နိုင်ငံခြားသူနှစ်ဦးကို ခြိမ်းခြောက်ငွေတောင်းခံသူများအနက် ငါးဦး ဖမ်းမိထား

နိုင်ငံခြားသူနှစ်ဦးထံမှ ခြိမ်းခြောက်ငွေတောင်းခဲ့သူများကို ဖမ်းဆီးထားစဉ် (ဓာတ်ပုံ − Yangon Police fb)

 ဒလမြို့နယ်တွင် နိုင်ငံ ခြားသားအမျိုးသမီးနှစ်ဦးထံမှ ဒေါ်လာငွေခြိမ်းခြောက်တောင်း ယူခဲ့သူ အမျိုးသား ခုနစ်ဦးအနက်ငါးဦးကို ဖမ်းဆီးရမိထားကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့မှ  ဒုရဲမှူးမြင့်ဇော်က ပြောသည်။

ဟောင်ကောင်သူ Ms.Chui Ka Yee နှင့် ဗြိတိန်နိုင်ငံသူ Ms.Kam Yi Ching တို့ ဇူလိုင် ၆ ရက်က မဟာဗန္ဓုလပန်းခြံအတွင်း လာရောက်လည်ပတ်စဉ် အမျိုးသားနှစ်ဦးက စည်းရုံးပြောဆိုကာ ဒလမြို့သို့ ကူးတို့သင်္ဘောဖြင့် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒုရဲမှူးမြင့်ဇော်က ပြောသည်။

‘‘သူတို့နှစ်ယောက်စလုံးက ဒီရက်ပိုင်းအတွင်း သူတို့နိုင်ငံတွေ ကို ပြန်တော့မှာပါ။ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက် ပြီး ဖမ်းတာပါ။ အားလုံး ငါး ယောက်ဖမ်းမိထားပါတယ်။ ရန်ကုန်မှာတော့ ဒီနှစ်အတွင်း ပထမဆုံးအမှုဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားသူနှစ်ဦးကို ဒလမြို့ နယ်သို့ ခေါ်ဆောင်ပြီးနောက် ဆိုင်ကယ်ငါးစီးဖြင့် အသင့်စောင့်နေသည့် အမျိုးသားငါးဦးက ဆိုင် ကယ်ဖြင့်လည်ပတ်ရန် ပြောဆို ခဲ့သော်လည်း မိုးရွာနေရာ ဆိုင်ကယ်မစီးလိုကြောင်း ပြောကြား၍ ဆိုက်ကားဖြင့် ဘုရားတစ်ဆူသို့ လိုက်ပို့ခဲ့ပြီးနောက် ဆူနာမီကျေးရွာသို့ ခေါ်ဆောင်ခဲ့ကြောင်း ဒလမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘အဲဒီရွာမှာ တစ်ယောက်က သူ့အဖေသေလို့ဆိုပြီး အလှူခံ တယ်။ အမျိုးသမီးနှစ်ယောက်က လည်း ဆန်တစ်အိတ်ခွဲစာ ကျပ်  ၈၀,၀၀၀ လှူခဲ့တယ်။ နောက် ထပ်တစ်နေရာခေါ်တော့ မလိုက် ချင်ဘူးပြောတယ်။ ဆိပ်ကမ်းပြန် မယ်ပြောတော့ ဆိုက်ကားခတစ် စီးကို ငါးသောင်းခွဲတောင်းတယ်။ သုံးစီးစာ  တစ်သိန်းခွဲကျော် တောင်းတော့ အဆင်မပြေဖြစ်ပြီး နောက်ဆုံးဒေါ်လာ ၁၀၀ နဲ့ ဈေး တည့်သွားတယ်’’ဟု ၎င်းရဲအရာရှိ က ပြောသည်။

ဆိုက်ကားခဈေးနှုန်း ညှိနှိုင်း နေစဉ် ဟောင်ကောင်သူ Ms. Chui Ka Yeeက ဖုန်းဖြင့် ဗီဒီယိုရိုက်သဖြင့် အမျိုးသားတစ်ဦးက ကိုယ်ထိလက်ရောက်တွန်း၍ အင်္ဂလိပ် ဘာသာစကားဖြင့် ညစ်ညမ်းစွာဆဲဆိုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဇူလိုင် ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

‘‘ဆိုက်ကားခဒေါ်လာ ၂၀ တန် ငါးရွက်ပေးတယ်။ ဒေါ်လာ နှစ်ရွက်က ခေါက်ရိုးရာရှိလို့ ပြန်လဲပေးခိုင်းတယ်။ ပြန်လဲပေးပေမယ့် ခေါက်ရိုးကျိုးနေတဲ့ ဒေါ်လာ

တွေကိုလည်း ပြန်မပေးဘူး။ အားလုံးဒေါ်လာ ၁၄၀ ပေးခဲ့ရတယ်လို့ သိရတယ်’’ဟု ဒုရဲမှူးမြင့်ဇော်က ပြောသည်။

ခြိမ်းခြောက်ကာ ငွေတောင်း ခံရမှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံခြား သူနှစ်ဦးသည် ဒလမြို့မရဲစခန်း သို့ အမှုဖွင့်တိုင်ကြားခဲ့ပြီး  နဆင်း (ခ)ရဲကိုကို ဇူလိုင် ၁၃ ရက်၊ ရှဗျန်း(ခ)ကျော်မင်းနိုင်ကို ဇူလိုင် ၁၄ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

‘‘တရုတ်နိုင်ငံသူ ရိုက်ထား တဲ့ ဗီဒီယိုမှတ်တမ်းမှာ သူတို့နှစ် ယောက်ဓာတ်ပုံတွေ ပါတယ်။ နှစ်ယောက်စလုံးက မဟာဗန္ဓုလပန်းခြံအနီးတစ်ဝိုက်မှာ အလွတ်တန်း Tourist Guide လုပ်တယ်လို့ သိရတယ်။ ၁၄ ရက်နေ့ညနေမှာပဲ နောက်ထပ်သုံးယောက်က ရဲစခန်းမှာ လာအဖမ်းခံပါတယ်’’ ဟု ဒလမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။

ခြောက်လှန့်ငွေတောင်းယူ သူ ရှဗျန်း(ခ) ကျော်မင်းနိုင်၊ နဆင်း(ခ)ရဲကို၊ စိုးကိုကို၊ အောင်ကိုဝင်း၊ အငယ်လေး(ခ) ရာဇာဝင်းနှင့် ထွက်ပြေးလွတ်မြောက်နေသူ  ငမဲနှင့် အစ္စလန်းတို့ကို ဒလမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေသည်။ 

Top News