အချိုပေါ် သကာရည်မဆင့်ရလေအောင်

ပြီးခဲ့တဲ့ ရက်ပေါင်းများ စွာက မိတ်ဆွေ တစ်ဦးနဲ့ စကားအတော်ပြောဖြစ်ကြသည်။ အထူးသဖြင့်ကျန်းမာရေးဆိုင်ရာ တွေ့ကြုံနေကြရသည့်ကိစ္စရပ်များ။ ယခုနှစ်ပိုင်းများတွင် ကျွန်တော့်ဆေးခန်းသို့လာသော လူနာများ၌ ထုံတာကျဉ်တာနဲ့ လာကြသောသက်ကြီးရွယ်အိုများသည်။ ခြေထောက်တွေကျဉ်လို့၊ ခြေထောက်တွေကျိန်းလို့၊ ခြေတွေလက်တွေ အညောင်းမိနေသလား၊ အားမရှိ၍ အားပြတ်၍ပဲလား အစရှိသည်ဖြင့်။ များသောအားဖြင့် သက်ကြီးပိုင်းအရွယ်တွေ လာကြတာ၊ ပြကြတာများပြီး အများစုတောင်းဆိုတာကတော့ အားဆေးထိုးပေးပါ၊ အားဆေးချိတ်ပေးပါဆိုခြင်းပင် ဖြစ်သည်။

သို့သော် ဝမ်းနည်းဖွယ်ရာက တော့ အမယ်အို၊ အဘိုးအိုတို့ထင်သလို အားပြတ်လပ်နေ၍ နုံးနေ၊ ညောင်းညာကိုက်ခဲထုံကျဉ်နေ သည်မဟုတ်။ သွေးစစ်ကြည့်၊ ဆီးစစ်ကြည့်သောအခါ အဖြေက ဘွင်းဘွင်းကြီး ပေါ်တော့သည်။ ထိုအဖြေကား ဆီးချိုသွေးချိုရော ဂါ (Diabetes Mellitus).

ကျွန်တော့်ဆေးခန်းသို့လာ သော အမယ်အို၊ အဘိုးအိုများကို မေးနေကျ စကားတစ်ခွန်းရှိပါ သည်။ အမေကြီး ဆီးချိုသွေးချို ရှိသလားဆိုသည့်စကား။ အများစု ဖြေကြတာတော့ ‘‘မရှိဘူး’’တဲ့။ ဒါဆို စစ်ဆေးဖူးလားဆိုတော့မှ တစ်ခါမှ မစစ်ဖူးပါဆိုပြီး အဖြေ ထွက်လာတော့သည်။ တစ်ခါက လည်း အသက်ကြီးကြီးအမယ်အို တစ်ဦး ဆေးခန်းသို့လာသည်။ ရွာ ပြန်လိုက်တာ ခြေထောက်မှာအနာဖြစ်လာသည်။ အနာက ပြည်တရွှဲ ရွှဲ ဖြစ်လို့ဖြစ်မှန်းမသိ။ ငုတ်လည်း မစူး၊ ဒဏ်ရာလည်းမရ ဘာ ကြောင့်ဖြစ်လာတဲ့ အနာပါလိမ့်။ ရွာသူများ ပြုစားလေလားဆိုပြီး လူနာက တွေးသည်။ သည်မတိုင် ခင်ကတော့ ခြေထောက်တွေ ခဏခဏကျဉ်သည်။ အနာရဲ့ပုံစံနဲ့ အမေကြီးရဲ့ရောဂါရာဇဝင်လက္ခ ဏာ အကြောင်းမေးတော့ ဆီးချိုသွေးချို ဖြစ်ဖို့များသည်။ ထို့ ကြောင့်လည်း သေချာအောင်သွေးစစ်ကြည့်တော့ သွေးချိုဆီးချိုဟုတ်လိုက်သမှ ဟုတ်ဟုတ်ကို မြည်နေတော့သည်။ အဓိက ကတော့ ဖိနပ်သည်းကြိုး ပွန်းတာကြောင့် ထိုနေရာမှာ အနာဖြစ်လာခြင်း ဖြစ်သည်။ ဒါဆို မနာဘူးလား၊ မကိုက်ဘူးလား။ သည်းခံပါ စာရှုသူ ချစ်မိတ်ဆွေ။ စာလေးဆုံးအောင် ဖတ်ကြည့်စေချင်သည်။

ယခုနှစ်ပိုင်းအတွင်း သက် ကြီးရွယ်အိုနှင့် သက်လတ်ပိုင်း တွင်ပါ သွေးချိုဆီးချိုရောဂါအဖြစ် များနေလေတော့ ကျန်းမာရေး ပညာပေးအနေနဲ့ ဆောင်းပါးလေး တစ်ပုဒ် ရေးသားလိုက်ရပါသည်။ ရှေးဦးစွာ တင်ပြလိုသည်မှာ သွေး ချိုဆီးချိုရောဂါသည် ယခုမှ အ ဆန်းတကြယ် ကမ္ဘာကြီးမှာ ဖြစ်နေ သော ရောဂါမဟုတ်ပါ။ ဟိုးယခင်ရှေးနှစ်ထောင်ပေါင်းများစွာက တည်းက ရှိခဲ့ကြသည်။ လွန်ခဲ့ သော ၁၅၅၀ ဘီစီခန့်က အီဂျစ် နိုင်ငံရှိ သမားတော်များက ဒီရော ဂါနှင့်ပတ်သက်၍ ‘လူနာများသည် ခြေလက်နုံးခွေကာ ဆီးမကြာခဏ သွားပြီး မအီသာသည့်ရောဂါ’ ဟူ၍ အမည်တပ်ကြသည်။ တစ်ဆက်တည်း အိန္ဒိယရှိ သမားတော်များ မှလည်း အလားတူရောဂါမျိုး တွေ့ရှိပြန်သည်။ အေဒီ ၁၅၀ ခန့် မှာတော့ ဂရိနိုင်ငံရှိ သမားတော် များမှာ သွေးချိုဆီးချိုရောဂါနှင့် ပတ်သက်၍ အမျိုးမျိုးစာတမ်း များ၊ ကျမ်းစာများပြုစုခဲ့ကြသည်။ သို့သော် တိကျသောကောက်ချက် မပေးနိုင်ကြ။ ထို့ကြောင့်လည်း ရာစုနှစ်ပေါင်းများစွာ ထိုရောဂါ နှင့် ပတ်သက်၍ ဒေါသကြီးသော နတ်ဆိုးတစ်ကောင် (Pissed Evil)ဝင်နှောက်နေသည်ဟုပင် တင်စား ဥပမာပေးကြသည်။ ၁၆၇၅ ခုနှစ်မှာတော့ Diabetes Mellitus (Diabetes= Siphon= to pass through, Mellitus=Honey လက်တင်အားဖြင့်) ဆိုလိုသည်မှာ ပျားရည်အလား ဆီးချိုနေသည့် ရောဂါဟု စတင် ကင်ပွန်းတပ်သည်။ နောက်ပိုင်းမှာတော့ သွေးထဲမှာ သကြားဓာတ်တွေ များပြား၍ သွေးချိုနေသည်ကိုပါ တွေ့ရှိသော် လည်း မူရင်းပေးထားသည့် နာမည် (Diabetes Mellitus)အတိုင်း ထားရှိပါသည်။ မြန်မာ မှာတော့ ရှင်းသည်။ သွေးချိုဆီးချို ရောဂါဆိုတာနဲ့ ပြီးသည်။

၁၈၆၇ ခုနှစ် ပြင်သစ်သမား တော်များသည် စစ်ပွဲများအတွင်း မလောက်ငမှုကြောင့် ရာရှင်ခွဲတမ်းနှင့် ပြည်သူလူထုကို ကျွေးမွေးရာမှ ဆီးချိုသမားများတွင် သိသိသာသာ ထူးခြားလာပြီး ရောဂါ သက်သာလာတာကို တွေ့ရ သည်။ ထို့ကြောင့်အငတ်ထားပြီး ကုသခြင်း (Starvation Thera-py)၊ အာလူးအစားထိုးစားသုံးခြင်း (Potato Therapy) စသည်ဖြင့် ကုသသော်လည်း လူနာများအ တွက် မကောင်းသော ရလဒ်များ သာ ကြုံရပြီး မအောင်မြင်ပါ။ သို့သော် ပြင်သစ်ပညာရှင်တို့ သတိမမူ ဂူမမြင် ဖြစ်ခဲ့ကြသည်။ တကယ်တော့ သူတို့ဆန်းစစ်မိကြသည်မှာ နေထိုင်စားသောက်မှုပုံစံ (Life Style) ဖြစ်သော်လည်း ဂရုမပြုမိကြပါ။

၁၉ ရာစုအကုန် ၂၀ ရာစုအစတွင် ဆေးပညာထွန်းကားလာ သည်။ သွေးချိုဆီးချိုနှင့်ပတ်သက် ၍လည်း အဖြူ၊ အမည်းသဲကွဲလာကြသည်။ အင်ဆူလင် (Insulin) ဟော်မုန်း၏အရေးပါမှု၊ သွေးထဲရှိ သကြားဓာတ်များ လျော့ကျစေ လာမှုကိုပါ နားလည်လာကြပြီး ရောဂါကိုလည်း အမျိုးအစားခွဲနိုင် လာသည်။ အဓိကအားဖြင့် သွေး ချိုဆီးချိုရောဂါအမျိုးအစား(၁) နှင့် (၂)ဟူ၍ ခွဲနိုင်သည်။ ပထမ အမျိုးအစား(၁)သည် ငယ်ရွယ်သူ လူငယ်၊ လူရွယ်များတွင် အဖြစ်များပြီး အဓိကအားဖြင့် အင်ဆူ လင်ဟော်မုန်း မထုတ်နိုင်ခြင်း ကြောင့် ဖြစ်သည်။ များသောအား ဖြင့် မျိုးရိုးဗီဇပြဿနာ(Genetic Defect)ကြောင့် ဖြစ်သည်။

ဒုတိယတစ်မျိုး သွေးချိုဆီး ချိုရောဂါတွင် အများဆုံးအမျိုးအ စားဖြစ်ပြီး အဓိကအားဖြင့် နေ ထိုင်စားသောက်မှုပုံစံ(Life Style)ကြောင့်ဖြစ်ပါသည်။ အဆီအအိမ့်  များသော အစားအစာများစား  ခြင်း၊ အချိုဓာတ်လွန်ကဲစွာ စား သုံးခြင်း၊ နေ့စဉ်ပုံမှန်လှုပ်ရှားမှု နည်းခြင်း၊ ဓာတုဗေဒပစ္စည်းသုံး ဟင်းခတ်အမွှေးအကြိုင်များ အ သုံးများခြင်း၊ ဥပမာအချိုမှုန့်နှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့် အ ဖြစ်များသည်။ အင်ဆူလင်သည် ပထမဦးဆုံး ရှာဖွေတွေ့ရှိသော ကုထုံးများတွင် အသုံးဝင်ဆုံးဖြစ် ပြီး ယနေ့ထက်တိုင်အသုံးဝင်နေ ပါသည်။ နောက်ပိုင်းခေတ်မီဆေး ဝါးများထွက်ပေါ်လာသော်လည်း အင်ဆူလင်သည် အဓိကမင်းသား ကြီးနေရာတွင် ယူနေတုန်းဖြစ် သည်။ သွေးချိုဆီးချိုရောဂါဝေဒ နာရှင်များတွေ့ရသည့်လက္ခဏာ များကတော့မောပန်းလွယ်ခြင်း၊ နုံးချည့်ခြင်း၊ အစားအသောက်မမှန်ခြင်း၊ ရေငတ်ခြင်းနှင့်ဆီးများ ပုံမှန်ထက်ပိုသွားခြင်း စသောလက္ခဏာရပ်များ တွေ့နိုင်ပါသည်။

အချို့သော ပြည်သူများ၏ အယူအဆတွင် အင်ဆူလင်ထိုးရ ပြီဆိုလျှင် ဆေးဆုံးပြီ၊ လမ်းဆုံးပြီ လို့ ထင်မှားကြသည်။ ထိုအယူအ ဆသည် မှားယွင်းသည်။ တကယ် တော့ အင်ဆူလင်ဟော်မုန်းသည် ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ် များကို ဖြိုခွဲပြီး လိုအပ်သလို အ သုံးပြုရာတွင် မပါမဖြစ်ဖြစ်သည်။  ဇီဝကမ္မဗေဒအရလည်း လူ့ခန္ဓာ ကိုယ်က ပုံမှန်ဆို ထုတ်နိုင်ပါ သည်။ သွေးချိုဆီးချိုသမားက တော့ ပုံမှန်လူလိုမထုတ်နိုင်။ ဆေးသောက်သည်ဆိုသည်မှာ မုန့်ချို အိတ်(Pancreas) မှာ ဆဲလ်များ မှ အင်ဆူလင်များ တိုးထွက် အောင်၊ ထွက်သော အင်ဆူလင် များလည်း တကယ်အလုပ်(Sen-sitive)ဖြစ်အောင် နှိုးဆော်ပေးခြင်းဖြစ်သည်။ အကြောင်းကြောင်းကြောင့် အင်ဆူလင်မထုတ်နိုင်တော့သည့်အခြေအနေ ယာယီအားဖြင့် သော်လည်းကောင်း၊ အချိန် အကြာကြီး လိုအပ်ရင်သော်လည်းကောင်း အခြေအနေမျိုးရှိမှသာ အင်ဆူလင်ကို အသုံးချကြသည်။ ငယ်ရွယ်သော လူငယ်များတွင် အင်ဆူလင်မ ထုတ်နိုင်ခြင်း၊ မရှိခြင်းတို့ကြောင့် မဖြစ်မနေထိုးရသည်များလည်း ရှိသည်။ ထို့ကြောင့်လည်း သွေးချို ဆီးချိုလူနာများအနေဖြင့် တတ်ကျွမ်းနားလည်သော ဆရာဝန်ဖြင့်သာတိုင်ပင်၍ ကုသရန်လိုအပ်ပါသည်။

သွေးချိုဆီးချိုရောဂါထိန်း ချုပ်၍ မကောင်းသော် သွေးထဲမှ သကြားဓာတ်အတက်အကျမမှန် ခြင်း၊ သကြားဓာတ်ကျလွယ်၍ သတိလစ်ခြင်း (Hypoglycemia) သကြားဓာတ် တအားတက်၍ သတိလစ်ကာ ဇီဝကမ္မဗေဒမမှန် တော့ခြင်း (Diabetes Ketoaci-dosis) အနာဖြစ်လျှင် မကျက် တော့ခြင်း၊ ကူးစက်ရောဂါဖြစ် လွယ်ခြင်း၊ ကိုယ်အားစွမ်းအားကျ ခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ဆိုး ရွားလျှင် သွေးကြောပိတ်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်း စသော ရောဂါများ အဖြစ်များသည်။ လောကရှိ သက်ရှိသတ္တဝါအများ စုသည် အချိုဓာတ်ကို နှစ်သက်ကြ သည်။ သကြားခဲချထားလျှင် ပုရွက်ဆိတ်များ၊  အခြားသော အင်း ဆက်ပိုးမွှားများအုံခဲနေသည်။ ထို့ကြောင့်လည်း သွေးချိုဆီးချိုသ မားကို သကြားတုံးပမာ ပြုနိုင်ပါ သည်။ ကူးစက်ပိုးမွှားဗက်တီးရီး ယားဗိုင်းရပ်စ်များက နှစ်သက်ကြ ပြီး သကြားဓာတ် ကောင်းစွာ မထိန်းချုပ်နိုင်လျှင် နာဖျားရောဂါ လည်း ပျောက်နိုင်မည်မဟုတ်ပါ။

များသောအားဖြင့် ကျန်းမာ သော သက်ကြီးရွယ်အိုဘိုးဘွား များ ဆေးခန်းတွင် အပြောများ သည်ကတော့ ခြေချောင်း၊ ခြေ ထောက်ကျဉ်ခြင်း၊ ခြေဖဝါးထုံ ခြင်းတို့ဖြစ်သည်။ အဓိကအားဖြင့် သွေးချိုဆီးချိုရောဂါသည် အာရုံ ကြောများလည်း ထိခိုက်လွယ်၍ ချွတ်ယွင်းခြင်း (Diabetes Neur-opathy)အဖြစ်များ၍ ခဏခဏ ထုံကျဉ်တတ်ခြင်း ထိတွေ့မှုအာရုံ နည်းပါးသည်ဟု ယူဆပါက အ များအားဖြင့် ခြေချောင်းလေးများ၊ ခြေဖဝါးများတွင် ထိခိုက်ဒဏ်ရာ ရှိ၊ မရှိကြည့်ပါ။ တချို့ကတော့ ထိမိခိုက်မိတာ မရှိဘဲ အနာဖြစ် တာမျိုးရှိသည်။ အဓိကပြဿနာ ကတော့ ဝတ်ဆင်သည့်ဖိနပ်မာ ကျော၍ ပွတ်တိုက်ရာမှလည်း ကောင်း၊ သည်းကြိုးပွန်း၍ သော် လည်းကောင်း အဖြစ်များသည်။

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းမွန်ပါ သည်။ ထို့ကြောင့် ရောဂါမဖြစ်ခင် ကျန်းမာ၍ ညီညွတ်သောနေထိုင် စားသောက်မှုပုံစံနေသင့်သည်။ ထိုနေထိုင်မှုပုံစံကို ရောဂါဖြစ်နေ သည့်တိုင်အောင် ကျင့်သုံးပါက ပို၍ကောင်းမွန်ပါသည်။ တချို့ သော ဝေဒနာရှင်များသည် စားချင်တာ အငမ်းမရစားကာ ပြီးမှ ဆေး သောက်တတ်သည်။ ဆေးရှိ သည်၊ အားလုံးအဆင်ပြေသည် ဟု ထင်ကြသည်။ ဤသည်မှာ မှန်ကန်သော နည်းလမ်းမဟုတ် ပါ။

အဆီအအိမ့်မစားခြင်း၊ အချိုဓာတ်လျော့ကျခြင်း၊ ဟင်းသီးအရွက်သစ်သီးဝလံစားပေးခြင်း၊ ငါးစားခြင်း၊ ထမင်းကို သင့်တင့်စွာစားခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြု လုပ်ခြင်း၊ ယောဂကစားခြင်းနှင့် တရားထိုင်ခြင်းတို့ဖြင့် ဝေဒနာကို လျှော့ချနိုင်ပါသည်။ စားသောက် မှုပုံစံအရှင်းဆုံး ဥပမာပေးရမည်ဆိုလျှင် မြန်မာလူမျိုးတစ်ဦးစား သည့် ထမင်းတစ်ပန်းကန်ကို လေးပုံပုံကြည့်ကြပါစို့။ ပထမတစ်ပုံကို ထမင်းနှစ်ပုံကို ဟင်းသီးဟင်းရွက်နဲ့ ကျန်တစ်ပုံကို သားငါးများသောအားဖြင့် ငါးဖြင့် စား ကြည့်ပါလေ။ အခြားသော စားသင့်၊ မစားသင့်၊ ဆောင်ရန်ရှောင်ရန်များကိုတော့ တတ်ကျွမ်းနားလည်သူ ဆရာဝန်နှင့် ထပ်မံဆွေး နွေးကာ သုံးသပ်သင့်ပါသည်။

စာရှုသူ မိဘပြည်သူအ ပေါင်းတို့ခင်ဗျာ။ သွေးချိုဆီးချို ရောဂါသည် ကြောက်စရာ၊ ထိတ်လန့်စရာရောဂါမဟုတ်ပါ။ အ မှောင်ခေတ်ကုန်ဆုံး၍ ခေတ်မီ ဆေးသိပ္ပံပညာထွန်းကားသော၊မျှော်လင့်ချက်လင်းရောင်ခြည် သန်းနိုင်သော ခေတ်သို့ ရောက် နေပါပြီ။ မကြာမီအချိန်ကာလ တစ်ခုမှာ ထိရောက်ကောင်းမွန် သောဆေးဝါးများ ကုထုံးနည်းစ နစ်များ ပေါ်ထွက်လာဖို့ အလားအလာများစွာလည်းရှိနေသည်။ ထို့အတူ ယခုလက်ရှိလည်း ထိ ရောက်စွာ ကုသနိုင်နေသည့် အ ခြေအနေရှိပါသည်။ နေထိုင်မှုပုံစံ လွဲမှားခြင်း၊ မှားယွင်းခြင်းက လည်း ရောဂါကို ပိုဆိုးစေသည်။ တင်စားပြောရသော် အချိုခဲ၊ သကြားခဲပေါ် သကာရည်လောင်း သကဲ့သို့ဖြစ်စေသည်။ ထို့ကြောင့် လည်း ကောင်းမွန်မှန်ကန်သော ကုသမှုများနှင့် လျော်ကန်သင့် မြတ်သော နေထိုင်နည်းပုံစံကို ကျင့်သုံးကာ အသက်ရှည်စွာနေ ထိုင်နိုင်ပါကြောင်း သတင်း ကောင်းပါးရင်း နိဂုံးချုပ်အပ်ပါ သည်။  ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News