ဖျာပုံခရိုင်ဆေးရုံအုပ်ကြီး A(H1N1) ရောဂါကူးစက်ခံရသဖြင့် ဝေဘာဂီဆေးရုံ၌ ကုသမှုခံယူနေ

 လက်ရှိ ဖျာပုံခရိုင်ဆေးရုံ အုပ်ကြီးသည် A(H1N1) ရောဂါကူးစက်ခံရသဖြင့် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေကြောင်း ယာယီဆေးရုံအုပ်ကြီး ဒေါက်တာလှလှရီက အတည်ပြုပြောကြားသည်။ 

အမျိုးသမီးဆရာဝန်တစ်ဦးဖြစ်သောဖျာပုံခရိုင် ဆေးရုံအုပ်ကြီးသည် ဇူလိုင် နောက်ဆုံးပတ်က စတင်ဖျားနာခဲ့ပြီး ရက်ရှည်ဖျားနာနေခြင်းကြောင့် စစ်ဆေးမှုပြုလုပ်ခဲ့ရာ A(H1N1) ရောဂါဖြစ်ပွားနေကြောင်း သိရှိခဲ့ရသည်။ 

‘‘ကျန်းမာရေးဝန်ထမ်းတွေ ကတော့ ကြိုတင်ပြင်ဆင်ထား တာတွေကတော့ N95 Mask တပ်တာပေါ့’’ဟု ဒေါက်တာလှလှ ရီက ပြောသည်။ ဖျာပုံခရိုင်ဆေးရုံ အုပ်ကြီးသည် သြဂုတ် ၃ ရက် နံနက်တွင် ဝေဘာဂီဆေးရုံသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ 

ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသည့်အချိန်က စတင်၍ သြဂုတ် ၂ ရက်အထိ ကုသပေးနေသော ဆရာဝန်၊ သူနာပြုတစ်ဦးတစ်ယောက်ကိုမျှ ရောဂါကူးစက်ခြင်းမရှိသေးကြောင်း ပြည်သူ့လွှတ်တော်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက ပြောကြားထားသည်။ 

အလားတူ မြောက်ဥက္ကလာ ပအထွေထွေရောဂါကုဆေးရုံကြီး တွင် အရိုးအကြောအထူးကုပညာ တက်ရောက်နေသော ဒုတိယနှစ် ဘွဲ့လွန်သင်တန်းသားဆရာဝန် တစ်ဦးသည် A(H1N1) ရောဂါကူးစက်ခံရသဖြင့် ဇူလိုင် ၂၇ ရက်၌ စတင်ဆေးကုသမှုခံယူခဲ့ကြောင်း၊ဇူလိုင် ၃၁ ရက်တွင် ဆေးကုသမှုခံယူပြီး၍ ဆေးရုံဆင်းခွင့်ပြုခဲ့ ကြောင်း အဆိုပါဆေးရုံကြီးက သတင်းထုတ်ပြန်သည်။ 

ရောဂါကူးစက်မှုကာကွယ် နိုင်ရန် N95 နှာခေါင်းစည်းအခုရေ ရှစ်သောင်းကျော်ကို ဆေးရုံများ သို့ ဖြန့်ဝေထားကြောင်း ပြည်ထောင်စုအဆင့်က ကြေညာထားသော်လည်း ဆေးရုံတွင် ကာကွယ်ရေးနှင့်ပတ်သက်သည့် ပစ္စည်း အလုံအလောက်မရှိသဖြင့် နား လည်မှုပေးရန် ဖျာပုံခရိုင် ဆေးရုံ အုပ်ကြီး (ရောဂါကူးစက်ခံရသူ)က ဇူလိုင် ၂၇ ရက်၌ ဒေသတွင်း ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုတွင် ပြောသည်။ 

Top News