အခွန်ဆောင်ရင်း ကုသိုလ်ယူပါ

ပြည်သူနဲ့ဝေးဝေးဝေးတဲ့ အရာတွေ××× အခွန်တွေ ကင်း လွတ်ခွင့်ရလို့သာနေ ××× လူ တစ်စုအတွက် အကျိုးပြုရန် ရည် ရွယ်နေ ××× အနာဂတ်အတွက် ရင်လေးစရာပေ ×××ဒီမြေမှာ ငတ်ငတ်ငတ်မွတ်ကာနေ ××× ပြည်သူတွေ မွဲသထက်မွဲလျက် သာနေ ××× အမှောင်ခေတ်ရဲ့ အငွေ့အသက်တွေ ကျန်နေ ××× လူတစ်စုအတွက် အခွင့် ထူးတွေဝေ ×××

အင်း ... ပင်လယ်ပြင်ကို ဆားခတ်လိုသူတွေ၊ ကန္တာရထဲ မီးသွေးပို့လိုသူတွေ ရှိနေသရွေ့ တော့ အနာဂတ်ပန်းခင်း ဖျက်ပိုး မကင်းမှာ အသေအချာပါပဲ။ မြေ နိမ့်ရာ ခြေဆောင့်နင်းလိုသူအချို့ ရှိနေသရွေ့တော့ ကံကြမ္မာဟာ သံသရာမှာ အဖန်တစ်ရာ နာနေ ရဦးမှာ အသေအချာပဲပေါ့။ ဒါ ကြောင့် ဒီကနေ့ ကြုံတွေ့နေရတဲ့ ရာသီဥတုဖောက်ပြန်မှုတွေဟာ လူတွေရဲ့ ဖောက်ပြန်မှုနဲ့ နှိုင်းယှဉ် လိုက်ရင် ဆယ်ပုံတစ်ပုံတောင် မရှိနိုင်သေး။ လူတွေဖန်တီးတဲ့ လောကထဲမှာတော့ ကျောမွဲတို့ရဲ့ ခွဲတမ်းဟာဖြင့် မုန့်ဝေရင်သာ မသိရှိရမယ် တုတ်ဝေရင်တော့ ရှေ့ဆုံးကပေါ့။


တကယ်တော့ လူတန်းစား ကွာဟမှုရဲ့ အဓိကသော့ချက်ဟာ အခွင့်အရေးခွဲခြားမှုတွေကြောင့် ဖြစ်တယ်လို့ ပညာရှင်တစ်ဦး ပြောခဲ့ဖူးပါတယ်။ ခေတ်အဆက် ဆက် ရခဲ့တဲ့ ဒဏ်ချက်တွေ ပြန် မဖော်ချင်ပေမယ့် ဒီနေ့ ဒီခေတ် မှာတော့ ဒဏ်ရာအသစ်တွေ မဖြစ်ချင်တာ အမှန်ပါပဲ။ အနှစ် ငါးဆယ်ကျော် ရုပ်ရောစိတ်ပါ ခံတွင်းပျက်ခဲ့တဲ့ ပြည်သူတွေ ကောင်းမွန်တဲ့ အနာဂတ်ကို မြိန် ရေရှက်ရေ စားသုံးဖို့ အိပ်မက် နေတာ လိုအပ်ချက်ကြောင့်ပါ။ လူပီသတဲ့ ဆန္ဒမွန်ပါ။

အင်း ... အဖြစ်အပျက်က ကြားရ နားဝမသက်မသာရှိလှပါ ရဲ့။ ပြည်သူတွေ လက်ဖက်ရည် တစ်ခွက်သောက်ရင် အခွန် ဆောင်နေရတဲ့ခေတ်မှာ၊ ခေါက် ဆွဲကြော်လေးတစ်ပွဲ စားရင်အခွန် စည်းကြပ်နေတဲ့ခေတ်မှာ၊ အအေး လေးသောက်သောက်၊ ကြေးအိုး လေးသောက်သောက်၊ ယမကာ လေး၊ ဘီယာလေးသောက်သောက် ကျသင့်ငွေ ဗောက်ချာမှာ အခွန်တံဆိပ်ခေါင်းလေး ကပ်ပါလာတဲ့ခေတ်မှာ ကြားလို့မှမတော်၊ မြင်လို့မှမကောင်းတဲ့ ထုတ်ပြန်ချက်တစ်ခုကြောင့် ရင်နာရပါရဲ့။အဖြစ်အပျက်က ထမင်းကြမ်းစားသူကို ဆားကြမ်းဖြူးပေးပြီး ဒိန်ခဲစားသူကို ပေါင်မုန့်၊ ကိတ်မုန့်ချီးမြှင့်သလို ဖြစ်နေပါရဲ့။

အဖြစ်အပျက်က ဒီလိုပါ။ သြဂုတ် ၁ ရက်နေ့မှာ ကျင်းပပြု လုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော် သမ္မတက ပေးပို့လာတဲ့ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေမှာ ကုန်စည်အချို့ အပေါ် အထူးကုန်စည်ခွန်ကင်း လွတ်ခွင့်နဲ့ ကုန်သွယ်လုပ်ငန်းခွန် များ ကင်းလွတ်ခွင့်ရမယ်ဆိုပါရဲ့။ အထူးကုန်စည်အခွန် ကင်းလွတ် ခွင့်ဆိုလို့ အောက်ခြေပြည်သူတွေ မနက်ဖြန်အလုပ်လုပ်နိုင်ဖို့ ဒီနေ့ မဖြစ်မနေ စားသောက်နေရတဲ့ ဆန်တွေ၊ ဆီတွေ၊ ဟင်းသီးဟင်း ရွက်နဲ့ သားငါးတွေလို့တော့ မထင်လိုက်ကြပါနဲ့။ ပိုလွန်းလျှံ လွန်း ၊ ဓနအင်အားကောင်းလွန်းသူ တို့ရဲ့ အဆင်တန်ဆာ ကြွယ်ဝချမ်း သာမှု ပြယုဂ်နဲ့ပတ်သက်တာတွေ ဖြစ်နေပါလေရဲ့။

 အခွန်ကင်းလွတ်ခွင့်ရသွား တဲ့ အထူးကုန်စည်တွေက နားနဲ့ မနာ၊ နားရွက်နဲ့နာပါခင်ဗျ။ ရွှေ စင်ရွှေတုံးနဲ့ တန်ဖိုးအမြင့်ဆုံး ရတနာတွေဖြစ်တဲ့ စိန်တွေမြတွေ တဲ့။ မျှော်လင့်နေတဲ့ ပြည်သူတွေ ခမျာမတော့ ဆန်ဈေးလေးမကျ ရင်တောင် အန္တရာယ်ကင်းတဲ့ ငါးပိဈေးလေး ကျလာလေမလား၊ ဖွားဖက်တော် ချဉ်ပေါင်ရွက်ဈေး လေးများ ကျလာအောင် စွမ်း ဆောင်ကြလေမလား မျှော်တ လင့်လင့်နဲ့ပေါ့။ အခုတော့ မှန်း ချက်နဲ့ အဖြစ်အပျက်ကလွဲတာမှ ဆန့်ကျင်ဘက်ကြီးကိုဖြစ်လို့၊ သာ မန်ပြည်သူတချို့တလေ ဝယ်လေ့ ဝယ်ထရှိတဲ့ တစ်ပဲတစ်ရွေး၊ တစ် ကျပ်ငါးမူးသားတွေကတော့ ကင်းလွတ်ခွင့်ထဲမပါ။ အရပ်ထဲ က ဒေါ်ဖွားစိန်ခမျာ သူ့မြေးမလေး ခမည်းပေးဖို့ ကြိုးစားစုလိုက် ရွှေ ဈေးကတက်သွားလိုက်နဲ့ မနက် စောစော ပဲပြုတ်သွားဝယ်တိုင်း ကြားနေရတာ။ သူမသေခင် နား ကွင်းလေး ဆင်သွားချင်သတဲ့။

အင်း...ခေတ်က ရွှေဆို အတိုအစပဲဝယ်ဝယ်၊ တစ်ပဲတစ် ရွေးပဲဝယ်ဝယ်၊ အခွန်ဆောင်ရ တော့မယ်ဆိုလို့ ရွေဈေးက တရိပ် ရိပ်တက်နေတဲ့ ကာလကြီး၊ ခုတော့ အတိုအစဝယ်ရင် အခွန် ဆောင်၊ အတုံးအတစ်လိုက်ဝယ် ရင် ဂုဏ်ထူးဆောင်ဘွဲ့တောင် ပေးတော့မယ့်ပုံမျိုး။ ဘာပဲဖြစ်ဖြစ် ရွှေစင်ရွှေတုံးနဲ့ စိန်နဲ့မြတို့ အခွန် ကင်းလွတ်ခွင့်နဲ့ ပတ်သက်ပြီး မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တစ်ဦး၊ မကွေးတိုင်းဒေသကြီးမှ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ တပ်မတော်သားကိုယ် စားလှယ်တစ်ဦး စုစုပေါင်းသုံးဦး ကတော့ ကန့်ကွက်ခဲ့တယ်လို့ ဆို ပါလေရဲ့။ ကျန်သူများကတော့ ပင်လယ်ရေကို ဆားပေါ့သွားမှာ စိုးရိမ်နေကြပုံပါပဲ။

ပြည်သူတွေ ပျော်တာမြင် ချင်တဲ့ မင်္ဂလာဒုံမြို့နယ်က ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်က တော့ ‘‘စိန်နှင့်မြအပေါ် ဒီလို အခွန် လျှော့ဖို့ စဉ်းစားသလိုမျိုး ဆင်းရဲ သားပြည်သူတွေအပေါ် သက် ရောက်နေတဲ့ အခွန်တွေကို အဲဒီ လို စဉ်းစားပေးမယ်ဆိုရင် ကျွန် တော်တို့ ပြည်သူတွေ တော်တော် လေး ဝမ်းသာကြမှာပါ’’လို့ ပြော သွားပုံလေး ကျေနပ်အားရစွာ ကြားလိုက်သေး။ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ကလည်း ရွှေထည်လက် ဝတ်ရတနာတွေ ရောင်းရငွေမှာ တောင် ၁ ရာခိုင်နှုန်း ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံနေပြီး ရွှေ စင်ရွှေတုံးတွေကို အခွန်ကင်း လွတ်ခွင့် ပြုမယ်ဆိုရင် တရားမျှ တမှုကင်းမဲ့နေမှာဖြစ်ကြောင်း ပြောဆိုသွားတယ်လို့ ဆိုပါရဲ့။

 တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်က လည်း တန်ဖိုးကြီးပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့်ပေးခြင်း ကြောင့် ရေရှည်မှာ မသမာမှုတွေ ဖြစ်လာနိုင်ကြောင်း၊ အများစုသုံး စွဲတဲ့ ကုန်စည်တွေအပေါ် အခွန် အမျိုးမျိုး ပြဋ္ဌာန်းကောက်ခံပြီး တန်ဖိုးမြင့်ကုန်တွေအပေါ် အခွန် ကင်းလွတ်ခွင့်ပြုခြင်းဟာ ပွင့်လင်း မြင်သာမှုနဲ့ တရားမျှတမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာနိုင် ကြောင်း ထောက်ပြသွားတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ်ပြည်သူ တွေကတော့ ပြုသမျှ နုရမည့်သူ တွေပဲမို့ ပြုံး၍လည်း ဆောင်ပါ မယ်။ မဲ့၍လည်းဆောင်ပါမယ်။ ကြုံလာသမျှ သင်္ခါရမို့ ဖုန်မထ တော့ပါဘူးလို့သာ ဆိုလိုက်ချင် သေး။

ဒါမှမဟုတ် ဒီဘဝမှာ မချမ်း သာတာ အရင်ဘဝက အလှူ အတန်းနည်းခဲ့လို့ဆိုပြီး ကိုယ့် နိုင် ငံ အတွက် ကိုယ်အခွန်ဆောင် ရင်း လှူဒါန်းပါမယ်။ ဒါ့အပြင် ကိုယ်မချမ်းသာတာ လူလည်မကျ တတ်လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးရင်းနဲ့ ဒဏ်ငွေဆောင် သလိုမျိုး အခွန်ဆောင်ပါ့မယ်။ ရွှေစင်ရွှေတုံးတွေ၊ စိန်တွေ၊ မြ တွေ၊ အတုံးလိုက်အတစ်လိုက် ပြည်နဲ့တောင်းနဲ့ ဝယ်နိုင်သူတွေ ကိုလည်း အခွန်မဆောင်ရတာ အရင်ဘဝက ကောင်းမှုတွေ ကြောင့်လို့ တရားသဘောနဲ့ ဖြည့် တွေးပြီး မုဒိတာပွားများပါမယ်။ ချောင်းစီးအောင် ထမင်းရည်တွေ သွန်ဖို့မလို။ မောင်းတီးပြီး ကြော် ငြာနေဖို့လည်းမလို။ ကိုယ့်ချွေးနှဲ စာထဲက ဖဲ့ဖဲ့ပြီး မဝရေစာစားပြီး ကိုယ့်နိုင်ငံကို ကူညီနေရတာ မင်္ဂလာရှိပါ့။ ဖြေတတ်ရင် ကျေ နပ်စရာချည်းပါပဲ ...။

(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)