ဗင်နီဇွဲလားတွင် မဲပေးရန် တန်းစီနေသူများကို ပစ်ခတ်မှု ဖြစ်ပွားပြီး တစ်ဦးသေဆုံး

ဗင်နီဇွဲလား နိုင်ငံတွင် မဲပေးရန် တန်းစီနေသည့် လူအုပ်ကို ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ဗင်နီဇွဲလား၏မြို့တော် ကာရာဆက်စ်တွင် ဇူလိုင် ၁၆ ရက်က အစိုးရကို အတိုက်အခံပြုသည့် တရားဝင် မဟုတ်သော ဆန္ဒပြု ခံယူပွဲ မဲပေးမှု အစီအစဉ် တစ်ရပ်ကို ပြုလုပ်နေစဉ် ဆိုင်ကယ်စီးလာသူများက မဲပေးရန် တန်းစီနေသည့် လူအုပ်ထဲ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်တွင် အသက် ၆၁ နှစ်အရွယ် သူနာပြု အမျိုးသမီးကြီးတစ်ဦး သေဆုံးပြီး နောက်ထပ်သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။ အတိုက်အခံ အင်အားစုများက ယခုလုပ်ရပ်ကို ကျူးလွန်သူများသည် အစိုးရကို အားပေးထောက်ခံသည့် ပြည်သူ့စစ် အမည်ခံ လက်နက်ကိုင်များဟု စွပ်စွဲခဲ့သည်။

ဗင်နီဇွဲလားသည် နိုင်ငံရေး မတည်ငြိမ်မှုများဖြင့် ပဋိပက္ခ အခြေအနေများ ဖြစ်ပေါ်နေပြီး ဧပြီလနောက်ပိုင်းတွင် နိုင်ငံရေးနှင့် ဆက်နွှယ်သည့် ပြဿနာများကြောင့် သေဆုံးသူ ၁၀၀ ကျော်ထိ ရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အတိုက်အခံ အင်အားစုများ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကားလို့စ် အိုကာရစ်ဇ်က “ဒါဟာ အင်မတန် သူရဲဘောကြောင်ပြီး စက်ဆုပ်စရာကောင်းတဲ့ တိုက်ခိုက်မှုပဲ။ ထိခိုက် သေဆုံးခဲ့သူတွေအတွက် အရမ်း ကြေကွဲ နာကျင်မိပါတယ်”ဟု ပြောကြားခဲ့သည်။

ကာရာဆက်စ် ရဲတပ်ဖွဲ့က သေဆုံးသူ အမျိုးသမီး၏ အမည်မှာ ဇောင်မာရ ဆိုလီဒက် စကော့ဟု ထုတ်ပြန်ပြီး ဆေးရုံရောက်ပြီး မိနစ်အနည်းငယ်အတွင်း ကွယ်လွန်ခဲ့ကြောင်း ဆိုသည်။ ဖြစ်စဉ်ကို စုံစမ်းမှုများ ပြုလုပ်နေဆဲဟုလည်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုအတောအတွင်း အတိုက်အခံ မီဒီယာသမား တစ်ဦးမှာလည်း ပြန်ပေးဆွဲ ဖမ်းဆီးခံရပြီး လူတစ်စုက ၎င်းကို ရန်ပြု တိုက်ခိုက်ခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်လာကာ ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ဗင်နီဇွဲလားတွင် ဇူလိုင် ၃၀ ၌ အမျိုးသား ညီလာခံ ဖွဲ့စည်းမှု အသစ်အတွက် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး အစိုးရအပေါ် ဖိအားများ ကြီးကြီးမားမား သက်ရောက်နေသည်။ အမျိုးသား ညီလာခံသည် ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်သည့် အခွင့်အာဏာ ရှိနေပြီး အတိုက်အခံ အင်အားစုများက အပြတ်အသတ် အနိုင်ရမည့် အခြေအနေများ ရှိနေကြောင်း လေ့လာသူများက သုံးသပ် ပြောကြားထားသည်။

Ref: Guardian