ပုဂံတွင် ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲကျင်းပမည်

ဇူလိုင် ၉ ရက်က မန္တလေးမြို့တွင် ကျင်းပသည့် ရန်ကင်းတောင်ဖိတ်ခေါ် Mountain Bike စက်ဘီးပြိုင်ပွဲဝင်ကစားသမားများ(ဓာတ်ပုံ−ထက်သာဦး)

 ပုဂံမြို့၌ ကျင်းပမည့် ပုဂံဖိတ်ခေါ် Mountain Bike စက် ဘီးပြိုင်ပွဲကို မြန်မာနိုင်ငံအလယ် ပိုင်းမှ မျိုးဆက်သစ်လက်ရွေးစင် ကစားသမားများ ပေါ်ထွက်လာ စေရန် ရည်ရွယ်၍ ကျင်းပကြောင်း မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်မင်းသန်းက ပြောသည်။

အဆိုပါ ဖိတ်ခေါ်စက်ဘီး ပြိုင်ပွဲကို ဩဂုတ် ၁၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာ နိုင်ငံ စက်ဘီးအဖွဲ့ချုပ်က လစဉ် ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။ ယခုလ ပြိုင်ပွဲ ကျင်းပရန် ပုဂံမြို့ကို ရွေးချယ်ရ ခြင်းသည် မြန်မာနိုင်ငံ အလယ်ပိုင်းမှ စက်ဘီးအားကစားသမား များ၊ ဝါသနာရှင်များ လာရောက် ရန် လွယ်ကူခြင်း၊ လက်ရှိတွင် မိုး ရွာသွန်းမှုနည်းခြင်းတို့ကြောင့်ဖြစ် သည်ဟု ဦးကျော်မင်းသန်းက ရှင်းပြသည်။


‘‘ရေနံချောင်း၊ ချောက်၊ ပခုက္ကူဘက်က မျိုးဆက်သစ် လက်ရွေးစင်ကစားသမားတွေ ထွက်လေ့ရှိတဲ့ မြို့တွေပါ။ မြန်မာ နိုင်ငံအလယ်ပိုင်းက ကစားသမား တွေ သွားဖို့လာဖို့ အဆင်ပြေ အောင် ပုဂံကို ကျင်းပဖို့ ရွေးခဲ့တာ ပါ’’ဟု ဦးကျော်မင်းသန်းက ဆို သည်။

ပုဂံဖိတ်ခေါ်စက်ဘီးပြိုင်ပွဲ ကို အာနန္ဒာဘုရားရှေ့မှ စတင် တာလွှတ်မည်ဖြစ်ပြီး ပုဂံမြို့တွင်း လှည့်လည်စီးနင်းကာ တာလွှတ် သည့်နေရာတွင်ပင် ပန်းဝင်ရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်လမ်းကြောင်း အရှည် ၁၆ ဒသမ ၅ ကီလိုမီတာ ရှိကြောင်း သိရသည်။

ပြိုင်ပွဲတွင် အမျိုးသားအ လွတ်တန်း၊ အမျိုးသမီးအလွတ် တန်းနှင့် အမျိုးသားအပျော်တမ်း ဟူ၍ အတန်းသုံးတန်း ခွဲခြားသတ် မှတ်ထားပြီး အပျော်တမ်းပြိုင်ပွဲ၌ လက်ရွေးစင်အဆင့်ကစားသမား များ၊ နိုင်ငံခြားသားများနှင့် ဆုရရှိ ဖူးသည့် ကစားသမားများ ဝင် ရောက်ယှဉ်ပြိုင်ခွင့်မရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဖိတ်ခေါ်စက်ဘီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လို သူများသည် ဩဂုတ် ၁၀ ရက် နောက်ဆုံးစာရင်းပေးရမည်ဖြစ် ပြီး ဩဂုတ် ၈ ရက်အထိ စာရင်း ပေးသွင်းသူ ပြိုင်ပွဲဝင် ၉၀ ကျော်ရှိကြောင်း သတင်းရရှိသည်။ ပြိုင်ပွဲဝင်ကြေး အခမဲ့ဖြစ်ပြီး ပြိုင်ပွဲဝင်ကစားသမားများကို မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်က တည်းခိုစားသောက်ရန် စီစဉ်ပေးမည်ဖြစ် ကြောင်း ဦးကျော်မင်းသန်းက ပြောသည်။

Top News