အိုင်အက်စ် ငရဲခန်းအလွန် မိုဆူးလ်မြို့ အနာဂတ်

အီရတ်ဝန်ကြီးချုပ် အယ်လ်အဘာဒီက အလုံးစုံအောင်ပွဲရရှိကြောင်း ကြေညာပြီးနောက်တစ်ရက်တွင် မြို့ဟောင်းဆင်ခြေဖုံးရှိ အိုင်အက်စ်ပစ်မှတ်များကို လေကြောင်းမှ ဆက်လက်တိုက်ခိုက်နေစဉ်(FELIPE DANA/AP)

ပြီးခဲ့သည့် သီတင်းပတ်ကုန်က အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ် အဘာဒီသည် မိုဆူးလ်မြို့သို့ ရောက်လာခဲ့သည်။ နှစ်အနည်းငယ်အတွင်း အီရတ်ဝန်ကြီးချုပ် ကိုယ်တိုင် မိုဆူးလ်သို့ ပထမဆုံးအကြိမ် ခြေချခြင်းဖြစ်သည်။

ဇူလိုင် ၁၀ ရက်တွင်မူ အယ်လ်အဘာဒီက မိုဆူးလ်မြို့ ကို အိုင်အက်စ်စစ်သွေးကြွများ လက်အောက်မှ ကယ်ဆယ်နိုင်ခဲ့ ပြီဖြစ်ကြောင်း တရားဝင် ကြေညာ သည်။ အီရတ်နိုင်ငံတော်အလံ ကို ကိုင်ဆောင်ထားသည့် ဝန်ကြီး ချုပ်က မိုဆူးလ်မြို့သည် အစိုးရ လက်အောက်သို့ ပြန်လည်ရောက် ရှိလာပြီဆိုသော ကြေညာချက်ကို ထုတ်ပြန်လိုက်ချိန်တွင် ၎င်းကို ဝန်းရံထားသည့် အီရတ်စစ်သည် များက ဝိုင်းဝန်းဩဘာပေးအောင် ပွဲခံခဲ့ကြသည်။

နိုင်ငံမြောက်ပိုင်းတွင် တည် ရှိပြီး အီရတ်၏ ဒုတိယအကြီးဆုံး မြို့ကြီးသည် အိုင်အက်စ်စစ်သွေး ကြွများ လက်အောက်သို့ ၂၀၁၄ ကတည်းက ကျရောက်နေရာမှ ယခုအခါ ပြန်လည် လွတ်မြောက် လာပြီ ဖြစ်သည်။ ‘‘ဒီနေရာမှာ ကျွန် တော် တရားဝင်ကြေညာမယ်။ မိုဆူးလ်ဟာ လွတ်လပ်ခဲ့ပြီ။ အီရတ်ရဲ့နယ်မြေဒေသအသီးသီး က လာရောက်တိုက်ပွဲဝင်တဲ့ စစ် သည်တွေရဲ့ အသက်သွေး၊ ချွေးစ တေးမှုတွေနဲ့အတူ မိုဆူးလ်လွတ် မြောက်လာပြီ။ ဒါဟာ အီရတ် နိုင်ငံနဲ့ အီရတ်နိုင်ငံသားတွေရဲ့ အောင်ပွဲဖြစ်တယ်’’ဟု အယ်လ် အဘာဒီက ကြေညာသည်။


အီရတ်စစ်တပ်နှင့် မဟာမိတ် ပြည်သူ့စစ်လက်နက်ကိုင် အဖွဲ့အစည်းများသည် မိုဆူးလ် မြို့ကို ပြန်လည်သိမ်းယူမည့် မဟာဗျူဟာ စစ်ဆင်ရေးတစ်ရပ်ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စတင် ခဲ့ကြသည်။ အီရတ်မြေပြင်တပ်များကို အမေရိကန်နှင့် မဟာမိတ် ဥရောပ နိုင်ငံများ၏လေတပ်များက ပစ်ကူပံ့ပိုးခဲ့သည်။ လအနည်းငယ်အတွင်း မိုဆူးလ်မြို့၏ အရှေ့ဘက်ခြမ်း နယ်နိမိတ်အားလုံးကို အီရတ်တပ်များက သိမ်းပိုက်နိုင် ခဲ့သည်။ သို့သော် တိုက်ဂရစ် မြစ်က အလယ်တည့်တည့်မှ ဖြတ် သန်းစီးဆင်းနေသည့် မြို့၏ အနောက်ဘက်ခြမ်းကို စစ်သွေးကြွ များက ကြံ့ကြံ့ခံခုခံကာကွယ်နေ သဖြင့် စစ်ရေးအရှိန် နှောင့်နှေးခဲ့သည်။

သို့သော် ယခုနှစ် အစောပိုင်း ကတည်းက စတင်ခဲ့သည့် စစ်ဆင် ရေးများသည် ဇူလိုင် ၁၀ ရက်တွင် မျှော်မှန်းသည့် အဆုံးသတ်ပန်း တိုင်သို့ ရောက်ရှိခဲ့သည်။ မိုဆူးလ်တစ်မြို့လုံး လွတ်လပ်ရေး ရခဲ့ပြီဟု ဝန်ကြီးချုပ်ကိုယ်တိုင်က တရားဝင် ကြေညာသည်။ သို့သော် မြို့၏ ပတ်ဝန်းကျင်တွင်မူ အိုင် အက်စ်အစွယ်အပွားများ ဆက် လက် လှုပ်ရှားလျက်ရှိနေပြီး ၎င်း တို့ကို ရှင်းလင်းရန် သီတင်းပတ် အချို့ အချိန်ယူရဦးမည်ဟု အီရတ် စစ်တပ်က ခန့်မှန်းထားသည်။ ဝန်ကြီးချုပ်က မိုဆူးလ်ကို ပြန် လည် သိမ်းယူနိုင်ပြီဟု ကြေညာ ချိန်၌ မြို့အစွန်အဖျားနေရာများ၌ ပေါက်ကွဲသံများ၊ သေနတ်သံများ ကြားနေရဆဲ ဖြစ်သည်။

အဓိကကျသည့် မေးခွန်း တစ်ခုမှာ ကိုးလကြာ ထိုးစစ်အပြီး တွင် အိုင်အက်စ်ငရဲဘုံမှ လွတ် မြောက်လာပြီးနောက် မိုဆူးလ်မြို့ ရှေ့ဆက် ဖြတ်သန်းရမည့် အနာ ဂတ် အလားအလာဖြစ်သည်။ အိုင်အက်စ်တို့၏ ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးမှုနှင့် တိုက်ပွဲများ အတွင်း ထိခိုက်မှုတို့ကြောင့် မိုဆူးလ်၏ လမ်းပန်းဆက်သွယ် ရေးနှင့် အခြေခံအဆောက်အအုံ အများအပြား ယိုယွင်းခဲ့သည်။ မိုဆူးလ်ပြည်သူများ အနေဖြင့် ကောင်းသတင်းကို ပျော်ရွှင်စွာ ကြိုဆိုနေသည့်တိုင် လုံခြုံရေး နှင့်ပတ်သက်၍ စိုးရိမ်စရာများ လည်း ရှိနေသေးသည်။ မြို့ခံများ ကြား ရောနှောကိုယ်ယောင် ဖျောက်နေသည့် အစွန်းရောက် စစ်သွေးကြွများက အသေခံဗုံးခွဲ သည့် တိုက်ခိုက်မှုမျိုး အချိန်မရွေး ကျူးလွန်လာနိုင်ကြောင်း အာဏာ ပိုင်များက သတိပေးထား၍ ဖြစ် သည်။


ဇူလိုင် ၁၀ ရက်က မိုဆူးလ်မြို့တွင် အိုင်အက်စ်အဖွဲ့အပေါ် အောင်ပွဲရကြောင်းကြေညာစဉ် အီရတ်အလံကိုင်ဆောင်ထားသော အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်အဘာဒီ(REUTERS)

အိုင်အက်စ်တို့သည် မြို့ကို လက်လွှတ်ရတော့မည့် နောက် ဆုံး အချိန်ပိုင်းများအထိ ယုတ်မာ သော နည်းလမ်းများဖြင့် မိုဆူးလ် ကို ဖျက်ဆီးခဲ့သည်။ မြို့၏ အထင် ကရ သမိုင်းဝင် အဆောက်အအုံ တစ်ခုဖြစ်သော အယ်လ်နျူရီမျှော် စင် ဗလီကြီးကို ဖောက်ခွဲပစ်ခဲ့သည်။ အီရတ်အစိုးရသည် မိုဆူးလ်ကို ပြန်လည်ရရှိချိန်၌ မြို့၏အခြေအနေမှာ ဘက်ပေါင်း စုံမှ ချွတ်ခြုံကျလျက် ရှိသည်။ နေရာအနှံ့ အပျက်အစီးပုံများနှင့် ခြောက်ကပ်နေသော မြို့ကြီးကို စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ပြန်လည် ထူထောင်ရန် အချိန်ကြာမြင့်စွာ ယူရဦးမည် ဖြစ်သည်။

၂၀၁၄ တွင် အိုင်အက်စ်တို့ အင်အားကြီးလာပြီးနောက် ဆီးရီး ယားနှင့် အီရတ်တို့ရှိ နယ်မြေများ ကို ရုတ်တရက် ဝင်ရောက်တိုက် ခိုက်သိမ်းယူခဲ့ကြသည်။ မိုဆူးလ် မြို့မှာ အိုင်အက်စ်များ လက် အောက်သို့ လျင်လျင်မြန်မြန် ကျ ရောက်သွားပြီး အီရတ်ဘက်ခြမ်း ရှိ အိုင်အက်စ်၏ ပင်မဌာနချုပ် သဖွယ်ဖြစ်လာသည်။ ထိုအချိန် က အီရတ်အစိုးရတပ်များသည် မြို့ကို အလွယ်တကူ လက်လွှတ် ခဲ့ကြပြီး အမေရိကန်က ထောက်ပံ့ ထားသည့် စစ်လက်နက်ပစ္စည်း များကိုပါ စွန့်ပစ် ထွက်ပြေးကြ သဖြင့် အိုင်အက်စ်လက်ထဲ အမေ ရိကန် စစ်ပစ္စည်းများ ရောက်ရှိ သွားသည်။ ထိုကိစ္စနှင့် ပတ်သက် ၍ အမေရိကန်နှင့် အီရတ်အစိုးရ များကြားတွင်လည်း အဖုအထစ် ဖြစ်ပေါ်ခဲ့သည်။ အီရတ်တပ်များသည် အိုင်အက်စ်ထိုးစစ်ကို တစ်ပတ်မျှသာ ခုခံပြီး ကတိုက်ကရိုက် ထွက်ပြေးဆုတ်ခွာခဲ့ကြသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှ စတင်သော မိုဆူးလ်မြို့သိမ်းစစ်ပွဲတွင် အီရတ်စစ်တပ်၊ မဟာမိတ်ကာ့ဒ်ပြောက်ကျားများ နှင့် အမေရိကန်စစ်သည် နှစ်ဦး အပါအဝင် အကျအဆုံး ၁,၀၀၀ ကျော်ရှိခဲ့သည်။ ၆,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။ အိုင် အက်စ်တို့၏ အသေအပျောက် စာရင်းကိုမူ တိတိကျကျ မသိရ ချေ။ ၂၀၁၆ နှစ်ကုန်ပိုင်းတွင် အမေရိကန်က အိုင်အက်စ် ၂,၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ခန့်မှန်းကြေညာသည်။ အီရတ်စစ်တပ် ကမူ စစ်သွေးကြွ ၁၀,၀၀၀ ကျော်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့ ကြောင်း ထုတ်ပြန်သည်။

စစ်ပွဲများ စတင်ချိန်ကတည်း က မြို့ခံအများအပြားက မိုဆူးလ် ကို စွန့်ခွာသွားခဲ့ကြသဖြင့် မြို့ထဲတွင် လူအနည်းငယ်သာ ကျန် သည်။ သို့သော် လာမည့် ရက်ပိုင်းအတွင်း မိုဆူးလ်တွင် နေရပ်ပြန်လာသူ အများအပြားစုရုံးလာဖွယ် ရှိနေသည်။ ထိုအချိန်တွင် ပြန်လည်ထူထောင်ရေး အတွက်ရော၊လုံခြုံရေးအရပါ အာဏာပိုင်များ၌ အကျပ်ရိုက်စရာ အခြေအနေ ပိုများလာမည်ဖြစ်သည်။

လန်ဒန်ရှိ စီးပွားရေးနှင့် နိုင်ငံ ရေးသိပ္ပံကျောင်းမှ အရှေ့အလယ် ပိုင်းရေးရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့် ဖာဝက်ဇ်ဂါဂျက်စ်က ‘‘အီရတ်အစိုးရ ကြုံရမယ့် ပထမ ဆုံးပြဿနာက မိုဆူးလ်အနောက် ပိုင်းကို ပြန်ရွှေ့လာမယ့် အရပ် သား လေးသောင်းလောက်ရဲ့ နေ့ စဉ် နေထိုင်မှုအတွက် လိုအပ်တဲ့ အထောက်အပံ့တွေ ပေးဖို့ပဲ။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ထိထိရောက် ရောက် အသုံးချနိုင်ဖို့ လိုတယ်။ မိုဆူးလ်အနောက်ပိုင်းက အရှေ့ ပိုင်းထက်ပိုပြီး စစ်ဒဏ်ခံရတယ်။ ဆိုးဆိုးရွားရွားကို ပျက်စီးနေပါ ပြီ’’ဟု မှတ်ချက်ပေးသည်။

နောက်ထပ် အရေးကြီးသော အပိုင်းမှာ လုံခြုံရေးကဏ္ဍဖြစ် သည်။ မြို့ထဲတွင် လှည့်လည် သွားလာနေသည့် အီရတ်စစ်သား များသည် လူအုပ်ထဲတွင် ပုန်း ကွယ်နေသည့် အိုင်အက်စ်အသေ ခံဗုံးသမားများ၏ ပစ်မှတ်အချိန် မရွေး ဖြစ်သွားနိုင်သည်။ ထို့အပြင် ရိက္ခာဖြန့်ဝေသည့် နေရာကဲ့သို့ ဧရိယာများတွင်လည်း လုံခြုံရေးနှင့် ပတ်သက်ပြီး အလွန်တာဝန် ကြီးမည့် အခြေအနေ ဖြစ်နေ သည်။

ယခုအခါအီရတ်၏ မြို့ငယ်အနည်းငယ်သာ အိုင် အက်စ်လက်ထဲတွင် ရှိနေပြီး မကြာမီ ယင်းမြို့များကိုပါ သိမ်းယူနိုင်ဖွယ်ရှိသည်။သို့သော် အမေရိကန်အစိုးရက အီရတ်ပိုင်နက်တွင် အိုင်အက်စ်များ နောက်တစ်ကြိမ် ခေါင်းထောင်ထလာမည်ကို အလေးအနက် စိုးရိမ်နေသည်။ အိုင်အက်စ်များကို တိုက်ခိုက်သည့် မဟာမိတ်တပ်များကို ဦးဆောင်ညွှန်ကြားခဲ့သူအမေရိကန်ဗိုလ်ချုပ် စတီဖန်တောင်းဆန်က အီရတ်အစိုးရအနေဖြင့် ဆွန်နီမွတ်စလင်များ၏ ယုံကြည်မှုကို ရရှိအောင် ကြိုးစားသင့်ကြောင်း အကြံပြုသည်။

 ‘‘အိုင်အက်စ် အိုင်အက်စ် (အိုင်အက်စ်၏ အမည်ဟောင်း) ဗားရှင်းနံပါတ်နှစ် ပေါ်မလာတာ သေချာစေဖို့ လုပ်ရမှာပါ။ ဆွန်နီ မွတ်စလင်တွေက ဘဂ္ဂဒက်မှာ ရှိနေတဲ့ အစိုးရဟာ သူတို့ရဲ့ ကောင်းကျိုးကို အပြည့်အဝလို လားတယ်ဆိုတာ စွဲမြဲလက်ခံနေဖို့ လိုပါတယ်’’ဟု တောင်းဆန်က မှတ်ချက်ပေးခဲ့သည်။ ဆွန်နီအစ္စ လာမ်မစ် အစွန်းရောက် စစ်သွေး ကြွအုပ်စုတစ်ခုဖြစ်သော အိုင် အက်စ်သည် မိုဆူးလ်ကို သိမ်း ယူချိန်က မြို့ခံ ဆွန်နီမွတ်စလင် များကို စည်းရုံးနိုင်ခဲ့သည်။

မိုဆူးလ်မြို့ထဲတွင် လွှင့်ထူ ထားသည့် အနက်ရောင်အလံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများက လိုက်လံဖြုတ်ချပြီး အီရတ်အလံကို လွှင့်ထူနေကြသည်။ ဖရိုဖရဲ ပျက်စီးနေသည့် အဆောက်အအုံများကိုမူ နေရာအနှံ့ တွေ့မြင်နေရဆဲဖြစ်သည်။ အီရတ်နှင့်အမေရိကန်အစိုးရများအတွက် သမိုင်းဝင်တိုက်ပွဲတစ်ခုကို အောင်မြင်ခဲ့သော်လည်း အိုင်အက်စ်အကြမ်းဖက်သမားများကို အမြစ်ပြတ်နှိမ်နင်းချေမှုန်းရန် ရှေ့ဆက်ရုန်း ကန်ရဦးမည်ဖြစ်သည်။  —Ref: CNN, Guardian

Top News