၂၉ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားများ မြို့ကြီးအချို့တွင် ကျင်းပ

မုံရွာမြို့တွင် ကျင်းပသော ရှစ်လေးလုံးအရေးတော်ပုံအခမ်းအနားသို့ တက်ရောက်လာသူများ (ဓာတ်ပုံ − မျိုးမင်းဦး)

(၂၉)နှစ်မြောက် ရှစ်လေး လုံးဒီမိုကရေစီအရေးတော်ပုံ အ ခမ်းအနားများကို သြဂုတ် ၈ ရက် နံနက်ပိုင်းက ရန်ကုန်အပါအ၀င် မြို့ကြီးအချို့တွင် နိုင်ငံရေးအင် အားစုများအပါအ၀င် နိုင်ကျဉ်း ဟောင်းများနှင့် ပြည်သူများ စု ပေါင်းကျင်းပခဲ့သည်။

ရန်ကုန်မြို့တွင် ၈၈ မျိုးဆက် ကျောင်းသားများ ဦးဆောင်၍ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယဘုန်းကြီးကျောင်းတွင် (၂၉)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအခမ်းအနား ကျင်းပခဲ့ပြီး သြဂုတ် ၈ ရက်ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။

ပြည်မြို့တွင် ရှစ်လေးလုံးအရေးတော်ပုံအခမ်းအနား ကျင်းပနေစဉ်   ( ဓာတ်ပုံ − ဇော်မင်းထိုက် )

 အလားတူ ပြည်မြို့တွင် (၂၉)နှစ်မြောက် ရှစ်လေးလုံးဒီမိကရေစီ အရေးတော်ပုံ အခမ်းအနားကို ဓမ္မာစရိယ ဘုန်းကြီး ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။ ရှစ်လေးလုံး ဒီမိုကရေစီ လူထုလှုပ်ရှားမှု အရေးတော်ပုံကြီး၏ ရည်မှန်းချက်များအား ဆောင် ရွက်နိုင်ခြင်း မရှိသေးသဖြင့် ပြန် လည်သုံးသပ်နိုင်ရေး ရည်ရွယ် ကာ ကျင်းပကြခြင်းဖြစ်ကြောင်း ပြည်မြို့၊ ရှစ်လေးလုံး အရေး တော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့သူ များက ပြောသည်။

‘‘စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ကြတဲ့ လူထုအရေး တော်ပုံကြီးရဲ့ ရည်မှန်းချက်က ဒီနေ့အထိ ခရီးပန်းတိုင်မရောက် သေးဘူး။ အဲဒါတွေကို ပြန်လည် သုံးသပ်ပြီး စစ်မှန်တဲ့ ဒီမိုကရက် တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်အဖြစ် ရောက်ရှိနိုင်ဖို့ ဆွေးနွေးဟောပြောကြတယ်’’ဟု ရှစ်လေးလုံးအရေးတော်ပုံ လှုပ် ရှားမှုတွင် ပါဝင်ခဲ့သည့် ပြည်မြို့ ဒေသခံ ဦးကြည်အေးက ပြော သည်။

တောင်ကြီးတွင်လည်း ရှစ် လေးလုံးအရေးတော်ပုံအခမ်းအ နားကို ဗိုလ်ချုပ်ပန်းခြံဝင်းအတွင်း ရှိ ရှစ်လေးလုံး အထိမ်းအမှတ် ကျောက်တိုင်၌ သြဂုတ် ၈ ရက် နံနက်ပိုင်းက ကျင်းပခဲ့ပြီး ရှမ်း ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံ ကိန်းနှင့် စီးပွားရေး-၀န်ကြီးဦးစိုး ညွန့်လွင်၊ ဘဏ္ဍာအခွန်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်တို့လည်း တက်ရောက်ခဲ့ကာ ရှစ်လေးလုံး ဆရာတော် ဦးခေမာနန္ဒက ၀န်ကြီး များအား ရှစ်လေးလုံးအထိမ်းအ  မှတ် တီရှပ်များ လက်ဆောင်ပေး ခဲ့သည်။

အခမ်းအနားတက်ရောက် လာသူများက အရေးတော်ပုံတွင် ကျဆုံးခဲ့သူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရှစ်စက္ကန့်ငြိမ်သက်ခြင်း၊ သ၀ဏ်လွှာများဖတ်ကြားခြင်း၊ ရှစ်လေးလုံးအရေးတော်ပုံအား သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

တောင်ကြီးမြို့တွင် ကျင်းပသော ရှစ်လေးလုံးဒီမိုကရေစီ အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)

‘‘ရှစ်လေးလုံးနှစ်ပတ်လည် ဆိုတာ နှစ်တိုင်းလုပ်ခဲ့တယ်။ ဒီ တစ်နှစ်တော့ မြို့လယ်ကောင်မှာ ကျင်းပခွင့်ရခဲ့တယ်။ ရှစ်လေးလုံး ပြည်သူ့အစိုးရဆိုတာ ပေါ်ထွက် လာခဲ့တယ်။ ရရှိလာခဲ့တယ်။ အဲဒါတွေကို ပြည်သူတွေ မမေ့ဖို့ နဲ့ ဒီမိုကရေစီအပြည့်အ၀မရရှိ သေးတာကိုလည်း ပြည်သူလူထု ကို အသိပေးချင်တာကြောင့် ဒီ အခမ်းအနားကို ကျင်းပရခြင်းဖြစ် တယ်’’ ဟု ရှစ်လေးလုံး အခမ်းအနားကျင်းပရေး ကော်မတီဝင်၊ ရှမ်းပြည်နိုင်ငံရေးအဖွဲ့မှ ဦးတင် မောင်တိုးက ပြောသည်။

မုံရွာမြို့တွင်လည်း ရှစ်လေး လုံး အရေးတော်ပုံ အောက်မေ့ ဖွယ်အခမ်းအနားကို မြို့သစ်ရပ် ကွက်မှ ချင်းတွင်းအင်စတီကျူဒ် ရုံး၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးလှုပ် ရှားသူများ၊ ကျောင်းသားကျောင်း သူများ၊ အရပ်ဘက်လူမှုအဖွဲ့အ စည်းများနှင့် ရှစ်လေးလုံး အရေး တော်ပုံတွင် ပါဝင်ခဲ့ကြသူများ တက်ရောက်ခဲ့ပြီး ရှစ်လေးလုံး အရေးတော်ပုံနှင့်ပတ်သက်သော အမှတ်တရစကားများပြောကြား ခြင်း၊ ကဗျာများရွတ်ဖတ်ခြင်း၊ သ၀ဏ်လွှာများ ဖတ်ကြားခြင်း များ ပြုလုပ်ခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံတွင် ကျဆုံးခဲ့ကြသူများအား ရည်စူး၍ ဆရာတော်များအား ပင့်ဖိတ်၍ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ ကောင်းရာသုဂတိ ရောက်ရှိစေရန် အမျှအတန်းများပေးဝေခဲ့သည်။

More in News Section

Top News