ဦးဖြိုးမင်းသိန်း တပ်မတော်ကို တောင်းပန်

ဓာတ်ပုံ−စိုင်းဇော်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ တောင်းပန်စာကို လက်ခံရရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇူလိုင် ၁၆ ရက် ညနေတွင် သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ်သည် တောင်းပန်စာကို ဇူလိုင် ၁၃ ရက်စွဲဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လိပ်မူ၍ အမြန်ချောပို့လမ်းကြောင်းဖြင့် ပေးပို့ခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဦးဖြိုးမင်းသိန်းက ဇူလိုင် ၉ ရက်တွင် ပြောကြားပြီးနောက် ဇူလိုင် ၁၃ ရက်တွင် တောင်းပန်စာ ပေးပို့ခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံသို့ ရှစ်ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေသော တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၁၅ ရက်ညတွင်နေပြည်တော်သို့ ပြန်လည်ရောက် ရှိလာပြီး နောက်တစ်နေ့၌ ဦးဖြိုးမင်းသိန်းက တောင်းပန်ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။

ဦးဖြိုးမင်းသိန်းတောင်းပန် ကြောင်း တပ်မတော်က စာထုတ် ပြီး ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီဌာနချုပ်ရုံး၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ပါတီက သတိပေးဆုံးမကြောင်း ဇူလိုင် ၁၄ ရက်စွဲဖြင့် ရုံးတွင်းအ မိန့်အဖြစ် စာကပ်ခဲ့သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးဆိုသည်မှာ ဒီမိုကရေစီခေတ်တွင်မရှိကြောင်း နှင့် အရပ်သားအုပ်ချုပ်ရေးစနစ် ၏အောက်တွင် စစ်ဘက်ရှိရမည် ဖြစ်ကြောင်း ဇူလိုင် ၉ ရက်၌ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သည့် အရပ်ဘက်လူ့အဖွဲ့ အစည်းနှင့် မီဒီယာစီမံကိန်းဂုဏ် ထူးဆောင်အဖွဲ့ဝင် အစီအစဉ် ၂၀၁၇ စတင်ခြင်းနှင့် လမ်းညွှန် ခြင်း အလုပ်ရုံဆွေးနွေးပွဲ၌ ပြော ကြားခဲ့သည်။

ဆက်လက်၍ ဦးဖြိုးမင်း သိန်းက ‘‘ကာကွယ်ရေးဦးစီးချုပ် ဆိုတာ ကျွန်တော်တို့ Protocol (အင်္ဂါစဉ်)အရဆို ညွှန်ကြားရေး မှူးချုပ် Level ပဲ ဖြစ်ပါတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့ Relation ဆက်ဆံနေရတဲ့ ဥစ္စာဟာ နိုင်ငံ့အကြီး အကဲ Level (အဆင့်)တစ်ခုတည်း ကို ထည့်ဆက်ဆံရတာဖြစ်တဲ့အ တွက် ဒါသည် ဒီမိုကရေစီမဟုတ် ပါဘူး’’ဟု ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ်ကို လိုအပ်သလို စိစစ်အ ရေးယူပေးရန် တပ်မတော်က အစိုးရထံ ဇူလိုင် ၁၁ ရက်တွင် တင်ပြခဲ့ပြီးနောက် ဇူလိုင် ၁၃ ရက်၌ သမ္မတရုံးက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ထံ အကြောင်းပြန် စာပေးပို့ခဲ့ကြောင်း သမ္မတရုံးညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ဦးဖြိုးမင်းသိန်း၏ ဇူလိုင် ၉ ရက်ပြောကြားချက်များသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အ ကြား အထင်အမြင်လွဲမှားမှုကို ဖြစ်ပေါ်စေကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဆောင်ရွက် ရမည့်ကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထား ကြောင်း ၎င်းက ရှင်းပြသည်။

ဦးဖြိုးမင်းသိန်း၏ ပြောကြား ချက်အပေါ် တပ်မတော်က သဘောထား ထုတ်ပြန်ချက်ကို ဇူလိုင် ၁၂ ရက်ညတွင် ထုတ်ပြန် ခဲ့ပြီး ထုတ်ပြန်ချက်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြည်ပသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက် နေချိန်တွင် ယခုကဲ့သို့ ပြောကြား ချက်သည် တပ်မတော်၏ အကြီး အကဲကို တိုက်ရိုက်ပုတ်ခတ်ပြော ဆိုခြင်းဖြစ်ကြောင်းနှင့် ယင်းပြော ကြားချက်သည် တပ်မတော်အ ကြီးအကဲနှင့် တပ်မတော်ပုံရိပ်ကို ကျဆင်းစေရန် တိုက်ရိုက်ထိခိုက် စော်ကားခြင်းဟု ယူဆကြောင်း ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်ကို တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဇူလိုင် ၁၅ ရက်အထိ Pinned Post (ထိပ်ဆုံးအကြောင်းအရာ)အဖြစ် လွှင့်တင်ထားပြီး ဦးဖြိုးမင်းသိန်း ၏ တောင်းပန်စာထုတ်ပြန်ချိန် တွင် Pinned Post မှ ပယ်ဖျက် ထားသည်ကို တွေ့ရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ ပေးပို့သည့် တောင်းပန်စာနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းထံ ဆက်သွယ်မေးမြန်းရာ တစ်စုံတစ် ရာမှတ်ချက်မပြုခဲ့ပေ။

လက်ရှိအချိန်သည် နိုင်ငံ ရေးအရ အကဲဆတ်သည့် အခြေ အနေမျိုး ပြန်လည်ရောက်ရှိနေ၍ ခေါင်းဆောင်နေရာတွင်ရှိသော ပုဂ္ဂိုလ်များအနေဖြင့် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး ထိန်းထိန်းသိမ်း သိမ်း ပြောဆိုပြုမူနေထိုင်သင့် ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဆောင်းပါးရှင် ဦးဇေ ယျသူက မှတ်ချက်ပြုသည်။

‘‘အခုလို ဦးဖြိုးမင်းသိန်းတောင်းပန်လိုက်တာဟာ ဒေါ် အောင်ဆန်းစုကြည် နဂိုကတည်း က ကြေညာထားတဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ နိုင်ငံတည် ဆောက်ရေးဆိုတဲ့ လမ်းကြောင်း အတိုင်း မမှိတ်မသုန် ဆက် လျှောက်နေတယ်ဆိုတဲ့ သဘော ထားလို့ တပ်မတော်က မြင်မယ် လို့ ဘေးလူတစ်ယောက်အနေနဲ့ ထင်ပါတယ်’’ဟု ဦးဇေယျသူက သုံးသပ်သည်။

More in News Section