တိုင်းနှင့် ပြည်နယ်ရှစ်ခုတွင် နေရာကွက်မိုးကြီးနိုင်၍ ရေဘေးအန္တရာယ် သတိပြုရန် မိုးဇလသတိပေး

ဘင်္ဂလားပင်လယ်အော် တွင် မုတ်သုံလေအားအလွန် ကောင်းနေကာ တိုင်းဒေသကြီး နှင့် ပြည်နယ်ရှစ်ခုတွင် နေရာ ကွက်မိုးကြီးနိုင်၍ ရေဘေးအန္တ ရာယ်သတိပြုရန် မိုးဇလဌာနက သတိပေးသည်။

သြဂုတ် ၅ ရက်က မြန်မာ နိုင်ငံဒေသအများစု မိုးကောင်းခဲ့ ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မွန်၊ရခိုင်နှင့် ကရင်ပြည်နယ်ရှိ ၁၀  မြို့တွင် နေရာကွက်မိုးကြီးခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် တစ်နေ့တည်းမိုးရေချိန် ၇ လက်မကျော်ရွာသွန်းခဲ့သည်။ ယင်းအခြေအနေတွင် ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေအားအလွန်ကောင်းနေပြီး စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာ ရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်နှင့်  မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက  သတိပေးထားသည်။

‘‘မုတ်သုံလေအားကောင်း နေပြီး တနင်္သာရီ၊ မွန်နဲ့ ကရင်မှာ မိုးကကောင်းတယ်။ အဲဒီကနေ လွင့်လာတဲ့တိမ်တွေက မြစ်ဝ ကျွန်းပေါ်ရောက်တော့ မြစ်ဝကျွန်း ပေါ်ဒေသမှာလည်း မိုးဆက် ကောင်းတယ်။ ကချင်နဲ့ စစ်ကိုင်း ဘက်ကတော့ အရှေ့ဘက်ကလွင့် လာတဲ့ လေပွေလှိုင်းတွေကြောင့် မိုးကောင်းနိုင်တာ။ နောက်နှစ် ရက်ကနေ သုံးရက်အတွင်း မိုး ဆက်ကောင်းနေနိုင်တယ်။ ရေ ဘေးကဆက်သတိထားဖို့ လို တယ်’’ဟု မိုးလေ၀သနှင့် ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုး ဦးက ပြောသည်။

လတ်တလော ရာသီဥတု အခြေအနေအရ မြန်မာ့ကမ်းရိုး တန်းဒေသများတွင် မိုးသက်လေ ပြင်းကျရောက်နိုင်ကာ လေတိုက်နှုန်းတစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ ထိ လေပြင်းတိုက်ခတ်နိုင်ကြောင်း ပင်လယ်ပြင်သတိပေးချက် ထုတ်ပြန်ထားသည်။ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရေကြီးနစ်မြုပ်မှု ဆက်လက်ဖြစ်ပေါ်ပြီး လူဦးရေခုနစ်သောင်းကျော် ရေဘေးရင်ဆိုင်နေရဆဲ ဖြစ်သည်။