သုတေသနလုပ်ငန်းများ ရွှေခေတ်ရောက်ချိန်

မိန်းမလှကျွန်း ဒေသခံများအား လိပ်မျိုးစိတ်များ ပျံ့နှံ့မှုအခြေအနေနှင့် ပတ်သက်၍ လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့ဝင် ဒေါ်မီိမီစိုးက ဖေဖော်ဝါရီလအတွင်း မေးမြန်းသုတေသနပြုလုပ် နေစဉ် (ဓာတ်ပုံ - WCS Myanmar)

ငွေကြေးချမ်းသာ ကြွယ်ဝမှုမရှိသော်လည်း ဒေါက်တာ ရာဇာမင်းတစ်ယောက် လုပ်ချင်သည့်သုတေသနလုပ်ငန်းများ လုပ်ခွင့်ရနေသဖြင့် နေပျော်နေသည်။

‘‘ဒါတွေလုပ်ချင်လို့ပဲ ဒီလောကထဲ ရောက်လာတာပါ။ ပိုင်ပိုင် နိုင်နိုင်လုပ်ဖို့အတွက်လည်း ဂျာမနီမှာ အပင်မျိုးရိုးဗီဇနဲ့ပတ်သက်တဲ့ မာစတာဘွဲ့ယူခဲ့ပါတယ်’’ဟု ဒေါက်တာရာဇာမင်းက ပြောကြား သည်။

သူ့အိပ်မက်များ အကောင်အထည်ဖော်ရန် သစ်တောတက္ကသိုလ် ကျောင်းဆရာဘဝနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ လွန်ခဲ့သော ၁၇ နှစ် (၂၀၀၀ ပြည့်နှစ်)က ရောက်ရှိခဲ့သည်။

လက်ရှိတွင် ဒေါက်တာရာဇာမင်းသည် သစ်တောမျိုးရိုးဗီဇ နှင့် ဇီဝနည်းပညာဌာန၌ လုပ်ကိုင် နေသူဖြစ်ပြီး သုတေသနစာတမ်း စိစစ်ရွေးချယ်ရေးအဖွဲ့တွင် ပါဝင်သူလည်းဖြစ်သည်။ ထို့အပြင် သုတေသနလုပ်ငန်းများကိုလည်း ဦးဆောင်လုပ်ကိုင်နေသည်။

ဝန်ကြီးဌာနသို့ သူရောက်ရှိစဉ် ခေတ်ကြီးက မပွင့်လင်းသေးချေ။ သို့သော် တစ်ချိန်ချိန်တွင် သူ့အိပ်မက်များ အကောင်အထည် ဖော်ခွင့်ရလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သူဌာနသို့ ရောက်ရှိပြီး ဆယ်နှစ်ကျော်တွင် အိပ်မက်များ အကောင်အထည်ပေါ်လာသည်။

‘‘အလုပ်ကတော့ အရမ်းရှုပ်တယ်။ သုတေသနလုပ်ငန်းတွေရော၊ တခြားရုံးပိုင်းဆိုင်ရာစီမံခန့်ခွဲရေးတွေမှာရော အများကြီးပဲ ခေါင်းမဖော်နိုင်အောင် လုပ်နေရတယ်’’ဟု သစ်တောသုတေသန ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာရာဇာမင်းက ပြောသည်။

ယခင် စစ်အစိုးရလက်ထက်က လူ့အဖွဲ့အစည်း စီးပွားရေးအတွက် အကျိုးသက်ရောက်မှုရှိစေသည့် သုတေသနလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လျစ်လျူရှုခဲ့သည်။ မြန်မာနိုင်ငံအတွင်း သုတေသနလုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၂ ကစ၍ နိုင်ငံတကာပညာရှင်များကို ပြည် တွင်းဝင်ရောက်ခွင့်ပြုခဲ့သည်။  အရပ်သားအစိုးရလက် ထက်တွင် သုတေသနလုပ်ငန်း များ လုပ်ဆောင်နေသည့် နိုင်ငံတ ကာအဖွဲ့အစည်းများနှင့် နားလည် မှုစာချွန်လွှာများ ရေးထိုးလုပ် ဆောင်ခြင်း ပိုများလာခဲ့သည်။ သုတေသနလုပ်ငန်းများ ပိုမိုထိ ရောက်မြန်ဆန်အောင်မြင်စေရေး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနအတွင်း ပြု ပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ သည်။

ယခုအခါ မြန်မာနိုင်ငံသို့လာ ရောက်၍ သုတေသနလုပ်နေသည့် အဖွဲ့ ၁၅ ဖွဲ့ရှိသည်။ အဆိုပါ ၁၅ ဖွဲ့သည် တရုတ်၊ ကိုရီးယား၊ ဂျပန် နှင့် အမေရိကန်နိုင်ငံမှ လာရောက် သည့် ဇီဝပညာရှင်များ၊ အဖွဲ့များ ဖြစ်သည်။ အဆိုပါအဖွဲ့များကို သစ်တောသုတေသနဌာနက သု တေသနလုပ်ခွင့်ချပေးပြီး ယင်းအဖွဲ့များက ပြင်ပ ပညာရှင်များ၊ သစ်တောသုတေသနဌာနမှ ပညာ ရှင်များနှင့် သုတေသနလုပ်ငန်း များ  လုပ်ဆောင်သည်။

‘‘သုတေသနလုပ်ငန်းတွေက အရင်ထက်ပိုများလာတယ်။ အဖွဲ့တွေ ပိုများလာတယ်။ ပိုလည်း တိကျလာတယ်။ အရင်တုန်းကလို ဓာတ်ပုံနဲ့ကောက်တာမဟုတ်ဘူး။ နည်းပညာတွေသုံးလာတယ်’’ ဟု ပွိုင့်သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးအဖွဲ့မှ ဦးမျိုးကိုကပြော သည်။

ယခင်က ဝန်းကျင်သားငှက်ဌာနက ဦးစီးလုပ်ကိုင်နေသည့် သုတေသနလုပ်ငန်းများသည် မူဝါဒအပြောင်းအလဲများ ဖြစ်ပေါ်ပြီး နောက်သစ်တောသုတေသနဌာနက ပြောင်းလဲဦးစီးလုပ်ကိုင်နေသည်။ ယင်းဌာနတွင် သုတေသန  ပညာရှင် ၂၀၀ ဦးရှိပြီး နိုင်ငံတကာသုတေသနပညာရှင်များနှင့် ပူးပေါင်းကာ အမြဲခရီးထွက်နေရသည့် မြန်မာပညာရှင် ၇၇ ဦးရှိသည်။

 ‘‘သုတေသနလုပ်ငန်းတွေ ရွှေလွှမ်းတဲ့ခေတ်လို့ ပြောလို့ရပါပြီ။ တံခါးဝမှာ လက်မှတ်ထိုးဖို့ စောင့်နေတဲ့ သုတေသနအဖွဲ့တွေ အများကြီးပဲ’’ဟု သစ်ခွသုတေသနပညာရှင် ဒေါက်တာစောလွင်က ပြောသည်။

မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲများနှင့်ပတ်သက်၍ လေ့လာသုတေသနပြုနေသည့် ဒေသများသည် ပုပ္ပားတောင်၊ နတ်မတောင်၊ ကချင်ပြည်နယ် မြောက်ဖျားပိုင်း၊ ထမံသီဘေးမဲ့တောနှင့် ရှမ်းပြည်နယ် ပင်လောင်းတို့ဖြစ်သည်။

သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် မျိုးမခွဲရသေးသည့် အပင်၊ အကောင်များ ထောင်နှင့်ချီရှိနေသည်။ အဖွဲ့လိုက်ရေးသားသည့် သုတေသနစာတမ်း တစ်နှစ်လျှင် ၁၅ စောင်ခန့် ရေးသားနိုင်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သတင်းရရှိ သည်။

‘‘အခုလောလောဆယ် မျိုးစိတ်အသစ်ဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ သစ်ခွမျိုးစိတ် ၁၉ မျိုး လောက်ရှိမယ်။ အခုလောလော ဆယ်တစ်မျိုးလောက် တွေ့ထားတယ်။ ငါးမျိုးစိတ်တွေ တွေ့ထားတာရှိတယ်။ သိပ်မကြာသေးခင် ကပဲ တရုတ်ပညာရှင်အဖွဲ့ ဆစ်ဆောင်ပနားနဲ့ တွေ့ထားတဲ့ သစ်ခွမျိုးစိတ်သစ်ကို တွေ့ရှိထားပါ တယ်’’ဟု ဒေါက်တာရာဇာမင်းက ပြောသည်။

ကချင်ပြည်နယ် မြောက်ဖျား ပိုင်းတွင် မျိုးမခွဲရသေးသည့် အပင်မျိုးစိတ် တစ်ထောင်ကျော်ခန့် တွေ့ရှိထားပြီး အဆိုပါမျိုးစိတ်များထဲ၌ မြန်မာနိုင်ငံနှင့် သိပ္ပံဆိုင်ရာနယ်ပယ်တွင် မှတ်တမ်းတင်ထားခြင်းမရှိသည့် မျိုးစိတ်သစ်များပင် ပေါ်ထွက်လာနိုင်ကြောင်း သစ်ခွပညာရှင် ဒေါက်တာစောလွင်ကပြောသည်။

သုတေသနလုပ်ငန်း များ ပြားလာပြီး နည်းပညာသစ်များနှင့် မှတ်တမ်းတင်ခြင်း မရှိသေးသည့် ဒေသများတွင် သုတေသနလုပ် ငန်းများ ဖွံ့ဖြိုးလာသော်လည်း ယင်းနယ်ပယ်၌ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်ရှိနေဆဲဖြစ် သည်။

‘‘အားနည်းချက်ကတော့ ဒီ လိုမျိုး ခရီးစဉ်တွေကို သွားတဲ့အခါ၊ နိုင်ငံခြားသားနဲ့ အလုပ်လုပ်တဲ့အခါ ကျွမ်းကျင်ပညာရှင်တွေ နည်းတဲ့ကိစ္စပဲ။ လူ့စွမ်းအားအရင်းအမြစ်အနေနဲ့ဆိုရင် သစ်တောမှာလည်း လိုသလို ပြင်ပမှာလည်းလိုတယ်’’ ဟု သစ်ခွပညာရှင် ဒေါက်တာစောလွင်က ပြော သည်။

သုတေသန ဖွံ့ဖြိုးလာသော် လည်း ကြိုတင်ပြင်ဆင်မှုမရှိသော ကြောင့် ယင်းနယ်တွင် ပညာရှင် များ ဖြည့်ဆည်းရေး နယ်ပယ် ပေါင်းစုံမှ ပညာရှင်များ ပါဝင်ရန် လိုအပ်ကြောင်း၊ သုတေသန လုပ်ငန်းများတွင် ပြင်ပပညာရှင် များအဖြစ် တက္ကသိုလ်ဆရာ၊ ဆရာမများကို ဖိတ်ခေါ်ရန် လိုအပ်ကြောင်း ဒေါက်တာစောလွင်က ပြောသည်။

ယင်းမှာ လူ့စွမ်းအားအရင်း အမြစ်အပြင် လေ့လာထားသည့် မျိုးစိတ်များ ထိန်းသိမ်းခြင်းတွင် လည်း နည်းပညာ လိုအပ်နေ သည်။ မျိုးခွဲရေးကို အထောက်အ ကူပြုမည့် မူဝါဒပိုင်းပြင်ဆင်မှုများလည်း ဖြေလျှော့ပေးရန် လိုအပ်နေသေးကြောင်း FFI သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဇီဝမျိုးစုံမျိုးကွဲလုပ်ငန်းများ လုပ် ကိုင်သူ ဦးဇော်လွင်ကပြောသည်။

‘‘ငါးတွေ၊ ပုစွန်တွေ မျိုးခွဲတဲ့အခါ ပစ္စည်းမပြည့်စုံတာတွေရှိတယ်။ ပြီးတော့ အဲဒါတွေ မျိုးခွဲဖို့ သယ်တဲ့အခါ CITI လိုအပ်ချက်တွေ တောင်းတဲ့အခါ ဖြေလျှော့ပေးဖို့ လိုတာတွေရှိမယ်။ မျိုးစိတ်တစ်ခုတွေ့တာနဲ့ ဓာတ်ခွဲခန်းတွေ ပို့ရသေးတာ။ မှတ်တမ်းတင်ထား တဲ့ မျိုးတွေနဲ့လည်း တိုက်ဆိုင်စစ် ဆေးရသေးတာဆိုတော့ ဒါလေးတွေ ဖြေလျှော့ပေးရင် အများကြီး အဆင်ပြေသွားမှာပါ’’ဟု ဦးဇော်လွင်က ပြောသည်။

သန္တာကျောက်တန်း၊ ရေချို၊ တွားသွားသတ္တဝါ၊ လင်းနို့၊ ထုံးကျောက်၊ ငှက်နှင့် အပင်များ လေ့လာရာတွင် သစ်တောဦးစီးဌာန၏ ခွင့်ပြုမိန့်ပေးခြင်းသည် ယခင်ကထက် ကြန့်ကြာကြောင်း ဦးဇော်လွင်က ပြောသည်။

ထို့အပြင် သုတေသနလုပ်ငန်းများ ပြန့်ပွားလာသည့် နည်းတူ မြန်မာနိုင်ငံမှ မျိုးစိတ်များ အခြား နိုင်ငံများက ပုံတူကူးရယူမှုမရှိစေရန် မျိုးစိတ်မှတ်ပုံတင်ရေးနှင့်ပတ်သက်၍ ကန့်သတ်စည်းကြပ်မှုများ ရေးဆွဲထားရန် လိုအပ်ကြောင်း ပွိုင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ကိုမျိုးကိုက ပြော သည်။

‘‘ကိုယ့်မျိုးစိတ်၊ မျိုးရင်းကို သူတို့မျိုးစိတ်ပါလို့ ခပ်တည်တည်ဝင်လုပ်မှာပဲ စိုးရိမ်တယ်။ အဲဒီလို ဒီဇိုင်းတို့၊ မျိုးစိတ်တို့ ခိုးယူနေတာ တွေ အများကြီး။ တစ်လောတုန်း ကတောင် ဂျပန်က ပေါ်ဆန်မွှေး ဆန်ကို သူတို့မျိုးစိတ်ပါလို့ မှတ်ပုံ တင်လိုက်တာရှိတယ်’’ဟု ကိုမျိုး ကိုကပြောသည်။

ထိုသို့ ထောက်ပြမှုများရှိသော်လည်း သစ်တောသုတေသနဌာနက ရှားပါးမျိုးစိတ်များ၊ မှတ်တမ်းမတင်ရသည့် မျိုးစိတ်များကို အခြောက်၊ အစိုခွဲ၍ ပြည်ပထွက်ခွင့်များ စည်းကြပ်ထားကြောင်း ဒေါက်တာရာဇာမင်းက ပြောကြားသည်။

သုတေသနလုပ်ငန်းများ ဖွံ့ ဖြိုးလာသဖြင့် ကြိုတင်ပြင်ဆင်မှုများ အားနည်းသော်လည်း စနစ်တကျပြုပြင်ရန် သုတေသနစင်တာများကို နော်ဝေးနိုင်ငံ အကူအညီဖြင့် လုပ်ဆောင်နေကြောင်း ဒေါက်တာရာဇာမင်းက ပြောသည်။

‘‘ကျွန်တော်တို့ဆီမှာက ဝန် ထမ်းအခက်အခဲ၊ ပညာရပ်ဆိုင်ရာ အခက်အခဲအပြင် လူမှုရေးအခက်အခဲတွေလည်း ရှိနေတယ်။ တောတွေကို သွားနေရတဲ့အတွက် မိသားစုနဲ့ ဝေးနေရတာ ကြာလာတော့ မိသားစုက မကြည်တဲ့ကိစ္စ ပါ။ သုတေသနလုပ်ငန်းဆိုတာက လည်း တစ်ခါသွားရင်လည်း တစ်လ၊ နှစ်လလောက် ကြာတတ်တယ်’’ ဟု ဒေါက်တာရာဇာမင်းက ပြောသည်။

 ဝန်ထမ်းအင်အား မလုံလောက်ခြင်းက လူမှုရေးပြဿနာ များအထိ ရိုက်ခတ်လာသော်လည်း ကိုယ်လုပ်လိုသော အလုပ်များကို လုပ်ခွင့်ရနေသဖြင့် နိုင်ငံတကာပညာရှင်များနှင့် လက်တွဲအလုပ်လုပ်နေရသည့် သစ်တော သုတေသန ဝန်ထမ်းများသည် ကျန်သည့် အခက်အခဲများကို မေ့ ထားကြောင်း ဒေါက်တာရာဇာမင်းကပြောသည်။ ။

Top News