ကရင်ပြည်နယ်ဝန်ကြီးချုပ် ကျန်းမာရေး ကောင်းမွန်လာ၍ ရက်ပိုင်းအတွင်း ဆေးရုံဆင်းမည်

ကရင်ပြည်နယ် ၀န်ကြီးချုပ်အား ရန်ကုန်ဆေးရုံကြီး၌ ဇူလိုင် ၁၄ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကရင် ပြည်နယ်ဝန်ကြီးချုပ်၏ ကျန်းမာ ရေးကောင်းမွန်လာ၍ လာမည့် ရက်ပိုင်းအတွင်း ဆေးရုံမှဆင်း ကာ ကရင်ပြည်နယ်သို့ ပြန်မည် ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင် ထွေးက ဇူလိုင် ၁၆ ရက်၌ ပြော သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘယ်ဘက်ခြေထောက်ကို ဇူလိုင် ၁၅ ရက်နံနက်တွင် နှစ်နာရီကြာ ခွဲစိတ်ကုသမှု အောင်မြင်ကြောင်း ၎င်းကပြောသည်။

‘‘ကျန်းမာရေး အားလုံး ကောင်းတယ်။ စကားပြောနိုင် တယ်။ ထိုင်နိုင်တယ်။ စားသောက်နိုင်ပါတယ်။ အားလုံး ကောင်းကောင်းမွန်မွန်ပါပဲ။ ဒီ တစ်ရက်၊ နှစ်ရက်လောက်အတွင်း ဆေးရုံကဆင်းမယ်။ ကရင်ပြည်ပြန်နိုင်မယ်ပေါ့။ ဝန်ကြီးချုပ်ကတော့ ဘားအံရောက်တာနဲ့ အလုပ်တွေ စလုပ်တော့မယ်ပေါ့။ ဘာမှ အစားထိုးကုသရတာမရှိဘူး။ ဆရာဝန်တွေကတော့ ရက်ပိုင်းလောက် အနားယူဖို့ပြောပါတယ်’’ဟု ဦးတေဇာထွဋ်လှိုင်ထွေးက ပြောသည်။

ဒေါ်နန်းခင်ထွေးမြင့်သည် ဇူလိုင် ၁၄ ရက်နံနက်က တောင် ကလေးဆရာတော်ကြီး၏ မွေးနေ့ပွဲနှင့် ပါရမီတံတားဖွင့်ပွဲသို့ ယာဉ်တန်းနှင့် သွားရောက်စဉ် ဘားအံမြို့ ဂေါက်ကွင်းအနီးတွင် ကားစက်ချွတ်ယွင်းရာမှ မတော်တဆမှုဖြစ်ပွားခဲ့ပြီး ဘယ်ဘက်ခြေသလုံးရိုး ကျိုးခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိခဲ့သည့် ဝန်ကြီး ချုပ်ကို ဘားအံပြည်သူ့ဆေးရုံသို့ ချက်ချင်းပို့ဆောင်၍ ဆေးဝါးကု သမှုခံယူခဲ့ပြီး ပိုမိုကောင်းမွန်သည့် အခြေအနေရရှိရန် ရန်ကုန်ပြည် သူ့ဆေးရုံသို့ နေ့တွင်းချင်းပို့ ဆောင်ကာ ဆေးကုသခဲ့ခြင်းဖြစ် ကြောင်း ကရင်ပြည်နယ် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် ဆေးဝါးကုသမှုခံယူနေသော ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ ဒုတိယသမ္မတ(၂)ဦးဟင်နရီဗန် ထီးယူ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကသူရဦးတင်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ရန် ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ယာဉ်မတော်တဆမှု ကြောင့် ဝန်ကြီးချုပ်နှင့်အတူ လိုက်ပါလာသည့် ၎င်း၏ကိုယ် ရေးအရာရှိလည်း ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။