ကရင်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်ထဲရေးအဆင့်မြင့် တာဝန်ရှိသူသုံးဦးကို အဂတိတိုက်ဖျက်မှု ဥပဒေဖြင့် တရားစွဲဆို

ကရင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးပြုံးချိုနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲမှူး ကြီးတစ်ဦးအပါအဝင် အရာရှိသုံး ဦးကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို ထားကြောင်း သတင်းရရှိသည်။

ဦးပြုံးချို၊ ပြည်ထဲရေးဝန်ကြီး ဌာနမှ ဒုတိယရဲမှူးကြီး တစ်ဦး၊ ဒုတိယညွှန်ကြားရေးမှူးတစ်ဦး နှင့် ဦးစီးအရာရှိတစ်ဦး၊ မြေပိုင် ရှင်ကိုယ်စားလှယ်လွှဲအပ်ခြင်း ခံ ထားရသော အရပ်သားနှစ်ဦး စုစု ပေါင်း ခြောက်ဦးကို အဂတိလိုက် စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ ဖြင့် အရေးယူရန် တရား စွဲဆိုခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

 ၎င်းတို့အနက် သုံးဦးကို ဖမ်းဆီးရမိထားကြောင်း သတင်း ရရှိသည်။

ထို့အပြင် ဦးပြုံးချိုသည် ယခင်အစိုးရ လက်ထက်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန်ဖြစ်သည်။ ထို့ကြောင့် အဆိုပါကိစ္စဖြစ်ခဲ့စဉ် က ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိလေးဦး ပါဝင်ပတ်သက်ခဲ့ သည်ဟု စွပ်စွဲတရားစွဲဆိုခံရခြင်းဖြစ်သည်။

‘‘ဒီကိစ္စက ဒုတိယအမြဲတမ်း အတွင်းဝန်အနေနဲ့ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ဧပြီလက တည်းက စတင်ဖြစ်ပွားခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ အဓိကဖြစ်စဉ်က ရန်ကုန်မှာရှိတဲ့ မြေကွက်တစ် ကွက်နဲ့ပတ်သက်ပြီး သိန်းထောင် နဲ့ချီပြီး အဂတိလိုက်စားမှုဖြစ်ပါ တယ်။ ဒီထဲမှာ Alphard ယာဉ် ပေးတာ၊ Mark II ယာဉ်ပေးတာ စတဲ့အချက်တွေပါပါတယ်။ မူလ က ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့တဲ့ Case ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက အရာ ရှိတွေ ပါဝင်ပတ်သက်နေတာဖြစ် တဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို လွှဲ ပြောင်းပေးပြီး ကိုင်တွယ်စေခဲ့တာ ဖြစ်ပါတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။

ဦးပြုံးချို၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုရဲမှူးကြီး ကျော်ဇေယျ အပါအဝင် သုံးဦးကို ဇူလိုင် ၁၆ ရက်က ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘မြေယာပြဿနာလို့ သိရ တယ်။ ငွေပမာဏလည်း များ တယ်ကြားတယ်။ အခုလောလော ဆယ် ဖမ်းဆီးထားတာ သုံးဦး၊ တစ်ဦးကလွတ်နေသေးတယ်’’ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိ သူက ပြောသည်။

ထို့အပြင် ဦးပြုံးချိုနှင့် ဒုရဲမှူး ကြီးကျော်ဇေယျအပါအဝင် ဖမ်း ဆီးထားသူသုံးဦးကို ဇူလိုင် ၁၇ ရက်က ဗဟန်းမြို့နယ် တရားရုံး တွင် ရုံးထုတ်ရမန်ယူ၍ အင်းစိန် ထောင်သို့ပို့ခဲ့သည်။

‘‘အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်က မနေ့က ညနေက လာခေါ်သွားတယ်ပေါ့ နော်။ ကျွန်တော်ကလည်း ဝန်ကြီး ချုပ်က ရန်ကုန်ရောက်နေတော့ အဲဒီမှာပါလာတာပေါ့။ ပြည်နယ် အစိုးရရုံးက ကျွန်တော့်ကို ဖုန်း ဆက်ပြီး ပြောတာပေါ့။ ဝန်ကြီးတဲ့ ကိုပြုံးချိုကို လာခေါ်သွားတယ် တဲ့။ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က လာခေါ်သွားပြီ ပေါ့နော်။ ခေါ်ယူစစ်ဆေးတာ ပေါ့။ ကိုပြုံးချိုက ကျွန်တော်တို့ ကရင်ပြည်နယ်မှာ တာဝန်ထမ်း ဆောင်တာ သုံးလပဲ ရှိပါသေး တယ်။ အဲဒီ သုံးလအတွင်းမှာ တော့ ဘာပြဿနာမှ မရှိပါဘူး နော်။ အရင်အစိုးရလက်ထက်က ပြဿနာပဲဖြစ်မယ်လို့ ထင်တယ်။ ရန်ကုန်မှာ စစ်ဆေးနေတယ်လို့ သိရတယ်။ အရင်အစိုးရကဖြစ်တဲ့ ပြဿနာတော့ ကျွန်တော်တို့လည်းမသိဘူး’’ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ဇူလိုင် ၁၇ ရက်တွင် ပြောသည်။

အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေပုဒ်မဖြင့် ဖမ်းဆီးခံ ရသည့်သုံးဦးကို ဇူလိုင် ၃၁ ရက် တွင် ရုံးချိန်းပြန်လည် ချိန်းဆိုထား ပြီး အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးစိန်တင်က တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း ဗဟန်းမြို့နယ် တရားရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

‘‘အဂတိလိုက်စားမှု တိုက် ဖျက်ရေးကို အလေးထားဆောင် ရွက်နေတာ ဖြစ်ပေမယ့်လည်း တချို့သော ကိစ္စတွေက စစ်ဆေး တဲ့အခါ ကျော်စောမှုသဘောမျိုး ဖြစ်နေပြီး တိကျတဲ့၊ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ လိုအပ်ပါတယ်။ သံသယဖြစ်ခြင်း ခံရသူတွေအနေနဲ့လည်း ဥပဒေနဲ့ အညီ ပြန်လည်ရှင်းလင်းချေပခွင့် ရှိရမှာဖြစ်ပါတယ်။ ဒီအတိုင်းပဲ ဆောင်ရွက်နေတာဖြစ်တဲ့ အ တွက် တချို့ကိစ္စတွေမှာလည်း ဝန်ကြီးဌာနတွေရဲ့ စည်းမျဉ်းစည်း ကမ်းနဲ့ ဝန်ထမ်းဥပဒေနဲ့ အရေး တာတွေလည်း အများကြီးရှိနေပြီ လို့ ပြောနိုင်ပါတယ်’’ဟု ဦးဇော် ဌေးက ပြောသည်။

အမှုဖွင့်တိုင်ကြားမှုနှင့်ပတ် သက်ပြီး အဂတိလိုက်စားမှုတိုက် ဖျက်ရေး ကော်မရှင် ပြောရေးဆို ခွင့်ရှိသူ ဦးသင်းမောင်ထံ ဇူလိုင် ၁၇ ရက်က ဆက်သွယ်မေးမြန်းရာ မရရှိခဲ့ပေ။

အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ သည် ထောင်ဒဏ် ၁၀ နှစ်အထိ ချနိုင်ကြောင်း သိရသည်။

Top News