ဆိုရှယ်ဆယ်လီ

အမေရိကန်နိုင်ငံ တွင်းစီးတီးစ်မြို့နေ နာမည်ကြီးဆိုရှယ်ဆယ်လီတစ်ဦးဖြစ်သော ကင်လိုင်ကူရီ၏ ရေးသားတင်ဆက်မှုတစ်ခု (ဓာတ်ပုံ - kimlycurry@instagram)

လွန်ခဲ့သော ဆယ်နှစ်ခန့်က နာမည်ကြီးဟေ့ ဆိုသည်နှင့် ရုပ်ရှင်သရုပ်ဆောင်လား၊ အဆိုတော်လား၊ နိုင်ငံရေးသမားလား စသော လူတန်းစားတွေကို မြင်ကြလိမ့်မည်။ သို့သော် ယနေ့ခေတ်မှာ နာမည်ကြီးဆိုပါက အဆိုပါလူတန်းစား များတွင်သာမက ဆိုရှယ်မီဒီယာပေါ်က နာမည်ကြီးများကိုပါ ဆိုလိုသည်။ ထိုလူတန်းစားများသည် ရုပ်ရှင်သရုပ်ဆောင်လည်းမဟုတ်၊ အဆိုတော်လည်း မဟုတ်၊ အထင်ကရ နိုင်ငံရေးသမားများ လည်း မဟုတ်၊ ခေါင်းဆောင်တွေလည်း မဟုတ်။ သို့သော် အင်တာနက် ဆိုရှယ်မီဒီယာမှာ သူတို့ နောက်က နောက်ပါ ပရိသတ် သိန်းသန်းချီရှိသည့် ဆိုရှယ်မီဒီ ယာပေါ်က နာမည်ကြီးများ၊ လူ တွေကို သူတို့သြဇာအာဏာဖြင့် လွှမ်းမိုးနိုင်သူများ (သို့မဟုတ်)ဆယ်လီများ ဖြစ်ကြသည်။

ဆိုရှယ်မီဒီယာများပေါ်က ဆယ်လီများဆို၍ ခပ်ပေါ့ပေါ့ မသတ်မှတ်ပါနှင့်။ ဗြိတိန်တယ်လီ ဂရပ်ဖ်သတင်းစာ၏ အဆိုအရ နာမည်ကြီးအင်စတာဂရမ်ဆိုရှယ် မီဒီယာပေါ်က ဆယ်လီတစ် ယောက်သည် ပို့စ်တစ်ခုတင်တိုင်း အမေရိကန်ဒေါ်လာ တစ်သိန်းရှစ် သောင်းခန့် ၀င်ငွေရှိသည်ဟုဆိုသည်။ ထို့ပြင် ကြော်ငြာကုမ္ပဏီများကလည်း သူတို့ ကုန်ပစ္စည်းများအတွက် မင်းသား၊ မင်းသမီး၊ မော်ဒယ်များထက် ထိုလူများ နောက် ကောက်ကောက်ပါအောင် လိုက်နေပြီဟုဆိုသည်။

ဆိုရှယ်ဆယ်လီဆိုသူများမှာ ဆိုရှယ်မီဒီယာပေါ်မှာ သူ့နည်းသူ့ဟန်ဖြင့် ပုံစံအမျိုးမျိုးဖြင့် နာမည် ကြီးလာသူများ ဖြစ်သည်။ ဟင်းချက်သူလည်းပါ၏။ စားသောက်ဆိုင်တကာလည်ပြီး စားသောက် နေသူလည်းပါသည်။ မိတ်ကပ် လိမ်းပြသူလည်း ပါသည်။ ဖက် ရှင်ဝတ်စုံသမားလည်း ပါသည်။ ရယ်စရာပြောသူလည်း ဖြစ်နိုင်သည်။ သို့သော် သူတို့အားလုံးသည် ဆိုရှယ်မီဒီယာသုံးနေကြသူများ၏ စိတ်ကိုဖမ်းစားနိုင်ပြီး သူတို့တင်သမျှကို အုန်းအုန်းထ သဘော ကျ နှစ်သက်အောင် လုပ်နိုင်သူ ဖြစ်သည်။ သူတို့တင်သမျှကို လူ တွေက အလွတ်မခံဘဲ ကြည့်နေကြသည်။ သူတို့ပြောသမျှကို သ ဘောကျကြ၏။ အကြမ်းအားဖြင့် ကိုယ်တင်သမျှကို လိုက်ကြည့်နေသူ သုံးသိန်းခန့်ရှိပြီဆိုလျှင် ဆိုရှယ်ဆယ်လီတစ်ဦး ဖြစ်ပြီဖြစ်သည်ဟု သတ်မှတ်ကြသည်။ သို့ သော် ထိုဆယ်လီများတွင်မှ ပိုပြီး ကြည့်သူများသော ဆယ်လီက ပိုနာမည်ကြီးသည်။ ကြော်ငြာခလည်း ပိုပေးရသည်။

အမေရိကန်နိုင်ငံရှိ တွင်းစီးတီးစ်မြို့က စားသောက်ဆိုင်များဆိုလျှင် ယခင်နှစ်များဆီက ကင် လိုင်ကူရီဆိုတာကို ဘာမှန်းမသိ ကြ။ အမှန်တော့ ထိုအမျိုးသမီးက ဆေးဝန်ထမ်းတစ်ဦးဖြစ်ပြီး သူစားသမျှ စားသောက်ဆိုင်များက လှပသောပုံများကို ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်မှာ ပုံတင်သည်။ ထိုအခါ သူ၏ လှပသော အစားအသောက် ဓာတ်ပုံများကို လူတွေက ကြည့်ကြသည်။ လူ တွေက သူ့ပုံတွေကို အကြည့်များလာသောအခါ သူ၏စားသောက်ဆိုင်အကြောင်း မှတ်ချက်များကိုလည်း လူတွေက ဖတ်လာကြသည်။

‘‘ကျွန်မက လှလှပပ အစားအစာတွေကို ကြိုက်တယ်။ ကျွန်မက ကိုယ့်မျက်လုံးထဲ လှတယ်ထင်တဲ့ အစားအသောက်တွေကို ဓာတ်ပုံရိုက်တင်တာပဲ’’ဟု ကင်လိုင်က ပွင့်ပွင့်လင်းလင်း ပြောသည်။

ကင်လိုင်က အိုင်ဖုန်းတစ်လုံးနှင့် အစားအသောက်ပုံများကို သူ့ဘာသာရိုက်ပြီး အင်စတာဂရမ်မှာ တင်ခြင်းဖြစ်သည်။ သို့သော် သူ့ပုံတွေကို အမြဲကြည့်နေသူများလာသောအခါ စားသောက်ဆိုင်များက သူတို့ဆိုင်များကိုလာရန် ငွေပေးဖိတ်ခေါ်ကြသည်။ အစားအသောက်ကျွေးသလို ချက်လက်မှတ်လည်း ပေးကြသည်။ ယခုအခါ သူ့မှာ လက်ပင်မလည် အောင်ဖြစ်နေသည်။ ထိုကနေရသော ၀င်ငွေက ဆေးဝန်ထမ်းအ လုပ်ကို မလုပ်ဘဲ နေလို့ရနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံမှာလည်း ဆိုရှယ်ဆယ်လီများ မနည်းမနောရှိ နေပြီဖြစ်သည်။ မြန်မာ၏ဆိုရှယ်ဆယ်လီများကမူ အကန့်အသတ် အချို့ရှိသည်။ မြန်မာနိုင်ငံမှာ လူအများစုက ဖေ့စ်ဘွတ်ခ်သာ အသုံးများပြီး ယူကျု့ဘ်၊ အင်စတာဂ ရမ်၊ တွစ်တာ၊ စနက်ချက်စသော လူမှုရေးမီဒီယာများကို သုံးစွဲမှု အားနည်းသဖြင့် မြန်မာ၏ဆိုရှယ် ဆယ်လီများက ဖေ့စ်ဘွတ်ခ်ဆယ်လီများအဆင့်မှာသာ ရှိသေးသည်။ သို့သော် သူတို့အနေဖြင့် နိုင်ငံတကာ ဆိုရှယ်ဆယ်လီများ ကဲ့သို့ ဖေ့စ်ဘွတ်ခ်ကနေ ငွေရှာ ခြင်းကို အတန်အသင့်ပြုလုပ်နိုင် ပြီဖြစ်သည်။

အနောက်တိုင်းမှာတော့ ဆိုရှယ်ဆယ်လီကို သူ့စာမျက်နှာမှာတင်ပြီး ကြော်ငြာပေးမည့် ကုန် ပစ္စည်းရှင်က သူတို့နာမည်ကျော် ကြားမှုအလျောက် ငွေပေးရ သည်။ ပို့စ်တစ်ခုကို ဒေါ်လာငါး ရာကနေ လူကြည့်များသလောက် ထပ်ပေးရသည်။ ကြော်ငြာကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအတွက်လည်း ကြော်ငြာပုံစံနည်း သစ်တစ်မျိုး ဖြစ်လာသည်။ ထိုနည်းက ပျံ့နှံ့နှုန်းပိုမြန်၏။ စရိတ်လည်း သက်သာသည်။ ထို့ကြောင့် သူတို့အတွက် ဆိုရှယ်ဆယ်လီများကို မပြတ်နားစွင့်ရှာဖွေနေရသည်။

မြန်မာနိုင်ငံက ဆိုရှယ်ဆယ်လီများတွင် ဖေ့စ်ဘွတ်ခ်ပေါ်မှာ နိုင်ငံရေးအကြောင်းအရာများ ရေးသားခြင်းကနေ အစပြုလာသူများ၊ ကားအကြောင်းအရာ ကျွမ်းကျင်သူ၊ လူများကို ဆွဲဆောင်နိုင်သည့် စာပေများကို ရေးသားသူများနှင့် မိတ်ကပ်နှင့် အလှအပ ဆိုင်ရာကျွမ်းကျင်သူများ၊ လှပဆွဲ ဆောင်မှုရှိသော အမျိုးသမီးများ၊ ဟာသဗီဒီယို ရိုက်ကူးသူများနှင့် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များ ပါဝင်သည်။ ဆိုရှယ်ဆယ်လီ များထဲ နာမည်ကြီး ရုပ်ရှင်သရုပ် ဆောင်များ၊ အနုပညာရှင်များ ပါ သော်လည်း ရုပ်ရှင်သရုပ်ဆောင် တိုင်းတော့ ဆိုရှယ်ဆယ်လီ မဖြစ် ပါ။ အများစိတ်ဝင်စားစရာအရာ များကို ပြောဆိုရေးသားပြီး တင် တတ်သူ အနုပညာရှင်များမှသာ ဆိုရှယ်ဆယ်လီဖြစ်သည်။

‘‘လောလောဆယ် မင်းသား၊ မင်းသမီးတွေထဲကဆို ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် မိသားစု၊ သူတို့တင်တာလေးတွေက ချစ်စရာကောင်း၊ ရယ်စရာကောင်းတယ်။ နောက် ချစ်သုဝေနဲ့ သမီးလေးနှစ်ယောက်၊ ကလေးတွေက ချစ်စရာလည်းကောင်း၊ ချစ်သုဝေရေးတာလေးတွေကလည်း အပြစ်ကင်းပြီး ချစ်စရာကောင်းတယ်။ နောက် သက်မွန်မြင့်။ သူ့ကိုလည်း လူကြိုက်များတယ်။ သူတို့က သရုပ်ဆောင်လည်း သရုပ် ဆောင်တွေ ဖြစ်တယ်။ ပြီးတော့ လူတွေ မှန်မှန်လာကြည့်အောင် ချစ်စရာကောင်း၊ လူစိတ်ဝင်စားအောင်လည်း ရေးတတ်၊ တင်တတ်တယ်။ တချို့တွေလို ဒီတိုင်းဘာမှမရေးဘဲ အလှပုံချည်းပဲ တင်နေတာမဟုတ်ဘူး’’ဟု မြန်မာပြည်က ထင်ရှားသော အမျိုးသမီးဖေ့စ်ဘွတ်ခ်ဆယ်လီ မှန်သမျှကို အမြဲကြည့်ရှုနေသော မအေးအေးမျိုးက ပြောသည်။


အနုပညာရှင်တစ်ဦးဖြစ်သလို နာမည်ကြီး ဆိုရှယ်ဆယ်လီတစ်ဦးဖြစ်သည့် အေးသောင်းအကောင့်ပိုင်ရှင် အေးဝတ်ရည်သောင်း၏ ရေးသားတင်ဆက်မှုတစ်ခု (ဓာတ်ပုံ - Aye Thaung Facebook)

မြန်မာနိုင်ငံကဲ့သို့ နိုင်ငံသာမကပါ၊ အမျိုးသမီးများကို စည်း ကမ်းကျပ်လေ့ရှိသော အာရပ် နိုင်ငံများပင် နာမည်ကြီး အမျိုးသမီး ဆိုရှယ်ဆယ်လီများ ရှိနေပြီ ဖြစ်သည်။ မကြာသေးခင်က ဖော ဘီးစ်မဂ္ဂဇင်းက အာရပ်ကမ္ဘာက ထိပ်တန်းအမျိုးသမီးဆိုရှယ်ဆယ် လီဆယ်ဦးကို တင်ပြခဲ့သည်။ အများစုမှာ အလှအပရေးရာနှင့် ချက်ပြုတ်ပြသူ အာရပ်အမျိုးသမီးများ ဖြစ်သည်။

မြန်မာမှာလည်း အလှအပ နှင့် မိတ်ကပ်ပစ္စည်းများအကြောင်း တင်ဆက်ပြီး ဆိုရှယ်ဆယ်လီ အချိန်တိုအတွင်း ဖြစ်လာပြီး အောင်မြင်နေသူများရှိသည်။ ထိုသူများအနက် မ၀င်းမင်းသန်း(Yangon in My Heart)နှင့် နေခြည်ဦး(Beauty by Naychi)တို့မှာ အခမ်းအနား များသို့ တကူးတကဖိတ်ရသည် အထိ အောင်မြင်ကျော်ကြားလာ ခဲ့သည်။ သူတို့၏ ပရိသတ်အများ စုမှာ အလှအပေရေးရာကို စိတ် ၀င်စားသူ အမျိုးသမီးများ ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက အလှအပရေးရာများကို ဆွဲဆောင် မှုရှိရှိ သူတို့၏ဖေ့စ်ဘွတ်ခ်စာမျက် နှာကနေ လူစိတ်ဝင်စားအောင် တင်ပြနိုင်သူများ ဖြစ်သည်။

‘‘နှစ်ယောက်စလုံးကို အရမ်းလည်း ကြိုက်တယ်။ နှစ်ယောက်စလုံး ချစ်ဖို့လည်း ကောင်းတယ်။ သူတို့တင်တာလေးတွေ ကြည့်ရတာ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့စိတ်ဝင်စားဖို့ ကောင်းတယ်’’ ဟု မအေးအေးမျိုးကဆိုသည်။

နိုင်ငံရေးသမားဆယ်လီများကမူ ပရိသတ်နှစ်မျိုးဖြစ်သည်။ ကြိုက်သူလည်းရှိသလို မကြိုက်သူလည်း ရှိသည်။ သူတို့အောက်မှာ ထောက်ခံသူများရှိသလို ဆဲဆိုသူများလည်း မနည်းမနောရှိ သည်။ လွှတ်တော်အမတ်ဟောင်း ဦးလှဆွေမှာလည်း သူ၏အရေး အသားများကြောင့် အမြဲကြည့်သူ ဦးရေ ၃၇၄,၃၂၄ ဦးရှိ၏။ သူ့ကို မကြိုက်သူများလည်း ရှိသော် လည်း သူ၏အရေးအသားများက ဆွဲဆောင်မှုရှိသည်။ တစ်ခါတစ်ရံ လူများကိုပြုံးရစေသည်။ မည်သို့ ပင်ဖြစ်စေ သူက လူသိများသော ဖေ့စ်ဘွတ်ခ် ဆယ်လီတစ်ဦးဖြစ်သည်။

နောက်ထပ် မြန်မာက ဖေ့စ်ဘွတ်ခ်ဆယ်လီများတွင် အစ်ကို ကာလသားများအကြိုက် ဖေ့စ်ဘွတ်ခ်ဆယ်လီများလည်း ပါသည်။ ထိုအထဲမှာ လှသော၊ ချော သော၊ တောင့်သော လုလုအောင်လည်း ပါသည်။ မော်ဒယ်ဟောင်း လုလုအောင်သည် ဖေ့စ်ဘွတ်ခ် ပေါ်မှာ သူ၏ ကိုယ်ခန္ဓာအလှကို အသားပေးပြသော ပုံများကြောင့် နာမည်ကြီးလာသူဖြစ်သည်။ သူသည် ဖေ့စ်ဘွတ်ခ်မှာ လူသိများလာခြင်းကနေ ယခုအခါ ကြော် ငြာများ၊ အလှပုံများရိုက်ကူးနေရ သည်အထိ အောင်မြင်နေပြီဖြစ်သည်။

၂၀၁၇ အတွင်း အအောင် မြင်ဆုံး မြန်မာပြည်၏ ဆိုရှယ်ဆယ်လီမှာ စာမျက်နှာတစ်ခုတည်းကပင် အမြဲတမ်းကြည့်ရှုသူဦးရေ ရှစ်သိန်းနီးပါး ရှိနေပြီဖြစ်သော မအေးသောင်းခေါ် ရုပ်ရှင်သရုပ်ဆောင် မော်ဒယ် အေးဝတ်ရည်သောင်းဖြစ်သည်။


ဆိုရှယ်ဆယ်လီတစ်ဦးဖြစ်သူ နေခြည်ဦး

အေးသောင်းသည် အနုပညာလုပ်ငန်းများကို ခေတ္တရပ်နားပြီးခါမှ ဖေ့စ်ဘွတ်ခ်ကနေသူ၏ မြန်မာဆန်ဆန်လှပသော  အ၀တ်အစားစတိုင်များဖြင့် ပြန်လည်တစ်ရှိန်ထိုး နာမည်ကြီးလာသူဖြစ်သည်။ သူက မြန်မာဆန်စွာ ယဉ်ကျေးသည့်ပုံစံဖြင့် ကိုယ်ပိုင်ဟန်ရှိရုံသာမက လူစိတ်ဝင်စားအောင်လည်း ရေးသားပြီး တင်ဆက်နိုင်သူဖြစ်သည်။ စာဖတ်၊ စာရေးရသည်ကိုလည်း သဘောတွေ့ပုံရသည်။ သူ့ကို အားပေးသူများကိုလည်း နှစ်လိုဖွယ် တုံ့ပြန်ပြောဆိုလေ့ရှိသည်။

ဥပမာ ဂျင်းဘောင်းဘီဝတ်ပြီး တင်သည့်ပုံဆိုလျှင်ပင် ‘‘ဂျင်း (Jeans) ဆိုတဲ့ အ၀တ်အထည် အမျိုးအစားကို ၁၇ ရာစု(မြန်မာမှာဆို နတ်သျှင်နောင်တို့၊ ဓာတုက လျာတို့ခေတ်လောက်) ကတည်း က အီတလီနိုင်ငံမှာ စပေါ်တာလို့ ကြားဖူးတယ်။ အစကတော့ အလုပ်ကြမ်းလုပ်တဲ့သူတွေ ၀တ်ကြပေမယ့် ၁၉၅၀ လောက်မှာ အမေရိကန်မင်းသား James Dean က ရုပ်ရှင်တစ်ခုထဲမှာ ၀တ်တာကနေစပြီး တစ်ကမ္ဘာလုံးက လူငယ်တွေ လိုက်ဝတ်လိုက်ကြတာ ခုထိကို မရပ်နိုင်ကြတော့ဘူးတဲ့။  လက်ရှိကမ္ဘာမှာဆိုရင်တော့ Jeans ကြိုက်တဲ့ လူသန်းထောင်နဲ့ချီ ရှိမယ်ထင်တယ်။ ကျွန်မ အေးသောင်းလည်း တစ်ဦးအပါအ၀င်ပေါ့ရှင်’’ဟု ရေးသားပြီး ဖေ့စ်ဘွတ်ခ်တင်တတ်သူ ဖြစ်သည်။ ထို့ကြောင့် လက်ရှိ မြန်မာဆိုရှယ်ဆယ်လီလောကမှာ အေးသောင်းက သရဖူဆောင်းထားဆဲဖြစ်သည်။

Top News