Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရ

ကိုဆွေဝင်းကို ရဲစခန်းတွင် ယမန်နေ့ညက တွေ့ရစဉ် (ဓာတ်ပုံ−စိုင်းဇော်)

 Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကိုယမန်နေ့ညနေ ၆ နာရီခွဲခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ကိုဆွေဝင်းကို အမျိုးသား ရေးဆရာတော် ဦးဝီရသူ၏ တပည့်ဖြစ်သူ မဘသအဖွဲ့ဝင်ဟောင်း ဦးကျော်မျိုးရွှေက မတ်လအတွင်း၌ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားချက်အရ ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ကိုဆွေဝင်း၏ညီ ကို ကျော်ဝင်းက ပြောသည်။

ကိုဆွေဝင်းက ၎င်းအသုံးပြု သည့် Ba Kaung အမည်ဖြင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ‘ဝီရသူပါရာဇိကကျပြီး ရဟန်းဘဝနိဋ္ဌိတံ သွားပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိကကျတာ ခုမှကျတာတော့ မဟုတ်လောက်ဘူး’ စသည့် ခေါင်းစဉ်စာသားများနှင့်အတူ ဦးဝီရသူဓာတ်ပုံများကို ရေးသားဖော်ပြခဲ့ သဖြင့် ဦးကျော်မျိုးရွှေက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေ ရဲစခန်းတွင် ၂၀၁၇ မတ်လ ၇ ရက်က အမှုဖွင့်ထားခြင်းဖြစ်သည်။

သို့သော် အမှုဖွင့်ထားပြီး လေးလခန့်အကြာ ဇူလိုင် ၃၀ ရက် ညမှသာ ကိုဆွေဝင်းကို ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရိုက်တာသတင်းဌာနသို့ သွားရန် မင်္ဂလာဒုံလေဆိပ်သို့ အရောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရဲစခန်းသို့ သွားရောက်တွေ့ဆုံခဲ့သည့် Myanmar Now အယ်ဒီ တာ ဦးဇာနည်ဝင်းကပြောသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေ ရဲစခန်းမှ အကြောင်းကြားချက်အရ မင်္ဂလာဒုံရဲစခန်းက ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဦးဇာနည်ဝင်းက ပြောသည်။

မဟာအောင်မြေရဲစခန်းက ဇူလိုင် ၂၈ ရက်တွင် ကိုဆွေဝင်းကို တရားစွဲဆိုရန် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်အပါအဝင် အချက်အလက်ပြည့်စုံစွာရပြီဟု ဆက်သွယ်ခဲ့ကြောင်း ကိုဆွေဝင်း၏ ရှေ့နေ ဦးခင်မောင်မြင့်ကပြောသည်။ ထို့ကြောင့် ကိုဆွေဝင်းကို ဖမ်းဆီးခြင်းမပြုရန်နှင့် သြဂုတ် ၂ရက်တွင် မဟာအောင်မြေမြို့နယ် တရားရုံး၌ တရားရင်ဆိုင်ရန် မဟာအောင်မြေရဲစခန်းမှူးနှင့် ညှိနှိုင်းရာ သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘ကိုဆွေဝင်းက Myanmar Now ကို ဖွဲ့ပေးထားတဲ့ ဘန် ကောက်ရိုက်တာရုံးကို အလုပ် တွေ လွှဲပြောင်းပေးဖို့သွားတာကို တိမ်းရှောင်တယ်လို့ထင်ပြီး သ ဘောတူညီမှုရပြီးတော့မှ မဟာ အောင်မြေစခန်းကနေ ဖမ်းဆီး ပေးဖို့ ဒီကိုအကြောင်းကြားလို့ ဖမ်းလိုက်တာဖြစ်တယ်။ ဘန် ကောက်က တစ်ရက်ခရီးဖြစ် တော့ ကိုဆွေဝင်းက ရုံးချိန်းမီ အောင် သြဂုတ် ၁ ရက်မှာ ပြန် လာဖို့ စီစဉ်ပြီးသားပါ’’ဟု ဦးဇာ နည်ဝင်းက ပြောသည်။

ကိုဆွေဝင်းကို ညတွင်းချင်း မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ပို့ရန် အစီအစဉ်ရှိသည်ဟု မင်္ဂလာဒုံရဲစခန်းက ပြောကြားထားသည်ဟု ကိုကျော်ဝင်းကဆိုသည်။

မင်္ဂလာဒုံရဲစခန်းတွင် ကိုဆွေဝင်း ဖမ်းဆီးထိန်းသိမ်းခံနေရ သည့် သတင်းကြောင့် ဇူလိုင် ၃၀ ရက် ၁၀ နာရီကျော်အထိ သတင်းမီဒီယာများ လာရောက်သတင်းယူခဲ့ကြသည်။ ကိုဆွေဝင်းသည် မင်္ဂလာဒုံရဲစခန်းတွင် မန္တလေးသို့ ခေါ်ဆောင်မည့် ရဲတပ်ဖွဲ့ဝင်များ ကို စောင့်ဆိုင်းလျက်ရှိသည်ကို ဇူလိုင် ၃၀ ရက် ည ၉ နာရီခန့်တွင် တွေ့ရသည်။

‘‘မန္တလေးဘက်က လာခေါ် တာကို စောင့်နေတာ။ လာခေါ် ရင် လိုက်သွားမှာ’’ဟု ကိုကျော် ဝင်းက ပြောသည်။ မဟာအောင် မြေမြို့နယ်ရဲစခန်းက မန္တလေးမှ ရန်ကုန်သို့ လာရောက်နေပြီဖြစ် ကြောင်း၊ ဇူလိုင် ၃၁ ရက် နံနက် ၃ နာရီခန့် ရောက်ရှိမည်ဖြစ်ကြောင်း ဦးခင်မောင်မြင့်က ဇူလိုင် ၃၀ ရက်ည ၁၀ နာရီခန့်က ပြောသည်။

ကိုဆွေဝင်းက တရားစွဲဆို အမှုဖွင့်ခံရခြင်းနှင့် ပတ်သက်၍ ဧပြီ ၃ ရက်၌ သာသနာရေးဦးစီးဌာန၏ သဘောထားမှတ်ချက် တောင်းခံခဲ့ပြီး သာသနာရေးဝန်ကြီးဌာနက အချက်ခုနစ်ချက်ပါဝင်သည့် အကြောင်းပြန်စာကို ဧပြီ ၅ ရက်ကပြန်လည်ပေးပို့ခဲ့ရာတွင် သာသနာရေးဝန်ကြီးဌာနက ကိုဆွေဝင်းသည် ဦးဝီရသူကို အသရေဖျက်ရာမရောက်ကြောင်း ဖော်ပြထား သည်။

သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီး သူရဦးအောင်ကိုက လည်း ကိုဆွေဝင်း၏ လူမှုကွန် ရက်တွင် ဖော်ပြရေးသားချက် သည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နှင့် လွတ်ကင်းကြောင်း RFA သတင်းဌာနအား မတ်လ ၁၁ရက်တွင် ပြောကြားထားသည်။

ကိုဆွေဝင်းသည် အင်းဝ အပ်ချုပ်ဆိုင်တွင် အိမ်အကူ အမျိုးသမီးငယ်နှစ်ဦးကို ကိုယ်လက် အင်္ဂါချွတ်ယွင်းသည်အထိ နှစ်နှင့် ချီ၍ လူမသိ၊ သူမသိ နှိပ်စက်နေခြင်းကို ဖော်ထုတ်ခဲ့သဖြင့် နိုင်ငံတော်သမ္မတရုံးက ဂုဏ်ပြုဆု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းများ ဖော်ထုတ်ရာတွင် အရပ်သားများ ပူးပေါင်းပါဝင်မှုအတွက် ရဲချုပ်ဆု၊မြန်မာသတင်းမီဒီယာ ကောင်စီက စတုတ္ထမဏ္ဍိုင်ဆုနှင့် သတင်း မီဒီယာအဖွဲ့အစည်း အသီးသီးက လည်း ဂုဏ်ပြုဆုများချီးမြှင့်ခံထား ရသူဖြစ်သည်။