မောင်လေးအောင်နှင့် ကဗျာလောက

‘ဟိုဝေးဝေးက

ဆွေးဆွေးနွဲ့လျ၊ မောင့်နှမလား

အလှဆုံးခေတ်၊ ဖူးသစ်ဝေမည်

အချစ်စစ်ပန်း လန်းမည်လေ။

အချစ်ရေ ....

မြေနဲ့ကောင်းကင်၊ မြင်နေသမျှ

အလှခေတ်ဦး ဖူးသစ်မှာပါပဲကွယ်

ယုံပါ။ ။ (မောင်လေးအောင်)


အထက်ပါ ကဗျာပါရှိသော ကွယ်လွန်သူ ကဗျာဆရာမောင်လေးအောင် အမှတ်တရထုတ် ကဗျာလောက စုစည်းမှုအမှတ်-၇ စာအုပ်ထွက်လာ သည်။ ခေတ်ပေါ်ကဗျာရနံ့ စတင်ဝတ်မှုန်ကူးသူတစ် ဦးဖြစ်သော မောင်လေးအောင်၏ ကဗျာများ၊ စကား ပြေများသာမက ဖော်ပြမြဲဖြစ်သော ကဗျာလောက၏ ကဏ္ဍများပါဝင်လာသည်။ 

စာအုပ်အဖွင့်တွင် ဖော်ပြထားသော ‘မေ ၁၉ ၂၀၁၇ ဆိုရင် ကဗျာဆရာမောင်လေးအောင် ကွယ် လွန်ခဲ့တာ နှစ်ပေါင်း ၄၀ ရှိပါပြီ။ လွန်ခဲ့တဲ့ ၃ နှစ် လောက်ကတည်းက စီစဉ်ခဲ့တဲ့ ဒီစာအုပ်ဟာအခုလို ဒီနှစ်မှာမှ ကွယ်လွန်ခြင်းနှစ်ပတ်လည်နဲ့ တိုက်ဆိုင်စွာ ထွက်ပေါ်လာခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ အထင်ကရ ကဗျာဆရာမောင်ချောနွယ်ပြောတာကတော့ ခေတ် ပေါ်ရနံ့ကို မောင်လေးအောင်ဆီက ရခဲ့တာပါတဲ့’ စကားအရ ယခုစာအုပ်သည် မောင်လေးအောင်အ ထိမ်းအမှတ်အဖြစ် ထုတ်ဝေခြင်းဟုယူဆနိုင်ပါသည်။ ခေတ်ပေါ်ကဗျာရေးသူများ၊ ခေတ်ပေါ်ကဗျာကို နှစ် သက်အာရုံတိမ်းမူးသူများ ကျေနပ်နှစ်ခြိုက်စေမည့် စာအုပ်ဖြစ်ပါသည်။ 

ယခုစာအုပ်တွင် မောင်လေးအောင်ကိုယ်တိုင် ရေးကဗျာနှင့် စကားပြေများအပြင် မောင်လေးအောင် သို့ ရည်ရွယ်ရေးသားသည့် ကဗျာများ၊ အမှတ်ရ အောက်မေ့ချက်များပါရှိသည်။ ထို့အပြင် ဖော်ပြမြဲ ဖြစ်သည့် မြန်မာကဗျာလောကတွင် သုခမိန်လှိုင်၊ အောင်ချိမ့်၊ ကိုဆွေ၊ မောင်ပြည့်မင်း၊ မောင်သိန်း ဇော်၊ ဇေယျာလင်း၊ မိုဃ်းဇော်၊ ကိုရွေး၊ ဂျွန်ဘွား၊ ခိုင်မြဲကျော်စွာ၊ ခရမ်းပြာထက်လူ၊ ပိုင်၊ ၀င်းမြင့်၊ လူ ဆန်း၊ စံညိမ်းဦး၊ ခင်ဇော်မြင့်၊ ကြည်ဇော်အေး၊ ဇော် လူစိမ်း၊ အိန္ဒြာ၊ လင်းခါးအစရှိသည့် ကဗျာဆရာတို့ ၏  ကဗျာများပါဝင်သည်။ တစ်ကိုယ်တော်ကဗျာ ကဏ္ဍတွင် မောင်ယုပိုင်၏ ကဗျာများကို ဖော်ပြထား ပြီး ပြန်လည်ဖော်ပြကဏ္ဍ၌ အောင်ချိမ့်၏ ဟိမ၀န္တာ နှင့် ပိုင်စိုးဝေ၏ ရန်ကုန်မြို့ပေါ် အုံ့ဆိုင်းတဲ့မိုးသား ကဗျာတို့ကို တွေ့ရသည်။ ဘာသာပြန်ကဗျာကဏ္ဍ တွင် နိုင်ငံတကာကဗျာဆရာအချို့၏ ကဗျာများကို ဇေယျာလင်း၊ မော်မင်းသန်း၊ မိုးဆတ်၊ မောင်ဒေး၊ ကျော်မျိုး၊ သူရိန်လင်း၊ ဟံလင်းနှင့် မျိုးတေဇာမောင် တို့က မြန်မာပြန်ဆိုထားသည်။ ကဗျာဆောင်းပါးများ ကဏ္ဍ၌ တိုက်စိုး၊ မင်းလှညွန့်ကြူး၊ မြင့်သန်း၊ အောင် ဇင်မင်း၊ ဗညားဇော်၊ ပန်ဒိုရာ၊ ဖြူနှင်းဖွေး အစရှိ သည့် ကလောင်ရှင်တို့၏ ခေတ်ပေါ်ကဗျာနှင့် ပတ် သက်သော အယူအဆဆောင်းပါးများကို ဖတ်ရပါ မည်။ ရေးဖြစ်တဲ့ကဗျာအကြောင်းတွင် သည်မော်နိုင်၊ ဒိုင်ယာရီဖတ်ခြင်းတွင် နေမျိုးဆက်လူတို့၏ စကား ပြေများကို ဖတ်ရမည်။ ဘာသာပြန်ဝတ္ထုကဏ္ဍတွင် အမေရိကန်ကဗျာဆရာ၊ စာရေးဆရာ Jack Kerouac ၏၀တ္ထုကို မောင်ဒေးကအခန်းဆက်ပြန်ဆိုနေသော  ‘On The Road’ ကို ဖတ်ရှုရပါမည်။ ထို့အတူ ကမ္ဘာ ကျော်ကဗျာဆရာကြီးဂျွန်ကိတ်စ်၏  La Belle Dame Sans Merci အား ရုပ်ပြအဖြစ် ရေးဆွဲသရုပ်ဖော်ထား ချက်ကို မြင်ရပါသည်။ အင်တာဗျူးကဏ္ဍတွင်မူ ခေတ်ပေါ်ကဗျာဆရာခင်အောင်အေး၏ အသံလှိုင်း ရိုက်ခတ်မှုများ သက်ရောက်ခံစားရပါမည်။ ကိုရွေး၏ သားသိပြီ ဖေဖေ တွင်...

‘စာအုပ်ပုံကြီးကို ကြည့်ပြီး သားမေးမိတယ်

ဖေဖေ ဒီစာအုပ်ပုံကြီးကို ဘယ်လိုဖတ်ခဲ့တာလဲ

ဖေဖေက ပြောတယ်

ဖေဖေ တစ်အုပ်ချင်း ဖတ်တာပဲ

ဖေဖေ တစ်ပုဒ်ချင်း ဖတ်တာပဲ

စာတစ်မျက်နှာချင်း ဖတ်တာပဲ

စာတစ်ကြောင်းချင်း ဖတ်တာပဲ

စာလုံးလေးတစ်လုံးက စဖတ်ခဲ့တာပဲ

ခုထိ မဆုံးသေးဘူး သား ....တဲ့

သား သိပြီ ဖေဖေ

သား သိသွားပါပြီ

တောင်တွေ ဘယ်လောက်မြင့်မြင့် 

သား ကျော်လွှားနိုင်မှာပါ’ ဟု ရေးထားသည်။ ယခုစာအုပ်ကို နှစ်ကာလများ စာပေက တန်ဖိုး ၄,၅၀၀ ကျပ်ဖြင့် ထုတ်ဝေပါသည်။

Top News