ခြောက်လသား YBS စစ်တမ်း

ဘတ်စ်ကားများကို ရန်ကုန်မြို့နေ ပြည်သူနှစ်သန်းကျော် နေ့စဉ်အသုံးပြုနေရသည် (ဓာတ်ပုံ − စိုင်းဇော်)

‘‘ကျွန်တော်တို့ဟာ သုံးလတစ် ဖြတ်၊ တစ်နှစ်မှာ လုံးဝအင်တာနေ ရှင်နယ်အဆင့်ဖြစ်ရမယ်’’ ဟု ရန် ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ယခုနှစ်ဖေဖော်ဝါရီ၌ ယုံကြည်မှုမြင့်မားစွာ ပြော ခဲ့သည်။


ရန်ကုန်မြို့ ဘတ်စ်ကားပြေး ဆွဲမှုစနစ်ကို မထသစနစ်မှ YBS စနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့သည့် တစ်လအကြာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ကတိက၀တ်ပြု ပြောကြားသည်။

YBS စနစ်မစတင်မီ ရက် ပိုင်းအလိုဖြစ်သည့် လွန်ခဲ့သည့် ခြောက်လလောက်ကလည်း YBS စနစ်၏ အလားအလာနှင့်ပတ် သက်၍ ‘‘၂၀၁၈ ဒီလိုအချိန်ကာ လမှာတော့ ဒီအများပြည်သူသယ် ယူပို့ဆောင်ရေး စနစ်တစ်ခုရဲ့ ပြောင်းလဲလာမှု အသီးအပွင့်တွေ၊  ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေအားလုံးကို ပြန် လည်သုံးသပ်ရင်းနဲ့ ၂၀၁၈ကို ကြိုဆိုနိုင်မယ်လို့ မျှော်လင့်ပါတယ်’’ ဟုလည်း ၎င်းကပြောကြားခဲ့သေး သည်။

ထိုသို့ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်၏ ယုံကြည်ချက် အပြည့်ဖြင့် YBS စနစ်စတင်မှု သည် ဇူလိုင် ၁၆ ရက်၌ ခြောက်လ တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

သို့သော် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရက လုပ်ဆောင်မည်ဟု ကြွေးကြော်ထားသော ရည်မှန်း ချက်များသည် ခြောက်လတာပြီး ဆုံးချိန်အထိ အကောင်အထည် ဖော်နိုင်ခြင်းမရှိဘဲ ဝေဖန်မှုများ ရင်ဆိုင်နေရဆဲဖြစ်သည်။

‘‘အစိုးရရဲ့ YBS အပြောင်း အလဲက အခုအချိန်အထိတော့ အရင်စနစ်နဲ့ ကွာခြားတာမတွေ့ ရသေးတာအမှန်ပဲ။ အဆင်ပြေ တယ်ဆိုတဲ့ ခရီးသည်က အနည်း အကျဉ်းပဲရှိမယ်ထင်တယ်’’ဟု မြောက်ဥက္ကလာပ မြို့နယ်နေ ကို အောင်မြင့်မြတ်က YBS ခြောက်လတာအခြေအနေအပေါ် မှတ် ချက်ပြုသည်။

သို့သော် ခရီးသည်အချို့က မူ YBS စနစ်၏ အပြောင်းအလဲကို စိတ်ရှည်စွာ စောင့်ကြည့်ရန်လို သည်ဟု လက်ခံထားကြသည်။

‘‘စနစ်အပြောင်းအလဲက ရေတိုအနေနဲ့ကတော့ ရလဒ်ခံ စားနိုင်မှာမဟုတ်ပါဘူး။ အစိုးရ ကလည်း စေတနာအပြည့်နဲ့လုပ် နေတာ သံသယရှိစရာမလိုတာ ကြောင့် ဆက်ပြီးစောင့်ကြည့်ဖို့ လိုမှာပါ။ စိတ်ပျက်တဲ့အထဲမှာ ကျွန်တော်မပါဘူး’’ဟု ကုမ္ပဏီဝန် ထမ်းကိုကိုဇင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် YBS စနစ်ကို သုံးလတစ် ဖြတ်နှင့် လေးဖြတ်ထားရှိကာ အ ဆင့်မြှင့်တင်ရန် လျာထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ လျာထားချက်၌ ခြောက်လအတွင်း ကြံ့ခိုင်မှုလျော့နည်းနေသော ဘတ်စ်ကားများနေ ရာတွင် ဘတ်စ်ကားအသစ်များ ဖြင့် အစားထိုးပြေးဆွဲရန်၊ ဘတ်စ် ကားများတွင် ယာဉ်နောက်လိုက် ထားရှိခြင်းမရှိတော့ဘဲ ခရီးသည် ကိုယ်တိုင် ယာဉ်စီးခထည့်သည့် ပုံးအတွင်း ကိုယ်တိုင်ငွေထည့်စီး နင်းနိုင်အောင် ဆောင်ရွက်မည် ဟု ထုတ်ဖော်ကြေညာထားသည်။

ထို့အပြင် ဘတ်စ်ကားများ ကို GPS တပ်ဆင်၍ ဗဟိုထိန်း ချုပ်ရေးစင်တာမှ စောင့်ကြည့် ညွှန်ကြားရန်၊ အများပိုင်ဘတ်စ် ကားကုမ္ပဏီများ အတည်တကျ ဖွဲ့စည်းစေပြီး တစ်ဦးချင်းပိုင် ဘတ်စ်ကားများ ဝင်ရောက်ပြေး ဆွဲခြင်းကို ရပ်ဆိုင်းရန်၊ ဘတ်စ်ကားမှတ်တိုင်များကို နိုင်ငံတကာအဆင့်မြှင့်တင်ရန် စသည်တို့ကိုလုပ်ဆောင်မည်ဟု ဆိုသည်။

ယခု သက်တမ်းခြောက်လ ကုန်ဆုံးသည့်အချိန်တွင် အစိုးရ နှင့် ပုဂ္ဂလိကကတင်သွင်းသည့် ဘတ်စ်ကားအသစ်စီးရေ ၂,၆၀၀ခန့် ရောက်ရှိထားပြီးဖြစ်သော်လည်း ယင်းဘတ်စ်ကားအသစ် စီးရေ ရာဂဏန်းခန့်သာ အစား ထိုးပြေးဆွဲနိုင်သေးကြောင်း YRTAရုံးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆို သည်။

ထို့အပြင် မထသစနစ်ကစ၍ ခရီးသည်များနှင့် မကြာခဏအ ချင်းပွားလေ့ရှိသော ယာဉ်နောက် လိုက်များနှင့်ပတ်သက်ပြီး မူလက ပြောထားသကဲ့သို့ ယာဉ်ပေါ်တွင် ထားရှိမှုရပ်ဆိုင်းခြင်းကို ခြောက် လကြာအထိ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ဇူလိုင် ၂၀ ရက်က စ၍ ဘတ်စ်ကားယာဉ်လိုင်းအား လုံးတွင် ယာဉ်စီးခထည့်သည့် ပုံးများ ထားရှိစေမည့်စနစ်ကို ကျင့်သုံးကာ ယာဉ်နောက်လိုက်မထား ရှိတော့ဟု YRTA က ထုတ်ပြန် ထားသည်။

ဘတ်စ်ကားများတွင် GPS စနစ်တပ်ဆင်၍ ထိန်းချုပ်ရေးစင် တာမှ ထိန်းချုပ်စောင့်ကြည့်သည့် စနစ်လည်း ယခုအထိ တွင်ကျယ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးဟု ယာဉ်မောင်းများက ဆို သည်။

ထို့အပြင် ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင် ၂၀၀ ခန့်ကို နိုင်ငံတကာအဆင့်မီ လမ်းညွှန်မှု ပေးနိုင်မည့် ဘတ်စ်ကားမှတ်တိုင် ကြီးများအဖြစ် အဆင့်မြှင့်တင် မည်ဟု ထုတ်ဖော်ပြောကြားထား သော်လည်း အကောင်အထည် ဖော်ခြင်းမရှိသေးပေ။

ရန်ကုန်တိုင်းဒေသကြီး အစိုး ရသည် ယခင်ကတည်းက ရှိနေခဲ့ သည့် အားနည်းချက်များကို ယခုအချိန်အထိ ပြင်ဆင်နိုင်ခြင်းမရှိ သောကြောင့် ရည်မှန်းချက် အောင်မြင်ရန် အခက်အခဲများကြုံ တွေ့နေရခြင်းဖြစ်ကြောင်း ယင်း စနစ်အပေါ် စောင့်ကြည့်လေ့လာ သူများက သုံးသပ်သည်။

‘‘အစိုးရက စေတနာနဲ့တော့ လုပ်တယ်။ စီမံမှုအပိုင်းက အများ ကြီးလိုအပ်နေတယ်။ အောက်ခြေ အဆင့်အထိ ကြပ်မတ်ထိန်း ကျောင်းနိုင်မှုအားမကောင်းဘူး။ သတင်းအချက်အလက်တွေ မြန် မြန်ဆန်ဆန်မထုတ်ပြန်နိုင်ဘူး’’ ဟု YBS စနစ်စတင်စဉ်က စေတ နာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင် ရွက်ပေးခဲ့သည့် အရပ်ဘက်အဖွဲ့ များတွင် လှုပ်ရှားနေသူကိုနေမျိုး ကသူ၏အမြင်ကို ပြောသည်။

ထိုသို့စီမံခန့်ခွဲမှုအားနည်း ချက်များကြောင့် YBS ဘတ်စ် ကားစတင်ပြေးဆွဲသည့် တစ်ပတ် အကြာကာလအတွင်း လမ်းမများ ပေါ်တွင် ဘတ်စ်ကားစီးရေမလုံ လောက်ခြင်းကြောင့် ခရီးသွားများ မှတ်တိုင်များ၌ စုပုံနေခြင်းကြုံ ခဲ့ရသည်။

မထသစနစ်၌ ဘတ်စ်ကား အစီးရေ ၃,၅၀၀ ခန့်ဖြင့်ပြေးဆွဲ ပေးခဲ့သော်လည်း YBS စနစ်စစ ချင်းတွင် ဘတ်စ်ကားစီးရေ ၂,၀၀၀ ခန့်သာဝင်ရောက်ပြေးဆွဲ ခဲ့ခြင်းကြောင့် ခရီးသွားလာမှုအ ခက်အခဲများ ကြုံတွေ့ခဲ့ရခြင်းဖြစ် သည်။

တိုင်းဒေသကြီးအစိုးရအနေ ဖြင့် YBS စနစ်နှင့်ပတ်သက်၍ ခြောက်လအတွင်း မြင်သာစွာလုပ်ကိုင်နိုင်ခဲ့သည့်ကိစ္စသည် မထသ စနစ်၌ ရှိခဲ့သည့်ဘတ်စ်ကားလိုင်း ၃၀၀ ကျော်ကို လက်ရှိအချိန် ၌လိုင်း ၉၀ ခန့်ပြေးဆွဲပေးနိုင် ခြင်းသာဖြစ်ကြောင်း ယာဉ်ပိုင် များကလည်း မှတ်ချက်ပြုသည်။

YBS စတင်ပြေးဆွဲစဉ်ကမူ ဘတ်စ်ကားလိုင်း ၆၀ ခန့်ဖြင့် စတင်ခဲ့သော်လည်း ခြောက်လအတွင်း လိုင်း ၃၀ ခန့် ထပ်တိုးလာသည်။

ယခု ဘတ်စ်ကားစီးရေမလုံ လောက်မှု ပြဿနာကိုဖြေရှင်းနိုင် ခဲ့သော်လည်း ကြံ့ခိုင်မှုအားနည်း သော ယာဉ်များကို ဆက်လက်အ သုံးပြုနေခြင်း၊ စည်းကမ်းချိုး ဖောက်သည့် ယာဉ်လုပ်သားများ ကို ကြပ်မတ်အရေးယူမှုအားနည်း ခြင်းများ  ကြုံနေရဆဲဖြစ်ကြောင်း ခရီးသည်များကဆိုသည်။

ထို့အပြင်ဘတ်စ်ကားယာဉ် လိုင်းအများစုသည် မထသစနစ် အတိုင်းကိုယ်ရကိုယ်ယူ စနစ်ကို ဆက်လက် ကျင့်သုံးနေခြင်းက ယှဉ်ပြိုင်မောင်းနှင်မှုကို ဖြစ်ပေါ် စေသော်လည်း ယင်းစနစ်ကိုထိန်း ချုပ်နိုင်ခြင်းမရှိသေးပေ။

‘‘ကားကျပ်တာ၊ ကားပြိုင် မောင်းတာ၊ ယာဉ်နောက်လိုက်ရဲ့ မိုက်မိုက်ရိုင်းရိုင်း ပြောဆိုတာမျိုး တွေက အခုထိမချုပ်ငြိမ်းနိုင်သေး တာတော့ အမှန်ပဲ။ ခရီးသည်တွေ မလိုချင်တဲ့ အဓိကအချက်တွေက လည်း အဲဒါတွေပဲ။ ဒါကိုဘာ ကြောင့် မဖြေရှင်းပေးနိုင်ရတာလဲ ဆိုတာ မေးခွန်းထုတ်ချင်တယ်’’ ဟု ဦးလှမြင့်ကပြောသည်။

ရန်ကုန်တိုင်းအစိုးရက YBS အောင်မြင်စေရန် မည်မျှစေတနာ ထားပြီး အာရုံစိုက်ဆောင်ရွက် နေသလဲဆိုသည်နှင့် YBS ကအစိုး ရအပေါ် မည်မျှဖိစီးကြောင်း ရန် ကုန်တိုင်းလျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန် ကြီးဒေါ်နီလာကျော်၏ ယခုရက် ပိုင်းအတွင်း ပြောစကားကသက် သေပြနေသည်။

‘‘ရှင်းရှင်းပြောရရင် မထသ ဖျက်ပြီး YBS ပြောင်းကတည်းက ကျွန်မတစ်ရက်မှ အေးချမ်းစွာပြီး သွားတဲ့ရက် တစ်ရက်မှမရှိပါဘူး။ ကျွန်မတို့ဘာလို့ ဒီလောက်စိတ် ပင်ပန်း၊ လူပင်ပန်းခံပြီး ပြောင်းလဲပေးနေရလဲဆို ဘတ်စ်ကားတွေ ကိုစီးပြီး သွားလာနေရတဲ့ ပြည်သူလူထုတစ်ချိန်မှာ စိတ်ချမ်းချမ်း သာသာနဲ့ သွားလာဖို့ ဒီဟာသည် ၀န်ဆောင်မှုပေးတာပါ။ နိုင်ငံတ ကာမှာလို အဆင့်အတန်းရှိရှိ သွားလာနိုင်ဖို့ အားကုန်ကြိုးစားပြီး ကျွန်မတို့ တကယ်ကို စေတနာ ထားပါတယ်’’ ဟု ၎င်းကဆိုသည်။

YBS ကို ၀န်ဆောင်မှုကောင်း ပေးနိုင်သည့်အဆင့် ရောက်ရှိရန် ကြိုးစား လုပ်ဆောင်နေသည်ဆို သော်လည်း ခြောက်လမတိုင်မီ မင်္ဂလာဒုံမြို့နယ်၌ ဖြစ်ပွားခဲ့ သည့် ဘတ်စ်ကားနှစ်စီးတိုက်မှု ဖြစ်စဉ်က တိုင်းဒေသကြီး အစိုးရအပေါ် ထိုးနှက်ချက်တစ်ရပ်ဖြစ် လာစေခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှု ကြောင့် ယင်းစနစ်အပေါ်ဝေဖန်မှု ပို၍ဖြစ်ပေါ်လာစေခဲ့ပြီး ၀န်ကြီး ဒေါ်နီလာကျော်ကိုယ်တိုင်ဖြစ်စဉ် ဖြစ်ပွားပြီး တစ်ပတ်အကြာတွင် YBS  ဘတ်စ်ကားနှစ်စီး တိုက်မှု တွင် သေဆုံး၊ ဒဏ်ရာရရှိသူများ ကို ကရုဏာကြေးပေးအပ်သည့် အခမ်းအနား၌ တောင်းပန်ခဲ့ သည်။

YBS သက်တမ်းခြောက်လ အတွင်း အဆိုးရွားဆုံး ယာဉ်မ တော်တဆမှုတွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ၏ မိသားစုဝင် များကို ကရုဏာကြေးပေးခြင်းနှင့် တောင်းပန်ခဲ့ခြင်းကြောင့် အစိုးရ ၏ တာဝန်ခံမှုအပေါ် အသိအမှတ် ပြုမှုများရှိလာခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုက YBS စနစ်ပြောင်းလဲမှုကို အရှိန် မြှင့်တင်ရန် လှုံ့ဆော်လိုက်သကဲ့ သို့ ဖြစ်လာစေခဲ့သည်။ တိုင်းအစိုး ရက YBS (၅၅) ယာဉ်လိုင်းကိုပိတ် ခြင်း၊ YBS ယာဉ်များအတွက် စည်းကမ်းချက်လေးချက်ကို ရက် ပိုင်းအတွင်း ထုတ်ပြန်၍ မြန်မြန် ဆန်ဆန်တုံ့ပြန်ခဲ့သည်။ 

သို့သော် တိုင်းအစိုးရ၏ စီမံ ခန့်ခွဲမှုများသည် ယခုထက်ပိုမို စမတ်ကျရန်လိုကြောင်း ထောက် ပြမှုများရှိနေဆဲဖြစ်သည်။

‘‘YBS ကားနှစ်စီးတိုက်တယ် ဆိုတဲ့ကိစ္စဟာ ကားနှစ်စီးတိုက် တယ်ဆိုတဲ့ မှုခင်းနဲ့တင် ကြည့်လို့ မရဘူး။ ငါတို့လူ့ဘောင်တွင် ကားနှစ်စီးတိုက်ပြီး လူများစွာ သေကျေပျက်စီးဒဏ်ရာရရှိမှုတို့ ဖြစ်လာရစေတဲ့ အပြုအမူအလေ့ အထတွေဟာ ဘာကြောင့်ဖြစ် ပေါ်နေရသလဲ’’ ဟု (ပိုကျယ်ဝန်း ခြုံငုံတဲ့ ရှုထောင့်မှကြည့်ရှုကာ) ယင်း Behavior Problem ကို ဖြေရှင်းဖို့ လုပ်ဆောင်ရပါမယ်။ ရန်ကုန်မြို့မှာ လူတွေဟာ ခရီး သွားရင် ဘတ်စ်ကား စီးတာပဲ ဖြစ်ဖြစ်၊ လမ်းလျှောက်နေတာပဲဖြစ်ဖြစ် လုံခြုံနေတယ်လို့ ခံစားရ တယ်လို့မရှိဘူး။ ဘာဖြစ်လို့လဲ ဆို ကားမောင်းသူတွေရဲ့ Public Safety Behavior အများပြည်သူ တွေ ဘေးအန္တရာယ်ကင်းလုံခြုံ ရေးအတွက် သတိထားဆောင် ရွက်တဲ့ အလေ့အထအပြုအမူတို့ ဟာ အလွန်ဆင်းရဲနိမ့်ကျနေတာ ဖြစ်တဲ့အတွက် ဖြစ်ပါတယ်’’ ဟု ဆောင်းပါးရှင် ညိုထွန်းကထောက်ပြသည်။  ထို့ကြောင့် ယခု ယာဉ်တိုက်မှုဖြစ်စဉ်ကို နမူနာယူ၍ ယာဉ်မောင်းများတွင် လူထုဘေးအန္တရာယ်ကင်းရှင်းရေး အပြုအမူများ ဖြစ်ထွန်းလာအောင် ဆောင်ရွက်ရန် ၎င်း၏ ‘အပြုအမူ’ ဆောင်းပါး၌ တိုက်တွန်းထား သည်။

ထိုသို့သော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကျွမ်းကျင်ပညာရှင်များ၊ ၀န်ထမ်း အင်အားများ တိုးမြှင့်၍ အောက် ခြေအထိ လွှမ်းခြုံမှုရရှိအောင် ဆောင်ရွက်သင့်ကြောင်း မြို့ပြ ဆိုင်ရာ ကျွမ်းကျင်သူများအချို့က အကြံပြုသည်။

‘‘အခု အဲဒီစနစ်က လူအင် အားနည်းနည်းနဲ့ ရုန်းနေရတဲ့ သဘောလို့ ကျွန်တော်တော့ မြင် တယ်’’ဟု မြို့ပြဆိုင်ရာကျွမ်းကျင် သူ ဦးစိုးနိုင်ကဆိုသည်။

အဆိုပါ YBS စနစ်ကို တာ ၀န်ယူဖော်ဆောင်နေသည့် ရန် ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တာ ၀န်ရှိသူတစ်ဦးကလည်း ၎င်းတို့ တွင် လူအင်အားမလုံလောက် သည့် အခက်အခဲများ ရှိနေ ကြောင်း ၀န်ခံသည်။

Power Eleven အများပိုင် ဘတ်စ်ကားကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးတရုတ်လေးကမူအစိုးရအနေဖြင့် အများပိုင်ကုမ္ပဏီများကို တွန်းအားပေးမှု ပိုမိုပြုလုပ်ခြင်းဖြင့်လည်း အပြောင်း အလဲ ပို၍မြန်ဆန်လာနိုင်စေကြောင်း အကြံပြုသည်။

 ‘‘အများပိုင်ကုမ္ပဏီတွေရဲ့ ယှဉ်ပြိုင်မှု အားကောင်းလာရင် တော့ ၀န်ဆောင်မှုအပိုင်း၊ ရုပ် ပိုင်းဆိုင်ရာတွေက မြန်မြန်ဆန် ဆန် ပြောင်းလဲလာနိုင်ပါတယ်။ ဒါပေမဲ့ တစ်နှစ်အတွင်း ကြီးကြီး မားမား တိုးတက်မှုတွေ့ရှိရဖို့ဆို တာတော့ ခက်ပါလိမ့်မယ်’’ ဟု ၎င်းကဆက်လက်ပြောသည်။