အပြုအမူ (Behavior)

ကျွန်တော် ငယ်ငယ်က မဖတ်ဖူးတဲ့ ရွှေသွေး၊ တေဇ စာ စောင်ဆိုတာ မရှိသလောက်ပဲ။ အခွင့်အလမ်းက ဘယ်လိုသင့်ခဲ့သလဲဆို နွေရာသီကျောင်းပိတ်ပြီဆိုရင် အဘွားက သူ့သမီးဆရာဝန် (ကျွန်တော့် အဒေါ်တွေ) တာဝန်ကျနေတဲ့ ဖျာပုံမြို့ကို ကျွန်တော့်ကို ခေါ်ပြီးအလည်သွားတယ်။ အိမ်ရှေ့က နိုင်နိုင်ဆိုတဲ့ အစ်ကိုတစ်ယောက်ရဲ့ အိမ်က အကျယ်ကြီး။ အဲသည်မှာ ကျွန်တော်တို့ကလေးတွေ ကစားကြတယ်။ နိုင်နိုင့်အိမ်မှာ ရွှေသွေး၊ တေဇပေါင်းချုပ်တွေ သပ်သပ်ရပ်ရပ်တွဲချုပ်ပြီး စုထားတာ အထပ်လိုက်။ ဆော့လည်းဆော့၊ ဆော့လို့မောရင် အဲသည်ပေါင်းချုပ်တွေ တစ်ခုပြီးတစ်ခု ဖတ်နေတော့တာပဲ။

ဖတ်ခဲ့တဲ့ စာစောင်တွေထဲမှာ အကြိုက်ဆုံး၊ ကနေ့အထိ စိတ်ထဲခဏခဏပေါ်လာတဲ့ ဇာတ်လမ်းကလေး တစ်ပုဒ်ရှိတယ်။ ‘မိန်းမ မလိမ္မာလို့ပါ’လို့ မိဖုရား ခေါင်ကြီးက ရှင်ဘုရင်ကို လျှောက်တင်ခဲ့တဲ့ ပုံပြင်။  ဘုရင်ကြီးတစ်ပါး ဟာ တိုင်းပြည်အခြေအနေသိရ အောင် ရွာစွန်ဇနပုဒ်ကို မိဖုရား ခေါင်ကြီးနဲ့အတူ ရုပ်ဖျက်ပြီး စနည်းနာထွက်တယ်။ လယ်တောတစ်ခုမှာ ဆင်းရဲမွဲတေနေတဲ့ အဘိုးကြီးတစ်ဦးနဲ့ တွေ့တယ်။ အဘိုးကြီးက သူနဲ့ အသက်တူတူ ပဲ၊ မွေးနှစ်မွေးရက်တူတယ်။ ဗေ ဒင်အရဆို တစ်ချိန်တည်းမှာ မွေး ခဲ့တဲ့သူတွေရဲ့ ဘဝကံဇာတာက တူရမယ်။ ငါကျတော့ ဘုရင်ဖြစ် ကာ ချမ်းသာနေပြီး လယ်သမား အဘိုးကြီးက ဘာကြောင့် ဆင်းရဲ မွဲတေနေရသလဲလို့ ဘေးက မိဖု ရားခေါင်ကြီးကို မေးတော်မူတဲ့အ ခါ မိဖုရားခေါင်ကြီးက ‘မိန်းမ မလိမ္မာလို့ပါ’လို့ ဖြေကြားခဲ့တယ်။

သည်ပုံပြင်ရဲ့ ဆိုလိုရင်းက လောကမှာ လူတွေကြီးပွားမှုဆိုတာဟာ မိမိရဲ့ စွမ်းရည်သက် သက်မဟုတ်။ အထောက်အပံ့၊ အမှီသဟဲဟာ အဓိကဖြစ်ကြောင်း ဆိုလိုတာပါပဲ။ ‘‘ဒါဆို ငါကြီးပွား နေတာ နင့်ကြောင့်ပေါ့’’လို့ ဘုရင်က စိတ်ဆိုးကာ မိဖုရားခေါင်ကြီးကို ‘‘သည်လယ်သမား အဘိုးကြီး ကြီးပွားအောင် နင်သွားလုပ်’’ဆိုကာ နှင်ထုတ်လိုက်တယ်။ သိပ် မကြာပါဘူး။ နှစ်အနည်းငယ် အတွင်းမှာ ကြွယ်ဝချမ်းသာလာတဲ့ လယ်သမားအဘိုးကြီးဟာ ဘုရင်ကို လက်ဆောင်ပစ္စည်းတွေနဲ့ လာကန်တော့တယ်။ လယ်ရှင်မ တစ်ဖြစ်လဲ မိဖုရားခေါင်ကြီးဟာ ဆင်းရဲသားလယ်သမား အဘိုးကြီးမိသားစုကို တစ်မုဟုတ်ချင်းကို နေ့ချင်းညချင်း တိုးတက်ကြီးပွားစေတဲ့ အလေ့အထကောင်း (Beha-vior) တွေ ဖြစ်မြောက်လာအောင် ပံ့ပိုးပေးခဲ့လို့တဲ့ပါလေ။ ‘‘မိန်းမလိမ္မာလို့ငါ့မှာ အလေ့ထကောင်းတွေ ဖြစ်ထွန်းခဲ့ကာ ငါကြီးပွားခဲ့တာပါလား’’လို့ ဘုရင်ဟာ ကိုယ်တွေ့မျက်မြင်သိလိုက်ရတယ်။

သည်တော့ နိုင်ငံတစ်ခု၊ လူ့ ဘောင်တစ်ခုဟာ ဘာတွေလိုအပ် သလဲဆို အလေ့အကျင့်အပြုအမူ ကောင်းတွေ လိုအပ်တယ် (Good Behavior, Good Practices၊ အပြုအမူအလေ့အထကောင်း တွေ ဖြစ်ထွန်းရင် နိုင်ငံကြီးပွား မယ်။ ညံ့ဖျင်းတဲ့ အပြုအမူအလေ့ အထတွေ လွှမ်းမိုးရင် နိုင်ငံမွဲတေ စုတ်ပြတ်မယ်။

 ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားနဲ့ ပြန်ချည်လိုပါတယ်။ ‘‘YBS ကားနှစ်စီး တိုက် တယ်ဆိုတဲ့ကိစ္စဟာ ကားနှစ်စီး တိုက်တယ်ဆိုတဲ့ မှုခင်းနဲ့တင် ကြည့်လို့မရဘူး။ ငါတို့ လူ့ဘောင် တွင် ကားနှစ်စီးတိုက်ပြီး လူများ စွာသေကျေပျက်စီး ဒဏ်ရာရမှုတို့ ဖြစ်လာရစေတဲ့ အပြုအမူအလေ့ အထတွေဟာ ဘာကြောင့်ဖြစ်ပေါ်နေရသလဲ’’ဟု ပိုကျယ်ဝန်း ခြုံငုံတဲ့ ရှုထောင့်မှ ကြည့်ရှုကာ ၎င်း Beh-avior Problem (အပြုအမူအလေ့အထပြဿနာ)ကို ဖြေရှင်းဖို့ လုပ်ဆောင်ရပါမယ်။ ရန်ကုန်မြို့မှာ လူတွေဟာ ခရီးသွားရင် ဘတ်စ်ကားစီးတာပဲဖြစ်ဖြစ်၊ လမ်းလျှောက်နေတာပဲဖြစ်ဖြစ် လုံခြုံနေတယ်လို့ ခံစားရတယ်လို့ မရှိဘူး။ ဘာဖြစ်လို့လဲဆို ကားမောင်းသူတွေရဲ့ Public Safety Behavior အများပြည်သူတွေ ဘေးအန္တရာယ်ကင်း လုံခြုံရေးအတွက် သတိထားဆောင်ရွက်တဲ့ အလေ့အထအပြုအမူတို့ဟာ အလွန်ဆင်းရဲနိမ့်ကျနေတာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။

သည်တော့ ဘတ်စ်ကားနှစ် စီး တိုက်ကြတယ်ဆိုတာ ဘာမှ တချို့လူတွေ အကြောင်းပြကြ သလို စနစ်ဟောင်းမှာ ကျန်ခဲ့တဲ့ ကား (ကားဆိုး)က စနစ်သစ်မှာ ချီတက်နေတဲ့ (ကားကောင်း)ကိုလာတိုက်တာ၊ လူတစ်ဦးချင်း၊ ဒရိုင်ဘာတစ်ဦးချင်းရဲ့ ရွေးချယ်မှု ပြဿနာသက်သက် မဟုတ်ပါဘူး။

ကျွန်တော်တို့ဟာဒေါ်အောင်ဆန်းစုကြည် ပြောသလို သည် Incident (၎င်းဖြစ်ရပ်ကွက်ကွက် ကလေး)ကိုပဲ မကြည့်ဘဲ ပြဿနာရင်းမြစ်ကြည့်မယ်ဆိုရင် အစိုးရကိုယ်တိုင်ဟာ ကားမောင်း သူတွေမှာ Public Safety Behavior (လူထု ဘေးအန္တရာယ်ကင်းရေး အပြုအမူ အလေ့အထ)တွေ ဖြစ်ထွန်းလာအောင် စွမ်းဆောင်နိုင်မှုမရှိခြင်းပဲ ဖြစ်ပါတယ်။ ပုံပြင်ထဲက ဘုရင်ကြီးနဲ့ မိဖုရားခေါင်ကြီးသာ အခုထိ အသက်ထင်ရှားရှိနေပြီး ‘‘သည်လောက်တောင် ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ ကားတိုက်မှုမျိုးမြန်မာနိုင်ငံက ကားဒရိုင်ဘာတွေမှာ ဘာကြောင့်ဖြစ်ရသလဲ’’လို့ ဘုရင်ကြီး က ခုနေခါမှာ မိဖုရားခေါင်ကြီး ကို မေးခဲ့ရင်လည်း မိဖုရားခေါင် ကြီးဟာ ‘‘မိန်းမမလိမ္မာလို့ပါ’’လို့ လွှတ်ခနဲဖြေလိုက်ဦးမှာပါပဲ။ ဒါ ပေမဲ့ မိဖုရားခေါင်ကြီး သည်တစ် ခါမှာ ဆိုလိုတဲ့ မိန်းမက လယ် သမားဆင်းရဲသား အဘိုးကြီးရဲ့ သွေးသားဆက်နွှယ်နေသူ မိန်းမ မဟုတ်ဘူး။ ပြည်သူ၊ ပြည်သား တွေ စိတ်ချလုံခြုံစေရေးရှိစေရန် အပြုအမူတွေ ဖြစ်ထွန်းလာဖို့၊ အ ထောက်အပံ့ကောင်းတွေကို ကူညီပံ့ပိုးဖော်ဆောင်ပေးဖို့ရန် ပျက် ကွက်နေတဲ့ (ပြည်သူလူထုရဲ့ အ သက်ဘဝကို လုံခြုံကာကွယ်ဖို့ရန် တာဝန်ဆက်နွှယ်နေသူ) တာဝန် ရှိ အစိုးရကိုပဲ ဆိုလိုတာဖြစ်ပါ တယ်။

တကယ်တော့ သည်ယာဉ် တိုက်မှု ဖြစ်ရခြင်းဟာ တစ်ဦးချင်း နဲ့ဆိုင်တဲ့ ရွေးချယ်မှုလို့ ပြန်ခဲ့မယ် ဆိုရင်၊ ငါ့လင်မွဲတာ သူ့ဟာသူ ကံ မရှိ၊ ဉာဏ်မရှိ၊ ဘာမှ သောက်သုံး မကျလို့ ဖြစ်တာလို့ ပြန်ခဲ့မယ်ဆို ရင် အဲသည်မိန်းမမျိုးဟာ အမိုက် မဲဆုံး၊ အနုံချာဆုံး မိန်းမတွေထဲက ပါပဲ။ အခုဖြစ်ပွားခဲ့တဲ့ ချောက်ချားသွေးပျက်ဖွယ် ယာဉ်တိုက်မှုဟာ Public Problem ဖြစ်တယ်။ (၅၅)လိုင်းရဲ့ ပြဿနာသက်သက် မဟုတ်ဘူး။ YBS ပြဿနာလည်းမဟုတ်ဘူး။ (ဆင်ခြင်တုံ တရားကင်းမဲ့တဲ့) ဒရိုင်ဘာ ပြဿနာလည်းမဟုတ်ဘူး။ တိတိကျကျပြောရရင် Public Safety Problem(လူထုဘေးအန္တရာယ် ကင်းရေး ပြဿနာ) ဒါ့ထက်တောင် နည်းဗျူဟာ သဘောနဲ့ တိကျချင်ရင်PublicHealth (ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ပြဿနာ ဖြစ်တယ်)။ အင်း... စွဲမယ်ဆို ကျန်းမာရေးဝန်ကြီးပင် မလွတ်ဘူး။ သည်ယာဉ်တိုက်မှုတွေရဲ့ တာဝန်ဟာလည်း ကျန်းမာရေးဝန်ကြီးမှာ တာဝန်ရှိနေတယ်။ သူ့ဆီက Statistics နိုင်ငံမှာ ယာဉ်တိုက်မှုတွေ တစ်နှစ်ကို ဘယ်လောက် ဖြစ်ပွားနေသလဲ၊ လူသေမှု၊ အဖတ်ဆယ်မရသော ဒဏ်ရာရမှု (Irreversible Injuries)၊ အဖတ်ဆယ်နိုင်သော ဒဏ်ရာရမှု (Reversible Inju-ries)၊ ကျောက်ကပ် ပျက်သုဉ်းမှု (Kidney Failures)၊ မည်သည့်ယာဉ်အမျိုးအစား၊ မည်သည့်နေရာဒေသ၊ မည်သို့သော ခရီးသည်မျိုးတွေဟာ အများဆုံး ဒဏ်ရာရသလဲ၊ ယာဉ်တိုက်လို့ ဒဏ်ရာရသေဆုံးမှုတွေဟာ တစ်နှစ်နဲ့ တစ်နှစ်ကြား ပိုမိုတိုးပွားလာသလား (Growth Rate)စတဲ့ စာရင်းအင်းတွေဟာ ပြည်သူကိုအစီရင်ခံမပြဘူး။ တစ်နိုင်ငံလုံးမှာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာဆိုးကြီးတစ်ခုဟာ ဘယ်လိုဖြစ်ပေါ်နေသလဲ၊ ဘယ်လိုအလားအလာ (Trends)တွေပြနေသလဲဆိုတာကို အများပြည်သူနဲ့တကွ အစိုးရက သတိထားမိအောင်သူ မီးမောင်းထိုးမပြနိုင်ခဲ့ဘူး။

 အစိုးရဝေဖန်ရေးစလုပ်တော့ မယ်ဆိုလျှင် (သို့မဟုတ်) အစိုးရ ကို သိပ်ကိုချီးကျူးလိုကြသူများ လည်း အကြောင်းအကျိုးကလေး ရယ်လို့ ပြသလိုပါလျှင် (သို့ မဟုတ်) ကိုယ်တိုင်လည်း အစိုးရ ရယ်လို့ ဖြစ်နေပါလျှင် Behavior Economics ကိုတော့ အခြေခံ အားဖြင့် တီးမိခေါက်မိအောင်လေ့လာထားစေချင်ပါတယ်။ တစ်ခုပြောချင်တာက ပြဿနာဆိုင်ရာ သုတေသန၊ ၎င်းသုတေသနတို့မှ တွေ့ရှိသောရလဒ်၊ ပညာဗဟုသုတ စသည်မလေ့လာမဆည်းပူးဘဲ ၎င်းပညာဗဟုသုတကို ရှေးရှုရန် လုပ်ရမည်ဟူသော အသိတရား အခြေခံမျှပင် မရှိလျှင်ဘဲနဲ့ အများပြည်သူတွေ ဆိုင်ရာဘုံ ရာထူးတာဝန်ကြီးတွေကို မယူပါနဲ့။ ‘‘ကျုပ်တို့ ကြိုက်တဲ့သူ ခန့်လို့ရတယ်’’ဆိုတဲ့ ပုဂ္ဂိုလ်တစ်စု ဟာလည်း အများပြည်သူဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းခြင်းဆိုင် ရာ သုတေသန အတွေးအခေါ် ဒဿနကောင်းတွေကို အမီလိုက် ကာ ဆည်းပူးလေ့လာနိုင်တဲ့ ပညာအခြေခံအရည်အချင်း (Creden-tial) လုံလုံလောက်လောက်မရှိ လျှင် ထိုသူမျိုးတို့ကို ခင်ဗျားတို့‘‘ရမ်းခန့်’’တွေ။ ‘‘အစမ်းခန့်’’တွေမလုပ်ပါနဲ့။ ကျုပ်တို့ ကျန်းမာရေး ပညာမှာတော့ ‘‘ရမ်းခန့်ဆရာ ဝန်’’ဆိုပြီး လုပ်လို့မရဘူး။ လူတွေ

သေကုန်မှာ ဖြစ်တယ်။ သို့သော်ရမ်းခန့် ဆရာဝန်ဆိုတာက မသကာရှိလှ လူလေးငါးယောက် လောက်ပဲ သတ်နိုင်မယ်။ ခင်ဗျားတို့ရဲ့ ရမ်းခန့်အစိုးရဆိုတာက လူသိန်းသန်းချီပြီး ဘဝပျက်သွားအောင် ‘‘သတ်’’နိုင်တာဖြစ်တယ်။

 နိုင်ငံမှာ ဖြစ်ပေါ်ကြီးစိုးနေတဲ့ ပြဿနာတွေဟာ လူတွေရဲ့ Behavior တွေနဲ့ အဓိကနက်နက် ရှိုင်းရှိုင်းပတ်သက်နေတယ်။ လူ တွေမှာ လမ်းသွားလျှင် မလုံခြုံ ဘူးဆိုတာ Public Safety Beha-vior  (လူထုဘေးအန္တရာယ်ကင်းရေးအပြုအမူ အလေ့အထ) တွေဟာ ကားမောင်းသူတွေမှာ ကင်းမဲ့လျက်ရှိခြင်းပဲ ဖြစ်တယ်။ ခုကားတိုက်မှုကို (၅၅) လိုင်းကို ပိတ်သိမ်းတာတို့၊ ကိုယ်ရကိုယ်ယူ ဖျက်သိမ်းတာတို့ လုပ်တယ်ဆိုတာဟာ ကားမောင်းသူတွေရဲ့ Public Safety Behavior တွေ ပေါ်ထွန်းလာစေမှုနဲ့ ဘယ်လိုပတ်သက်သလဲ။ အဓိကနားလည်

စေချင်တာက ဒါဟာ ကားလိုင်း ဆိုးတစ်ခု၊ ဒရိုင်ဘာဆိုး အုပ်စုတစ် အုပ်စုဆိုတဲ့ အုပ်စုပြဿနာ မဟုတ်ဘူး။ ဒါဟာ Epidemic လို ဖြစ်ပွားနေတဲ့ ရောဂန္တရကပ် ဆိုးတစ်ခု ကျရောက်စွဲကပ်သလို ပျံ့နှံ့စွဲကပ်နေတဲ့ အများပြည်သူ အားလုံးနဲ့၊ တစ်နိုင်ငံလုံးနဲ့ သက် ဆိုင်နေတဲ့ ပြဿနာ (Public Problem) ဖြစ်တယ်။ ယာဉ် မောင်းသူတွေရဲ့ မှားယွင်းလမ်း လွဲနေတဲ့ Behavior အပြုအမူဆိုး ဟာ အဆက်မပြတ် ကပ်ရောဂါ ကျသလို ကျနေတယ်ဆိုတာဟာ ‘‘မိန်းမ မလိမ္မာလို့’’ အစိုးရတက် လုပ်နေသူ ခင်ဗျားတို့ကိုယ်တိုင် (သို့) ခင်ဗျားတို့ရဲ့ ရမ်းခန့်ထား တဲ့ ပုဂ္ဂိုလ်တွေရဲ့ Public Safety ဆိုင်ရာ အရည်အချင်းစွမ်းဆောင် ချက်နှင့် ၎င်းတို့၏ ဗဟုသုတ၊ အသိတရားတို့ ကိုယ်၌သာ အလွန်တရာနိမ့်ကျညံ့ဖျင်းနေခြင်းပဲ ဖြစ် ပါတယ်။   ။

(ဖော်ပြပါ ဆောင်းပါးသည်  စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News