရှားမှုဆောင်ရွက်သူများ သည် အရေးမကြီးသည့် အရာများ လုပ်နေသည်၊ အစိုးရ၏ လုပ်ငန်း ဆောင်တာများ နှောင့်နှေးအောင် လိုက်လံဖျက်ဆီးနေသည်ဟု အ မည် တပ်ခံခဲ့ရသည်။

သို့သော် ကိုမြတ်သူစိုးတို့ လက်မလျှော့ခဲ့သည့်အကျိုးကြောင့် ပြီး ခဲ့သည့် ဇွန်လကလမ်းဘေးသစ် ပင် ၅၆၅ ပင်သည် ခုတ်လှဲခံရမည့် အန္တရာယ်မှ သီသီလေးလွတ်လာ ခဲ့သည်။ ကျန်ရှိနေသည့် လမ်း ဘေးသစ်ပင်တစ်ထောင်ကျော် ကယ်တင်ရေးအတွက် ကိုမြတ်သူ စိုးနှင့် ၀ါသနာတူ သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများ ဆက်လက်ကန့်ကွက်မှုများ ပြုလုပ်ဦးမည် ဖြစ်သည်။     ။


ဓာတ်ပုံ- Linn Thou

Top News