MPT 4G အင်တာနက်ကို မြို့ပေါင်းသုံးဆယ်ကျော် ကွန်ရက်ဖြန့်ကြက်နိုင်ရန်ဆောင်ရွက်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ၎င်းတို့၏ 4G LTE+ ၀န်ဆောင်မှုကို ယခုနှစ် စက်တင်ဘာကစ၍ မြို့ သုံးဆယ် ကျော်တွင် စတင်အသုံးပြုနိုင်စေရန် ဖြန့်ကြက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘MPT အနေနဲ့ 4G ကွန်ရက်ကို ယခုနှစ် မေလမှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ စတင်အသုံးပြုနိုင်ဖို့အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်။ လာမယ့် စက်တင်ဘာလမှာတော့ နိုင်ငံတစ်ဝန်းက မြို့ပေါင်း သုံးဆယ်ကျော်မှာပါ 4G ကွန်ရက်ကို အသုံးပြုနိုင်စေဖို့အတွက် ကွန်ရက်ဖြန့်ကြက်မှုတွေ လုပ်သွားမှာဖြစ်ပါတယ်’’ဟု MPT ၏ စီးပွားရေးဌာန ဒုတိယအရာရှိချုပ် ဦးသိန်းဟုတ်က ပြောသည်။

MPT အနေဖြင့် ၂၀၁၄ တွင် ဂျပန်နိုင်ငံမှ နည်းပညာကော်ပိုရေးရှင်း လုပ်ငန်းစုဖြစ်သည့် KSGM နှင့်ပူးပေါင်းပြီး နောက်၌ ၎င်းတို့၏ မိုဘိုင်းကွန်ရက်က အဆင့်မြှင့်တင်ခဲ့ပြီး မူလက 2G နှင့် 3G တို့ကို တွဲဖက်ကာ ၀န်ဆောင်မှုပေးခဲ့သော်လည်း ၂၀၁၅ နှစ်လည်ခန့်တွင် ၎င်းတို့၏ ကွန်ရက်အားလုံးကို 3G အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၁၇ မေလတွင် 4G LTE+ ၀န်ဆောင်မှုအသစ်ကို စတင်မိတ်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။

‘‘MPT ရဲ့ LTE က 4×4 Mimo ကို သုံးထားတဲ့အတွက် သာမန် LTE တွေထက် နှစ်ဆပိုမြန်ပါတယ်။ ၂၀၁၇ ခုနှစ် အတွင်းမှာ MPT အသုံးပြုသူတွေရဲ့ အင်တာနက်အသုံးပြုမှုက ဆယ်ဆမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်’’ ဟု ဦးသိန်းဟုတ်က ပြောသည်။

MPT အနေဖြင့် KSGM ကော်ပိုရေးရှင်းနှင့် မပူးပေါင်းမီ၌ မိုဘိုင်းဖုန်း အသုံးပြုသူ ခြောက်သန်းခန့်သာရှိသော်လည်း လက်ရှိတွင် မိုဘိုင်းအသုံးပြုသူ ၂၄ သန်းအထိရှိလာပြီး ယခင်ကထက်အသုံးပြုသူ လေးဆပို၍ မြင့်တက်လာခဲ့ကြောင်း ၎င်းက ပြောသည်။

Top News