အရေးတော်ပုံကာလက ရေနံမြို့ကို ခြေရာခံခြင်း

ရေနံချောင်းမြို့ရှစ်လေးလုံးအရေးတော်ပုံကာလ မြင်ကွင်းများဖြစ်ပါသည်။ (ဓာတ်ပုံ−ကျော်ဆန်းဦး)

လွန်ခဲ့သော ၂၉ နှစ်ကဖြစ်သည်။ ပူပြင်းခြောက်သွေ့သော သြဂုတ် ၏နံနက်ခင်းတစ်ခုတွင် ရေနံ ချောင်း အထက(၁)ကျောင်းသို့ တက္ကသိုလ်ကျောင်းသားအချို့ ရောက်လာပြီး ကျောင်းတံခါးကို  အသင့်ပါလာသော သော့ဖြင့် ခတ်လိုက်သည်။

တက္ကသိုလ်ကျောင်းသား များဖြစ်သော ကိုမောင်မောင်ဝမ်း၊ ကိုတင်လတ်နှင့် ကိုကျော်ဆန်းဦး တို့သည် အထက်တန်းကျောင်း သားများကို စည်းရုံးတော့သည်။

အဆိုပါကျောင်းကပင် အ ထက်တန်း အောင်မြင်ခဲ့သော ကျောင်းသားများဖြစ်၍ ဆရာ၊ ဆရာမတို့၏နှောင့်ယှက်ဟန့်တား မှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ကျောင်း သား၊ ကျောင်းသူလေးများကို မြို့ တွင်းသို့ စီတန်းလှည့်လည်ရန် စည်းရုံးမှုအောင်မြင်ခဲ့သည်။

ထို့နောက် ကျောင်းသားကြီး တစ်ဦးက ကျောင်းဆင်းခေါင်း လောင်းထိုးလိုက်သည်။ သို့သော် ထိုခေါင်းလောင်းသံသည် ဒီမိုကရေစီရေးအတွက် တိုက်ပွဲခေါ်သံဖြစ်သည်။ ရှစ်လေးလုံးအရေး တော်ပုံသမိုင်းတွင် ရေနံချောင်းမြို့ပါဝင်ခဲ့သည့် ကန့်လန့်ကာ အဖွင့်လည်း ဖြစ်သည်။

‘‘ကျောင်းဆင်းခေါင်း လောင်းထိုးလိုက်တော့ ကျောင်း သားတွေအားလုံးထွက်လာတော့ တာပဲ။ ကျွန်တော်လည်း အစ်ကို ကြီးတွေ ပြောတဲ့အတိုင်း သူတို့ နောက်က မြို့ထဲ ချီတက်ခဲ့လိုက် တာပေါ့ဗျ။ အဖေက ပြန်ခေါ်ပေ မယ့် မလိုက်ဘူး။ အဖေလည်း ကျွန်တော့်ကို ခေါ်မရတော့ သူပါ လိုက်လာတော့တာပဲ’’ဟု ထိုစဉ် က အသက်(၁၃)နှစ်အရွယ် ကိုး တန်းကျောင်းသားဖြစ်သူ ကို အောင်ကျော်ဦးက သူမှတ်မိသမျှ ကို ပြန်ပြောင်းဆိုသည်။

ရေနံချောင်းမြို့ အထက(၁) မှ မြို့မြောက်ဘက်ခြမ်းသို့ ထွက် ခွာလာခဲ့သော ကျောင်းသား၊ ကျောင်းသူအစုအဝေးကြီးသည် မြို့တွင်းအရောက်တွင် ပြည်သူလူ ထုများစွာ ပါဝင်သော လူထုအုံ ကြွမှုကြီးအဖြစ်သို့ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။

သြဂုတ် ၆ ရက်နေ့ နံနက်ပိုင်းတွင် မြို့မြောက်ဘက်ခြမ်းတစ် လျှောက် ရေနံမြေအထိ ချီတက် လမ်းလျှောက်ခဲ့ကြပြီး နေ့လယ် ပိုင်းတွင် ပင်မသပိတ်စခန်းအဖြစ် သတ်မှတ်ခဲ့သည့်လည်ပေါ်သာ သနာ့ဗိမာန်တွင် စခန်းချရပ်နားခဲ့ သည်။ ညနေတွင် မြို့တောင် ဘက်ခြမ်းသို့ ချီတက်လမ်း လျှောက်ဆန္ဒပြခဲ့ပြီးအပြန် ရေနံ ချောင်းမြို့ငွေဘုံသာရပ်ကွက်ရှိ ဖူးစာကုန်းဆိုသည့် နေရာအ ရောက်တွင် အာဏာပိုင်များ၏ တားဆီးပစ်ခတ်မှု ကြုံတွေ့ခဲ့ရ သည်။

ကိုကျော်ဆန်းဦး တစ် ယောက် ဖိနပ်ပျောက်၍ သပိတ် စခန်းမှ ခြေဗလာဖြင့် ထွက်လာခဲ့ ရာ နေပူပူထဲ၌ ချောင်းရေကို ဖြတ် ၍ ဖူးစာကုန်းအပြန်အရောက်တွင် ကြွက်တက်ပြီး လဲကျသွားသည်။ ကြွက်တက်ပြီး လဲကျသွားသော ကိုကျော်ဆန်းဦးကို သေနတ်မှန် ပြီး လဲသည်အထင်ဖြင့် ဝင်ဆွဲ သော ကျောင်းသားကိုဖိုးချိုသည် ကံဆိုးစွာ သေနတ်ကျည်မှန်ပြီး ကျဆုံးခဲ့ရသည်။

‘‘ကျည်ဆန်မှန်လိုက်တော့ သူက ကျွန်တော့်အပေါ်ကို လဲကျ လာတာ။ သူ့ကိုယ်ပေါ်က ထွက်ကျလာတဲ့ သွေးတွေ ကျွန်တော့်ကိုယ်ပေါ်မှာ ရွှဲရွှဲစိုကျနေခဲ့တာ။ မူးမိုက်ပြီး လဲကျသွားတဲ့ ကျွန်တော့်ကို အစ်ကိုကြီးလို့ခေါ်ပြီး ပြေးထူဖို့ ကြိုးစားရင်းက သူကျဆုံးခဲ့ရ တာ’’ဟု ကိုကျော်ဆန်းဦးက စိတ်မကောင်းစွာဖြင့် လွန်ခဲ့သည့် ၂၉ နှစ်က အဖြစ်အပျက်ကို ဖွင့်ဟ သည်။

သြဂုတ် ၆ ရက်က ထိုဖြစ်ရပ်ကြောင့် ညနေ ၅ နာရီတွင် ရေနံ ချောင်း၌ ညမထွက်ရအမိန့်ထုတ် ခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်း မှုကြောင့် ကျောင်းသားတစ်ဦးကျ ဆုံးခဲ့သဖြင့် ဒေါသထွက်လာသော လူထုကြီးက  နီးစပ်ရာ ခဲများ၊ တုတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ ပြီး ရဲတပ်ဖွဲ့စီးနင်းလာသော ရေနံ ဌာနပိုင် ကားတစ်စီးကိုလည်း မီး ရှို့ခဲ့ကြသည်။

     နောက်တစ်နေ့ထုတ်သတင်းစာ များတွင် ရေနံချောင်းသပိတ်အ ကြောင်းပါဝင်လာသည်။

ထို့အပြင် အဆိုပါနေ့ညပိုင်း က မည်သူမည်ဝါလက်ချက်မှန်း မသိ ရေနံချောင်းမြို့ ရဲတပ်ဖွဲ့လိုင်းခန်းလည်း မီးလောင်ခဲ့ကြောင်း  မှတ်မိသူအချို့က ပြန်ပြောင်းပြော ပြသည်။

‘‘သြဂုတ် ၇ ရက်မှာတော့ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက မည်းမည်းမြင်ရာကို သေနတ်နဲ့ပစ်တာတွေ၊ လူဖမ်းပွဲတွေ စတော့တာပါပဲ’’ဟု ထိုစဉ်က အခြေခံ ပညာကျောင်းသားခေါင်းဆောင် ကိုမြင့်ငွေက ဆိုသည်။

သြဂုတ် ၇ ရက်တွင် ဆန္ဒပြ လူထုကြီးသည် မြို့တွင်းသို့ ချီ တက်လမ်းလျှောက်ခြင်း မပြုခဲ့ ကြဘဲ သပိတ်စခန်းအတွင်း နေ ထိုင်ခဲ့ကြပြီး ရေနံချောင်းမြို့ခံ ၁၇ ဦးသည် ရဲတပ်ဖွဲ့၏အိမ်တိုင် ရာရောက် ဝင်ရောက်ဖမ်းဆီးခံရ ကြောင်း ထိုစဉ်က အသက်(၂၉) နှစ်သာ ရှိသေးပြီး ရဲတပ်ဖွဲ့၏ဖမ်း ဆီးထိန်းသိမ်းခြင်းခံခဲ့ရသူ ဦးကျားကြီးက ပြန်ပြောင်းပြောဆိုသည်။

ဖမ်းဆီးခံရသူ ၁၇ ဦးစလုံးကို ဆယ်ပေကျော်ခန့်သာ ကျယ်ဝန်းသော အချုပ်ခန်းတွင်ထားပြီး ၁၁ ရက်အကြာ၌ အားလုံးပြန်လွှတ် ပေးခဲ့ကြောင်း ဦးကျားကြီးက ပြော သည်။

သြဂုတ် ၇ ရက်တွင် ပစ်ခတ် ခဲ့သော ရဲတပ်ဖွဲ့၏သေနတ်ဒဏ် ကြောင့် ဆိုက်ကားစီးရင်းဈေး သွားသည့် ထိုစဉ်က အသက်(၆၀) ကျော်အဘိုးအိုတစ်ဦးသည် ပါး ထိမှန်ခဲ့ပြီး အိမ်ထဲတွင် ပက်လက်ကုလားထိုင်ဖြင့် ထိုင်နေသည့် အဘွားတစ်ဦးမှာလည်း ပေါင်တွင် သေနတ်ကျည် သင့်ခဲ့ရကြောင်း ဦးကျော်ဆန်းဦးက မှတ်မိသရွေ့ ပြောပြသည်။

ထို့အပြင် ရေနံချောင်းမြို့မ ဈေးကြီး တောင်ဘက် ‘ရွှေနန်းမြင့်’လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုး လုပ်ကိုင်နေသည့် အသက် (၁၇) နှစ်အရွယ် ရာပူဆိုသည့် စားပွဲထိုး ကလေးကိုလည်း ရဲတပ်ဖွဲ့ကသေနတ်ဖြင့် ပစ်ခတ်သဖြင့် အဆိုပါနေရာတွင်ပင် ကျဆုံးခဲ့ရပြန် သည်။

‘‘အဲဒီကလေး လုပ်နေတဲ့ ဆိုင်က ဆိုင်ပိတ်နေပြီ။ ဒါကို ရဲ တွေကရောက်လာပြီး ရာပူကို ရေ တစ်ခွက်ပေးစမ်းဆိုပြီး တောင်း တယ်။ ကလေးက နိုင်ငံရေးစိတ် ပြင်းထန်သူဖြစ်တော့ မင်းတို့က ရေနဲ့မတန်ဘူး၊ ဒါနဲ့ပဲတန်တယ် လို့ဆိုပြီး ပုဆိုးလှန်ပြတော့ ဟိုက ပစ်တာ၊ ကျည်ဆန်က လည်ပင်း ကို ဖောက်သွားပြီး နောက်မှာရှိ နေတဲ့ ဆိုင်ရှင်လက်မောင်းကိုပါ ထပ်မှန်တာ၊ ရာပူကတော့ နေရာ တင် ပွဲချင်းပြီး ကျဆုံးခဲ့ရပါတယ်’’ ဟု ဦးကျော်ဆန်းဦးက ပြောပြ သည်။

ရေနံချောင်းမြို့နယ် ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်း ဌာနဆိုင်ရာပေါင်းစုံနှင့် သမဂ္ဂ ပေါင်းစုံ၊ လူထုလူတန်းစားမျိုးစုံ ပူးပေါင်းပါဝင်ခဲ့ကြသော်လည်း ရဲ တပ်ဖွဲ့အနေဖြင့် နယ်မြေရဲစခန်း လေးတစ်ခုဖြစ်သည့် ညောင်ကိုင်း နယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်များသာ ပူးပေါင်းပါဝင်ခဲ့ကြောင်း ထိုစဉ် ကာလက ဈေးလှုံ့ဆော်ရေး ကျောင်းသားအဖြစ် တာဝန်ပေးခံ ခဲ့ရသူ ကိုမြင့်ငွေကဆိုသည်။

‘‘အဲဒီတုန်းက ရဲတပ်ဖွဲ့တွေ က ပါဝင်မှုနည်းခဲ့တယ်။ ဒါ ကြောင့် ရေနံချောင်းက ဈေးသည် တွေဆိုရင် ရဲတပ်ဖွဲ့ဝင်ဆိုရင် ဈေးမရောင်းဘူး ဆိုပြီးတော့ကို အဲဒီတုန်းက လုပ်ခဲ့ကြတာ’’ဟု ကိုမြင့်ငွေကဆိုလေသည်။

ဩဂုတ် ၈ ရက်တွင် မြို့နယ်လုံးကျွတ် လူထုလူတန်းစားပေါင်း စုံ ပါဝင်သော အထွေထွေသပိတ် ကြီးအဖြစ် လုံးဝပုံပေါ်ခဲ့ပြီး အနှောင့်အယှက် အတားအဆီးတစ်စုံတစ်ရာ မကြုံတွေ့ရတော့ ကြောင်း ကိုကျော်ဆန်းဦးက ပြန် ပြောင်းပြောပြသည်။

ကျောင်းသားသမဂ္ဂ ရရှိရေး တို့အရေး၊ တစ်ပါတီအာဏာရှင် စနစ်ဖျက်သိမ်းရေး တို့အရေး၊ ဒီမို ကရေစီရရှိရေး တို့အရေး စသည့် ကြွေးကြော်သံများ ဝက်ဝက်ကွဲညံ နေခဲ့ပြီး လူထုဟောပြောပွဲကြီး များဖြင့် ခြိမ့်ခြိမ့်ညံနေခဲ့သော ရေ နံချောင်းမြို့နယ်၏ လူထုလှုပ်ရှား မှုကြီးကို အာဏာပိုင်များက သေ နတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ဩ ဂုတ် ၁၀ ရက်တွင် ကျောင်းသားတစ်ဦးနှင့် အလုပ်သမားအဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သည်။

ရေနံချောင်းမြို့နယ် ရှစ်လေးလုံးအရေးတော်ပုံ၏ ထူးခြားမှု တစ်ခုသည် စက်တင်ဘာ ၂၁ ရက် တစ်လကျော်ကြာမြင့်သည်အထိ သပိတ်စခန်းကို ကြံ့ကြံ့ခံကာ ကွယ်ထားနိုင်ခဲ့ကြောင်း ထိုစဉ်က ကျောင်းသားအဖြစ် ပါဝင်လှုပ်ရှားခဲ့သူများက ဆိုသည်။

ဩဂုတ် ၆ ရက်က စတင် ခဲ့သော ရေနံချောင်းသပိတ်ပွဲကြီး သို့ ခရီးထွက်နေသဖြင့် ဩဂုတ် ၈ ရက်ကသာ လာရောက်ပူးပေါင်း နိုင်ခဲ့ကြောင်း လက်ရှိရေနံချောင်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသာချိုကပြောသည်။

‘‘သြဂုတ် ၁၂ ရက် ညမှာ တော့ သပိတ်စခန်းအပါအဝင် မြို့ပေါ်မှာ လူထုကြီးရဲ့ အုန်းအုန်း ကျွက်ကျွက် အော်ဟစ်လိုက်သံ ကြားလိုက်ရတယ်။ စုံစမ်းလိုက်တော့ ဦးစိန်လွင်ပြုတ်သွားပြီဆိုပြီး ကြားလိုက်ရတော့ ဝမ်းသာအား ရဟစ်ကြတာ။ အဲဒီနောက်ပိုင်း ကစပြီးတော့ သပိတ်စခန်းကြီး ဟာ လူတွေတရုန်းရုန်းနဲ့ ပြန်လည်စည်ကားလာတော့တာ သပိတ်စခန်းကြီး ပိတ်လိုက်ရတဲ့ အချိန်အထိပါပဲ’’ဟု ဦးသာချိုကဆိုသည်။

 အရေးတော်ပုံကာလတွင် ရေနံချောင်းမြို့မှ မိုင် ၂၀ ပတ် လည်အတွင်း နံနက်နှင့် ညစဉ် ဖမ်းယူနားဆင်နိုင်သည့် ရေဒီယို အစီအစဉ်များထုတ်လွှင့်ပေးခြင်း ကို ကျောင်းသားသမဂ္ဂပြန်ကြား ရေးအဖွဲ့က စီစဉ်ပေးနိုင်ခဲ့သည်။

‘‘တစ်နိုင်ငံလုံး ဖြစ်တာဆို တော့ ဆက်သွယ်ရေးတွေက ပြတ်တောက်ကုန်ပြီလေ။ လူထုက လည်း ဘာတွေဖြစ်နေလဲသိချင် ကြတယ်။ နောက် သမဂ္ဂနဲ့ သပိတ်စခန်းကလည်း ဒီနေ့ဘာလုပ်နေ တယ်၊ မနက်ဖြန်ဘာလုပ်မယ်ဆို တာတွေ ထုတ်ပြန်ချင်တယ်။ ဒါ ကြောင့် ရေနံချောင်းမြို့က ဦးလေးတစ်ယောက်က ရေဒီယိုပညာရှင်၊ သူက သူ့အသံလွှင့်စက်ကြီးကို သပိတ်စခန်းကို ယူလာတာ။ ဒီက ကျောင်းသားတွေက မနက်တစ် ကြိမ်၊ ညတစ်ကြိမ်အသံလွှင့်ပေါ့’’ ဟု ယင်းအချိန်ကာလကကျောင်း သားသမဂ္ဂပြန်ကြားရေး အဖွဲ့ဝင် ဖြစ်ခဲ့သူ ကိုကျော်လင်းက ဆို သည်။

ထို့အပြင် ရေနံချောင်းသ ပိတ်စခန်းတည်နေရာကို အစွဲပြု ကာ‘လည်ပေါ်သတင်းစာ’ဟု အ မည်ပေးထားသော နေ့စဉ်သတင်း စာများ ထုတ်ဝေခြင်းလည်း ဆောင်ရွက်ခဲ့သေးသည်။

‘‘ကျောင်းသားတွေပဲ စု ပေါင်းပြီး စာရွက်ထက်ဝက်ချိုး လေးရွက်ငါးရွက်စုချုပ်ပြီး၊ လက် ရေးမူနဲ့ရေးပြီး၊ လည်ပေါ်သတင်း စာဆိုပြီး နေ့စဉ်ထုတ်ပြီး ဖြန့်သေး တာ’’ဟု ကိုကျော်လင်းက ထိုစဉ် ကာလ သပိတ်စခန်းပြန်ကြားရေး အဖွဲ့ တာဝန်ယူဆောင်ရွက်ခဲပုံကို ပြန်ပြောင်းဆိုသည်။

ခေတ်မီတံဆိပ်ရိုက်စက်များ ပေါ်လာခြင်းမရှိသေးသည့်ထိုကာ လတွင် ကျောင်းသားသမဂ္ဂအလံ က အစပြု၍ ကြွေးကြော်ဆိုင်း ဘုတ်များ၊ ပိုစတာများကို နီးစပ် ရာ ပိတ်ဖြူစပေါ်တွင် သင်္ဘော ဆေးဖြင့် ဖြစ်သလို ရေးခြယ်လုပ် ဆောင်ခဲ့ရပုံကိုလည်း ထိုစဉ်က အခြေခံပညာ ကျောင်းသားခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ဦး မြင့်ငွေက ဆိုသည်။

သြဂုတ် ၆ ရက်က စတင် ခဲ့သော ရေနံချောင်းမြို့ ရှစ်လေး လုံးအရေးတော်ပုံကြီးသည် စက် တင်ဘာ ၂၁ ရက်တွင် အဆုံး သတ်ခဲ့ရသည်။

ကျောင်းသားနှင့် အလုပ်သမားများ စုစုပေါင်းငါးဦး ကျဆုံးခဲ့ပြီး လူများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ထိုစဉ်က ဦးဆောင်ခဲ့သူ များက ဆိုကြသည်။

ရေနံချောင်း ရှစ်လေးလုံး အရေးတော်ပုံကြီးသည် တစ်လ ကျော် ကြာမြင့်သည့်တိုင် ကြံ့ကြံ့ခံ တိုက်ပွဲဝင်နိုင်ခဲ့သည်မှာ ပြည် သူလူထုကြီးတစ်ရပ်လုံး၏ ဝန်းရံ မှုကြောင့်သာဖြစ်ကြောင်း ထိုစဉ် က ကျောင်းသားခေါင်းဆောင် များက တခုတ်တရဆိုလေသည်။

လည်ပေါ်သပိတ်စခန်းကို ရဲ များက နှစ်ကြိမ်ထက် မနည်းဝိုင်း ခဲ့ကြသည်။

 ‘‘မြို့မိမြို့ဖကြီးတွေက သပိတ်စခန်းကို ရဲတွေ လာဝိုင်း တော့ ဒီနေရာက သမိုင်းဝင်နေရာ၊ လက်နက်ကိုင်ပြီး ဝင်လို့မရဘူး။  အေး ဝင်ချင်တယ်ဆိုရင် ငါတို့ကို အရင်သတ်ပြီးမှ ဝင်ဆိုပြီးတော့ကို သေနတ်ကို ရင်ဝဆွဲတေ့ပြီး အဲဒီလိုတားခဲ့ကြတာ’’ဟု ကျောင်းသားခေါင်းဆောင်များကဆိုသည်။

သပိတ်ပင်မစခန်းကြီးတည် ထောင်ခဲ့ရာ လည်ပေါ်သာသနာ့ ဗိမာန်ကြီးအဝင်တွင် ယခုအခါ ရှစ်လေးလုံး အထိမ်းအမှတ် ကျောက်စာတိုင်ကြီး ထည်ဝါစွာ တည်ရှိခဲ့ပြီဖြစ်သည်။

အဆိုပါ ကျောက်စာတိုင် ပတ်လည်တွင်လည်း အရေးတော် ပုံကာလအတွင်း ကျဆုံးခဲ့ရသည့် ကျောင်းသားပြည်သူများ၏ နာ မည် ကမ္ပည်းမော်ကွန်းများကို လည်း ပုပ္ပားတောင်မကြီးမှ ရရှိ သော မီးသင့်ကျောက်သားနက် နက်ပေါ်တွင် စူးနစ်စွာ ထွင်းထု ထားနိုင်ခဲ့ပြီဖြစ်သည်။

သို့သော် အဆိုပါသမိုင်းဝင် ဒီမိုကရေစီအရေးတော်ပုံအထိမ်း အမှတ်များ စိုက်ထူနိုင်ရန် ရေနံချောင်းမြို့သည် ၂၈ နှစ်တိုင်အောင် စောင့်စားခဲ့ရသည်။