ဂျုံရိုးလေးတွေကပေးတဲ့ ဈေးဖိုး

ဓာတ်ပုံ−ညီညီဇော်

အညာမြေ   ချောင်းဦးမြို့နယ်မှာ ငါးလုံးတင်ဆိုတဲ့ ကျေးရွာလေး တစ်ရွာရှိပါတယ်။ အဲဒီရွာကလေး ဆီ     ရောက်သွားမယ်ဆိုရင် ကလေးသူငယ်တွေ လမ်းပေါ်မှာ ဆော့ကစားနေတာမျိုး၊ လူရွယ် လူကြီးတွေ လက်ဖက်ရည်ဆိုင် ထိုင် လေပန်းနေတာမျိုးတွေ တွေ့မြင်ရနိုင်ဖို့ နည်းပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ငါးလုံးတင်ရွာ က ကလေး၊ လူကြီးမှန်သမျှ ကိုယ့် ဆိုင်ရာဆိုင်ရာ အလုပ်တွေပြီးရင် ကိုယ့်အိမ်ကို အပြေးပြန်ကြတယ်။ လူကြီးကလည်း တောအလုပ်ပြီးရင်၊ ကလေးကလည်းကျောင်းပြန် ရင် ကိုယ့်အိမ်ကိုပဲ တန်းပြေးကြ တယ်။ တခြားကြောင့်မဟုတ်ဘူး။ မိသားစုဝမ်းရေး၊ ကလေးတွေဆို လည်း ကျောင်းမုန့်ဖိုးရရေးအ တွက် ကိုယ့်အိမ်ကိုယ်ပြေးဂျုံရိုး ကျစ်ကြတာပါပဲ။

ငါးလုံးတင်ရွာက ဂျုံ၊ ကုလားပဲ အဓိကစိုက်ကြတာမို့ သီတင်းကျွတ်၊ တန်ဆောင်မုန်း ဂျုံရိတ်သိမ်းချိန်ရောက်ပြီဆိုရင် ရွာထဲမှာ ဂျုံဆန်ချွတ်ကြတယ်။ ဂျုံ ဆန်ချွတ်ပေးရင် ဂျုံရိုးတွေကို ယူ သွားလို့ရတယ်။ အဲဒီလိုနဲ့ ငါးလုံးတင်ရွာက အိမ်တွေမှာ ဂျုံရိုးတွေ အပြည့်အသိပ်ဖြစ်ကုန်တယ်။ ရလာတဲ့ ဂျုံရိုးတွေကို ကျစ်ကြတယ်။ ကြီးကြီးငယ်ငယ်၊ ကျား၊မ မရွေး အိမ်မှာနေရင်း၊ တီဗီကြည့် ရင်းလည်း အားနေ ဂျုံရိုးပဲကျစ် ကြတယ်။

၃၅ တောင်လောက်ရှည်တဲ့ ဂျုံရိုးတစ်ခွေဆို ငွေရှစ်ရာလောက် ရပါတယ်။ ကိုယ်ကျစ်နိုင်ရင် ကျစ်နိုင်သလို ဂျုံရိုးတွေ တစ်ခွေ ပြီးတစ်ခွေပြီးတာမို့ အားတာနဲ့ ကျစ်နေကြတာပဲ။ ကျစ်ပြီးတဲ့ ဂျုံရိုး တွေကိုတော့ ခမောက်လို့လည်း ခေါ်တဲ့ ဂျုံရိုးဦးထုပ်လေးတွေ ချုပ် တတ်တဲ့သူက ချုပ်တယ်။ ချုပ်ပြီး ရင် ဦးထုပ်လုပ်တဲ့ ရွာထဲက လုပ် ငန်းကြီးသမားတွေဆီ ပြန်သွင်း တယ်။ ဦးထုပ်၊ ခမောက်မလုပ် တတ်သူတွေကတော့ ဒီတိုင်းရိုးရိုး ကြိုးကျစ်ပြီး သွားသွင်းတယ်။ ကုန်ကြမ်းက အမြဲလိုနေတာဆို တော့ ဘယ်အချိန်သွားသွင်းသွင်း လုပ်ငန်းကြီးသမားက ယူတာပါ ပဲ။

လာသွင်းကြတဲ့ ဂျုံရိုးတွေကို လုပ်ငန်းကြီးသမားကနေ အလုပ် သမားတွေနဲ့ ဦးထုပ်တွေ ပြန်ချုပ် ပါတယ်။ ရွာထဲက အမျိုးသမီး ငယ်လေးတွေ လာချုပ်ကြတာပါ။ တစ်ဦးကိုတစ်ရက် ဦးထုပ်အလုံး ငါးဆယ်၊ ခြောက်ဆယ် ပြီးကြ တယ်။ တစ်ယောက် တစ်ယောက်ကို သုံးထောင့်ငါးရာ၊ လေးထောင်လောက်ရကြပါတယ်။ ရလာတဲ့ ဦးထုပ်တွေကို ကန့်ကိုမီးရှို့ပြီး ထွက်လာတဲ့အငွေ့နဲ့ ပေါင်းပါတယ်။ ဦးထုပ်ကလေးတွေ ဖွေးသွားစေဖို့ပါ။ နေလည်းပြပေးရပြီးအမျိုးသမီး ဆောင်းဦးထုပ်တွေပေါ်မှာ ပန်းပွင့်ဒီဇိုင်းတွေလည်း ခြယ်တတ်ကြပါတယ်။

ဂျုံဦးထုပ်က    ယောက်ျား ဆောင်း၊       မိန်းမဆောင်းပုံစံ မျိုးစုံထွက်တယ်။    တရုတ်သိုင်း ကားတွေထဲကလို သိုင်းသမား တွေဆောင်းတဲ့ ဂျုံရိုးကို မကျစ်ဘဲ စည်ရိုးအတိုင်း ထည့်လုပ်ထားတဲ့ ဦးထုပ်မျိုးဆို ကျန်ကျောင်းဦးထုပ် တဲ့။ ဖက်ကလေးနဲ့ထုပ်ထားသလို ဦးထုပ်အပေါ်မှာ သိုင်းထားတာ ကျတော့ ဖက်ထုပ်ဦးထုပ်တဲ့။ ဦးထုပ်ပြန့်ကလည်း ခုနစ်လက်မ လောက်ထိကျယ်တာတွေလည်း ရှိပါတယ်။ ပြန့်ကျယ်တော့ နေပို လုံလို့ပါ။ အမျိုးအစားအားဖြင့်က တော့ ငါးမျိုး၊ ခြောက်မျိုးမက စုံ အောင်ရှိပါတယ်။

ဂျုံရိုးဦးထုပ်က နေလည်းလုံ သလို အေးလည်းအေးလှပါ တယ်။ မိုးလောက်အထိ မလုံလှ ပေမယ့် နွေခါ၊ ဆောင်းခါ နေ ကောင်းကောင်းလုံပါတယ်။ တောသူ၊ တောင်သား လယ်ထဲ ယာထဲဆင်း အလုပ်လုပ်လည်း ဆောင်းကြတယ်။ ဈေးရောင်း ဈေးဝယ်သွားသူတွေလည်း ဆောင်းကြတာပဲ။ ဂျုံဦးထုပ် ဆောင်းပြီးခေါင်းဈေးဗန်းတင် လည်း ဦးထုပ်က ကျိုးကြေမသွား ဘူး။ မောလို့ပန်းလို့ ထိုင်နားရင် လည်း ဦးထုပ်ကိုချွတ် ယပ်တောင် လို တဖျပ်ဖျပ်ခတ်တဲ့အခါ လေ တဖြူးဖြူးကလည်း ရသေးတာ ပါ။ ဂျုံရိုးဦးထုပ်က တစ်လုံးမှ မြန်မာငွေ ၈၀၀ ကနေ ၁,၅၀၀ လောက်သာရှိတာမို့ ၀ယ်ပျော်ကြ ပါတယ်။ သုံးပျော်ပါတယ်။ တစ်ခါဝယ်ထားရင်  တော်တော်နဲ့ကို ပျက်မသွားပါဘူး။

ငါးလုံးတင်ကထွက်တဲ့ ဂျုံ ဦးထုပ်ကလေးတွေက မန္တလေး၊ မုံရွာ၊ ကလေး၊ တမူး၊ ပခုက္ကူ၊ မြစ်ကြီးနား၊ ရန်ကုန်၊ ပဲခူး စတဲ့ ဒေသတွေဆီ တင်ပို့နေရတယ်။ မိုးအခါလောက်သာ အရောင်းအ ၀ယ်ပါးတတ်ပြီး တော်သလင်း သီတင်းကျွတ်ကစလို့ တပေါင်း၊ တန်ခူး၊ ကဆုန်လောက်အထိ ဂျုံ ဦးထုပ်တွေ မပြတ် တင်ပို့နေရ တယ်။ အရောင်းအ၀ယ်ပါးချိန်ဆိုပေမယ့် ကုန်ကြမ်းတော့ မပြတ်ထုတ်လုပ်နေရတာကြောင့် ငါးလုံးတင် ရွာကလူတွေ အခုလို ၀ါဆို၊ ၀ါခေါင် တောင်သူလုပ်ငန်းနားချိန်ပေမယ့် ၀မ်းရေးအတွက် တခြားပြေးအလုပ်လုပ်စရာမလိုပါဘူး။ ကိုယ့်အိမ်မှာတင်ကိုယ် ဂျုံရိုးက လေးကျစ် ဂျုံရိုးဦးထုပ်ကလေး ချုပ်နေရုံနဲ့ ၀မ်းရေးအတွက် ပြေ လည်ပါတယ်။

အဲဒီလို ပြေလည်ရုံနဲ့လည်း ကျေနပ်နေလို့တော့ မရကြသေး ပါဘူး။ ဘာလို့လဲဆိုတော့ ထုံးစံ အတိုင်း ကိုယ့်ပြည်တွင်းက ထုတ် ကုန်တွေအတွက် ယှဉ်ပြိုင်ဘက် ကြီးတစ်ခုက အမြဲရှိလို့နေပါ တယ်။ တခြားမဟုတ်ပါဘူး။ တရုတ်ဘက်ကလည်း ဂျုံဦးထုပ် တွေ ဈေးကွက်ထဲဝင်နေကြလို့ပါ။ ဒါပေမဲ့ ပြည်တွင်းက ဂျုံဦးထုပ် တွေ ဈေးကွက်ပျက်လောက် အောင်ထိတော့ မဟုတ်သေးပါ ဘူး။

တရုတ်က၀င်တဲ့ ဂျုံဦးထုပ် တွေက ပြည်တွင်းက ငါးလုံးတင် ရွာကထွက်တဲ့ ဂျုံဦးထုပ်မျိုးတွေ ထက် ဈေးနည်းနည်းပိုပါတယ်။ လက်ရာဒီဇိုင်းချင်းကတော့ ပြည် တွင်းကလက်ရာတွေထက် ထူးပြီး သာနေတာမျိုးမဟုတ်ဘူး။ ဒါပေ မဲ့ တစ်ခုသာနေတာက ချုပ်ရိုးချုပ် သားတွေပါ။ သူတို့စက်တွေက ကောင်းလှတာမို့၊ ချုပ်ရိုးချုပ်သား စက်ဖိအားတွေ ကောင်းလှတာ ကြောင့် ဦးထုပ်ကလေးက သပ် သပ်ရပ်ရပ် ပိပြားနေပါတယ်။ ငါး လုံးတင်ရွာကတော့ ရိုးရိုးစက်ချုပ် စက်ပဲ သုံးရတာမို့ အဲဒီအပိုင်းမှာ အားနည်းချက်ရှိသွားတယ်လို့ ငါး လုံးတင်ရွာက လှိုင်မြင့်မိုရ်ဂျုံဦး ထုပ်လုပ်ငန်းမှ မခင်သန်းဝင်းက ပြောပြပါတယ်။

စက်ပိုင်းဆိုင်ရာမှာ အား နည်းချက်တွေရှိပေမယ့် တီထွင် ဖန်တီးတဲ့အပိုင်းမှာတော့ ငါးလုံး တင်က ဦးထုပ်ချုပ်သူတွေက ကြိုးစားနေကြပါတယ်။ ဦးထုပ် ပေါ်မှာ ပန်းဒီဇိုင်းအသစ်အဆန်း တွေဖော်တာ၊ တောနေလူတန်း စားသာမက မြို့ပေါ်နေသူတွေပါ ဆောင်းနိုင်အောင် ဦးထုပ်ပုံဆန်း တွေ တီထွင်တာတွေ စမ်းလုပ် ကြည့်နေကြပါတယ်။ တချို့ဆို ဦးထုပ်တင်မကဘူး၊ အမျိုးသမီး လက်ကိုင်အိတ်ကြီးတွေကိုပါ ပုံစံ အမျိုးမျိုးစမ်းသပ်လုပ်နေပြီး ရန်ကုန်တင်ပို့ရသည်အထိ ဖြစ် လာကြပါပြီ။ တစ်လောက ဖေ့စ် ဘွတ်ခ်ပေါ်မှာ ပုံတစ်ခုတက်လာ တော့ ငါးလုံးတင်ရွာက ဦးထုပ် လုပ်သူတွေ ကြည်နူးရသေးတယ်။ ရုပ်ရှင်မင်းသမီး ခိုင်သင်းကြည် တစ်ယောက် ဖေ့စ်ဘုတ်ရွာ (၂) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကွင်းမှာ ဂျုံဦးထုပ်တွေကို ပုံဆန်းဖော်ပြီး တစ်ကိုယ်လုံး ချုပ်ဝတ်ထားတဲ့ ပုံတွေမြင်ရတာကြောင့်ပါ။ ကိုယ့် ရွာက ထွက်တာပဲဖြစ်ဖြစ်၊ တခြား ဒေသကထွက်တာပဲဖြစ်ဖြစ် ကျေး လက်က ထုတ်တဲ့ထုတ်ကုန်လေး တွေကို သုံးနေကြတာ မြင်ရတာ ကို ကျေနပ်ကြတာပါ။

အဲဒီလို ငါးလုံးတင်ရွာမှာ ဂျုံစိုက်ရင်း တစ်ဖက်တစ်လမ်းက ဂျုံရိုးကနေ ငွေပိုကလေးရနေချိန် အခုနောက်ပိုင်း ဂျုံအစားဖရဲ၊ သခွားစိုက်လာတာတွေများလာ တယ်။ ဂျုံကလည်းဂျုံပါပဲ။ ဈေး သိပ်မကောင်းတာကြောင့် တစ် ဧကနှစ်သိန်းလောက်တောင် ရဖို့ မလွယ်ပါဘူး။ အဲဒီဂျုံစိုက်မယ့် နေရာမှာ ဂျုံအစားဖရဲ၊ သခွားစိုက် ဖို့ မြေငှားရုံနဲ့တင် တစ်ဧက ခြောက်သိန်းလောက်ရပါတယ်။ ဒါကြောင့် ဂျုံခင်းအစား ဖရဲ၊ သခွား ခင်းတွေ ပိုများလာခဲ့တာပါ။

ဖရဲ၊ သခွားများလာတော့ ဂျုံအထွက်လျော့တာပေါ့။ ဂျုံအ ထွက်လျော့တော့ ဂျုံရိုးအထွက် ကလည်း လိုက်လျော့တာပေါ့။ ဂျုံရိုးအထွက်လျော့ပေမယ့် ဂျုံရိုး ဦးထုပ်လုပ်ငန်းအတွက် ကုန်ကြမ်း ထိခိုက်လောက်အောင်ထိတော့ မဟုတ်သေးပါဘူး။ သူ့ဟာနဲ့သူ လောက်တော့ လောက်ငနေပါ သေးတယ်။ အိမ်မှာပိုက်ဆံမရှိ ရင် ကျစ်ထားတဲ့ဂျုံရိုးကြိုးခွေယူ ပြီး ကုန်သည်ဆီသွားရောင်း၊ ငွေ မြင်ရတယ်။ အိမ်ရှေ့လာရောင်း တဲ့ ဈေးသည်ဆီဈေးဝယ်မယ်ဆို လည်း ငွေသားမပေးဘဲ ဂျုံရိုးကြိုး ခွေနဲ့ တွက်ပြီး ရှင်းရင်လည်း ဈေးသည်ကရတယ်။ ကလေး တွေလည်း ကျောင်းမုန့်ဖိုးမရှိရင် အိမ်ကဂျုံရိုးကြိုးခွေကောက်ဆွဲ လာပြီး ကုန်သည်ဆီမှာ မုန့်ဖိုးအ ဖြစ် အသွင်ပြောင်းလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ဂျုံရိုးလေးတွေက သူ့ခန္ဓာကိုယ် ပျော့ပျော့လေးတွေ နဲ့ ငါးလုံးတင်ရွာက မိသားစုတွေ ရဲ့ စားဝတ်နေရေးတွေကို ကျား ကန်ကာ အထောက်အကူပေးနေ တာကတော့ အမှန်ပါပဲ။
 

Top News