ရုတ်တရက် နာမည်ကြီးလာသော မြေတိုင်ကန်ကျေးရွာ

ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်၇ရက်တွင် မြေတိုင်ကန်ကျေးရွာနေ သက်ကြီးရွယ်အိုများကို လိုက်လံနှုတ်ဆက်စဉ် ဓာတ်ပုံ−ဟိန်းထက်/အီးပီအေ

ဖြူးဖြောင့်မည်းနက်နေသည့် ကတ္တရာလမ်းမကြီးက ခွဲထွက်လာသော တစ်မိုင်ခန့်ရှည်သည့် မြေနီလမ်းကလေးသည် မြေတိုင်ကန် ကျေးရွာ၏ ရွာအဝင်လမ်းဖြစ်၏။ ရွာအဝင်မြေနီလမ်းကလေး၏ ဘေးဘယ်ညာတစ်ဖက်စီတွင် စိမ်းညို့ နေသည့် ဝါနှင့် ငရုတ်စိုက်ခင်းများကို တစ်မျှော်တစ်ခေါ်တွေ့ရပြီး နံနက်နေခြည်အောက်တွင် စိမ်းစိုနေသော ဝါစိုက်ခင်းများသည် အဖူးအပွင့်များဖြင့် ဝေဆာလျက်ရှိသည်။

မြေတိုင်ကန် ကျေးရွာသည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်အတွင်းမှ အိမ်ခြေ ၂၅၀ ကျော်၊ လူဦးရေ ၁,၂၀၀  ကျော်သာရှိသော ကျေးရွာငယ်လေးဖြစ်သည်။ ဝမ်းတွင်းမြို့၏ မြောက်ဘက် ၃ မိုင်ခန့်အကွာ ရန်ကုန်-မန္တလေးလမ်း ဟောင်း၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသည်။ ကျေးရွာတွင်နေထိုင်သူများသည် တောင်သူလယ်သမားများနှင့် ရက်ကန်းခတ်လုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ် သည်။ ကျေးရွာတည်ဆောက်ပုံနှင့် ကျေးရွာအတွင်းရှိ နေအိမ်အ ဆောက်အအုံများသည် မြန်မာနိုင် ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ အခြေားကျေးရွာများကဲ့သို့ပင် များစွာထူးခြားမှု မရှိဘဲ သာမန်မြေသားလမ်းများ၊  ထရံကာသွပ်မိုးနှင့်မြေစိုက်အိမ်များသာဖြစ်ကြသည်။

သို့သော်မြေတိုင်ကန်ကျေးရွာတွင် အခြားကျေးရွာများနှင့်အတူသည့် ထူးခြားသည့်လူနေမှုစရိုက်အချို့ရှိနေသည်။ မြေတိုက်ကန်ရွာတွင် အရက်သေစာရောင်းချသည့် အရက်ဆိုင်မရှိ၊ ရွာသူ၊ ရွာသားများသည် ကျေးရွာကိုစွန့် ခွာပြီး နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်သူမရှိဘဲ မိရိုးဖလာ အလုပ်များဖြင့်သာ လုပ်ကိုင်စားသောက်ကြသည်။ မြေတိုင်ကန်ကျေးရွာတွင် ချဲထီ၊ နှစ်လုံး၊ သုံးလုံးရောင်းချသည့် လောင်းကစားဒိုင်လည်း မရှိဟု ဒေသခံများက ပြောသည်။ ထိုသို့ထူးခြားမှုအချို့ရှိသည့် မြေတိုင်ကန်ကျေးရွာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးလက်စကားဝိုင်းပြုလုပ်မည့် ကျေးရွာအဖြစ် ရွေးချယ်ခဲ့ရာ မြေတိုင်ကန်ရွာသည် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် လူစိတ်ဝင်စားခံရမှု အများဆုံးကျေးရွာလေးဖြစ်လာပါသည်။

‘‘တို့ရွာမှာ အရက်ဆိုင်လည်း မရှိဘူး။ လက်ဖက်ရည်ဆိုင်လည်း မရှိဘူး’’ ဟု မြေတိုင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဖြိုးက ပြောသည်။

ကျေးရွာအတွင်းအရက်ဆိုင်မဖွင့်ရန် သီးသန့်ပိတ်ပင်ထားရန် ပင်မလိုအပ်ဘဲ အရက်သေစာဝယ် ယူသောက်စားသူ မရှိသလောက် နည်းပါးသောကြောင့် အရက်ဆိုင်မဖွင့်ကြဟု ဦးအောင်ဖြိုးက ဆိုသည်။

တစ်ခါတစ်ရံ ဝမ်းတွင်းမြို့ ပေါ်သို့ သွားရောက်ကာ အရက်သေစာသောက်စားသူ အချို့ရှိ သော်လည်း မြေတိုင်ကန်ဒေသခံအများစုသည် အရက်မသောက်ကြဟု ဒေသခံများက ပြောသည်။

‘‘တို့ရွာမှာ မျက်နှာတွေ ဖောသွပ်ပြီး မူးရူးနေတဲ့ သူဆိုတာ မရှိဘူး။ မူးရမ်းနေပြီဆိုရင် အဲဒါဧည့်သည်ပဲ’’

မြေတိုင်ကန်ကျေးရွာနေ အသက် (၅၀)ကျော်အရွယ် သားသမီးလေးဦး မိခင်ဒေါ်ခင်မာကြည်က သူတို့ရွာတွင် အရက်သေစာ အလွန်အကျွံ သောက်စားမူးယစ်သူ၊ အရက်ကြောင့် ကျန်းမာရေး ထိခိုက်နေသူမရှိကြောင်း ဝံ့ကြွား သည့်ဟန်ဖြင့် ပြောသည်။


မြေတိုင်ကန်ကျေးရွာ တစ်နေရာကို သြဂုတ် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထက်သာဦး)

‘‘ဒီလိုပဲ တောထမင်း၊ တောဟင်းစားပြီး နေကြတာ’’ဟု ဒေါ်ခင်မာကြည်က ပြောသည်။

‘‘နှစ်ပေါင်း ၅၀ ကျော်ကြာစစ်အာဏာရှင်များ အုပ်စိုးမှုအောက်တွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးတိုင်းပြည်ဖြစ်ခဲ့ပြီး ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် သန်းနှင့်ချီသော မြန်မာနိုင် ငံသားများ နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသော်လည်း မြေတိုင်ကန် ကျေးရွာမှဒေသခံများသည် နိုင်ငံခြားထွက် အလုပ်လုပ်သူတစ်ဦးမျှ မရှိကြောင်း ရွာခံများကပြောသည်။ စီးပွားရေး ပြေလည်ပြီး နိုင်ငံခြားထွက် အလုပ် လုပ်ရန် မလို၍ နိုင်ငံခြားမထွက်ကြ ခြင်းမဟုတ်ဘဲ ရသမျှနှင့် ရောင့်ရဲ တင်းတိမ်ကာ ဒေသတွင်းမှာပင် နေထိုင်လုပ်ကိုင်စားသောက်ကြ ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

‘‘နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တဲ့သူတစ်ယောက်မှ မရှိဘူး။ ကိုယ့်ရွာမှာ ကိုယ်တောင်သူလုပ်တယ်။ ရက်ကန်းလုပ်ငန်းလုပ်တယ်။ တချို့ကတော့ ဝမ်းတွင်းမြို့ပေါ်တက်ပြီး နေ့ဆိုင်း၊ ညဆိုင်းနဲ့ ရက်ကန်းစက်မောင်းရတာတော့ ရှိတယ်’’ဟု မြေတိုင်ကန်ရွာမှ NLD ပါတီ ကျေးရွာစည်းရုံးရေးမှူး ဦးရွှေလှက ပြောသည်။

မြေတိုင်ကန် ကျေးရွာနှင့် အနီးအနားဝန်းကျင်ကျေးရွာများမှ ဒေသခံများကလည်း မြေတိုင်ကန်ရွာသူ၊ ရွာသားများသည် ရိုးရိုးကုပ်ကုပ်နေထိုင်ကာ ရိုးသားကြိုးစားကြသူများဖြစ်ကြောင်း မှတ်ချက်ပေးသည်။

‘‘သူတို့က ရွာသေးပေမယ့် ကိုယ့်ထူးကိုယ်ချွန်လုပ်ကြတယ်။ အရက်သမား၊ အမူးသမားမရှိဘူး။ နယ်တွေထွက်ပြီးတော့လည်း အလုပ်မလုပ်ကြဘူး။ ဝမ်းတွင်းမြို့ ပေါ်မှာ ရက်ကန်းသွားခတ်ကြတာတော့ရှိတယ်။ ရိုးရိုးအေးအေးနေပေမယ့် တခြားရွာတွေနဲ့ယှဉ်ရင် သူတို့ရွာက ပညာတတ်တို့၊ အစိုးရဝန်ထမ်းတို့လည်းပေါတယ်’’ဟု မြေတိုင်ကန်ကျေးရွာနှင့် ကပ် လျက် တည်ရှိသည့် ခရေစုကျေးရွာနေ တောင်သူဦးတင်ဝင်းက ပြောသည်။

ခရေစုကျေးရွာသည် အိမ် ခြေ ၁,၅၀၀ ကျော်ရှိသည့် ရွာကြီး ဖြစ်ပြီး မြေတိုင်ကန်ကျေးရွာထက် လူဦးရေပိုများသလို အရက်သေစာသောက်စားသူ ပိုမိုများပြားသော် လည်း ပညာရေး အားပေးမှုတွင် မြေတိုင်ကန်ကျေးရွာကို မမီဟု ဦးတင်ဝင်းက ဝန်ခံသည်။

‘‘တို့က ရွာသာကြီးတာ။ လူ ရည်လည်တာ၊ ပညာတတ်တာ တော့ မြေတိုင်ကန်ရွာကို မမီဘူး’’ ဟု ဦးတင်ဝင်းက ရွာနှစ်ရွာကို နှိုင်း ယှဉ်ပြောသည်။

ကျေးရွာ၏ ပညာရေးကိုမြှင့် တင်နိုင်ရန် ကျောင်းဆရာများ၏ဦး ဆောင်မှုဖြင့် ဘွဲ့ရလူငယ်အချို့က လစဉ်ငွေစုကာ ကျေးရွာအတွင်း တစ်နိုင်တစ်ပိုင်ပညာရည်ချွန်ဆု များပေးအပ်နိုင်ရန် စီစဉ်နေသည် ဟု ဆရာဦးထွန်းဝင်းကဆိုသည်။

‘‘ဒီလိုဘာလို့လုပ်တာလဲဆို လို့ရှိရင် ကျွန်တော်တို့မှာချမ်းသာ လို့၊ပိုက်ဆံတွေပေါများနေလို့ လုပ် တာမဟုတ်ပါဘူး။ ကျွန်တော်တို့ ရွာအမှန်ပြောရလို့ရှိရင် ပညာ တတ်တဲ့သူက နည်းပါတယ်။ ဒီလို တစ်နိုင်တစ်ပိုင်လေးလုပ်လိုက် ခြင်းအားဖြင့် ပညာကိုပိုကြိုးစား လာပြီးတော့ ပညာတတ်တွေပိုပေါ လာလို့ရှိရင် ရပ်ရွာက အားထား ရတဲ့သူတွေပေါ်ထွက်လာမယ်။ နိုင်ငံတော်ရဲ့တာဝန်ကို တစ် ထောင့်တစ်နေရာကနေ ထမ်း ဆောင်နိုင်မယ့်သူတွေ ပေါ်ထွက် လာမယ်လို့မျှော်လင့်ချက်နဲ့ လုပ် တာဖြစ်ပါတယ်’’ ဟု ဦးထွန်းဝင်း ကပြောသည်။


မြေတိုင်ကန်ကျေးရွာ ဒေသခံအချို့ကို တွေ့ရစဉ်

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက မြေတိုင်ကန်ကျေးရွာလျှပ်စစ်မီးရရှိခဲ့သည်။ တိုင်းအစိုးရရန်ပုံငွေ ကျပ်သိန်း ၁၃၀ နှင့် ကျေးရွာရန်ပုံ ငွေကျပ်သိန်း ၈၀၀ ကျော်ဖြင့် ကိုယ်ထူကိုယ်ထမီးလင်းခဲ့ခြင်း ဖြစ်သည်။ လျှပ်စစ်မီးရရှိခဲ့သဖြင့် ကျေးရွာ၏ စီးပွားရေး၊ လူမှုရေး များပိုမိုဖွံ့ဖြိုးလာမည်ဟု ဒေသခံများက မျှော်လင့်လျက်ရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အရက်ဆိုင်မရှိခြင်းနှင့် လူငယ်လူရွယ်များ ကျေးရွာကိုစွန့်ခွာပြီး နိုင် ငံခြားသွားရောက်ခြင်းမရှိဆိုသည့် အချက်များအပေါ်ထူးခြားပြီး စိတ်ဝင်စားစရာကောင်းသည်ဟု မှတ်ချက်ပြုသည်။ တစ်နိုင်ငံလုံးမှ လူငယ်လူရွယ်များစီးပွားရေးနှင့် ဘ၀ရပ်တည်ရေးအတွက် မိသားစုဘ၀အထိခိုက်ခံကာ နိုင်ငံခြား ထွက်အလုပ်လုပ်နေကြချိန်တွင် မြေတိုင်ကန်ရွာ ဒေသခံများက ကိုယ့်ရွာကိုယ်နေပြီး ဘ၀ကိုတိုး တက်အောင်လုပ်ဆောင်နေသည့် အပေါ် လေ့လာသင်ယူလိုစိတ် ဖြစ်မိသည်ဟု ၎င်းက ပြောသည်။

‘‘ကျွန်မတို့နိုင်ငံအနှံ့အပြားမှာဆိုလို့ရှိရင် လူငယ်လူရွယ်တွေ မရှိတော့တဲ့ရွာတွေအများကြီးရှိပါတယ်။ လူငယ်လူရွယ်တွေက မိမိတို့ရဲ့စီးပွားရေးအတွက်ပေါ့ နော်။ ဘ၀ရပ်တည်ရေးအတွက် ဆိုပြီးတော့ ရွာကိုစွန့်ပြီး တခြားကို ထွက်သွားတယ်။ အဲဒီလိုတခြားကို ထွက်သွားတယ်ဆိုတာ ရွာကိုအ များကြီးထိခိုက်ပါတယ်။ လူမှုရေးအရဆိုလို့ရှိရင် မိသားစုဘ၀ကိုထိ ခိုက်တယ်။ စီးပွားရေးအရဆိုလို့ရှိရင်လည်း ရွာမှာအလုပ်မရှိလို့ ဆိုပြီးထွက်သွားပြီးတော့ အလုပ်ရှိ နိုင်တဲ့အခြေအနေ ဖန်တီးနိုင်မှု အားတွေလျော့သွားတယ်။ အဲဒါ ကြောင့်မို့လို့ ကျွန်မစိတ်ဝင်စားတယ်။ ဘာဖြစ်လို့ ဒီရွာကလူငယ်လူရွယ်တွေကရွာကိုစွန့်ပြီး တခြားမှာ သွားပြီးစီးပွားရှာတဲ့အလေ့အ ထမရှိသလဲ။ ကိုယ့်ဘ၀ကိုယ့်ရွာ လေးမှာ ကိုယ့်ဘာသာရပ်တည်ပြီး ဘ၀တိုးတက်ထွန်းကားအောင် လုပ်ဖို့က ကျွန်မတို့အနေနဲ့ ဒီရွာကနေ ဘာတွေသင်ယူနိုင်သလဲဆိုတာလည်း ကျွန်မသိချင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က မြေတိုင်ကန်ကျေးရွာဒေသခံရှစ်ဦး နှင့်ပြုလုပ်သည့် ကျေးလက်စကား ၀ိုင်းတွင် ပြောသည်။

ကိုယ့်အားကိုယ်ကိုးကြိုးစားနေသည့်  မြေတိုင်ကန်ရွာသူရွာသားများကမူ ကျေးလက်စကားဝိုင်းပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က သူတို့ကျေးရွာကို ရွေးချယ်ခဲ့ခြင်းအပေါ် ၀မ်းသာဂုဏ်ယူမဆုံးရှိနေကြသည်။

စကားဝိုင်းဆွေးနွေးပွဲတွင်လည်း ကျေးရွာအတွက် လိုအပ်သည်များကို တောင်းဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း တောင်းဆိုသည်များကို ဖြည့်ဆည်းပေးရန် တိုင်းအစိုးရအဖွဲ့အား ညွှန်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြေတိုင်ကန်ကျေးရွာအပါအ၀င် ကျေးရွာတစ်ရွာ၏ အခြေအနေသည် နိုင်ငံအတွက် အတိုင်းအတာတစ်ခုအထိ ရောင်ပြန်ဟပ်ပြီး ကျေးရွာတစ်ရွာကြုံတွေ့နေရသော ပြဿနာကိုလည်း အလေးထားဖြေရှင်းရန် လိုအပ်သည်ဟု ပြောသည်။

‘‘ရွာတစ်ရွာမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုသုံးသပ်ခြင်းအားဖြင့်၊ ဒီပြဿနာတွေရဲ့အဖြေကို ရှာခြင်းအားဖြင့် ကျွန်မတို့နိုင်ငံတစ်နိုင်ငံလုံးကနေရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲဆိုတဲ့အဖြေရနိုင်ပါတယ်’’ ။။

ဒေသခံများ၏ တောင်းဆိုချက်များကို အစိုးရနှင့်အလှူရှင်များ လုပ်ဆောင်ပေးမည့်အချက်များ

၁။ကျောင်းဆရာဦးထွန်းဝင်းက ပဉ္စမတန်း ကျောင်းသားများ စာသင်ကြားရန် ကျောင်းဆောင်လိုအပ်ကြောင်း တင်ပြ။

ကျောင်းဆောင်အလှူရှင်ပေါ်လာ

၂။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ်ညောင်ပင်သာဆည်ရွာမှ မမြသန်းရီက ၎င်းတို့ရွာတွင် အိမ်ခြေ ၂၅၀ ၌ ၈၅ အိမ်မီးလင်းကြောင်း၊ လာမည့်သုံးနှစ်လောက်အတွင်း တစ်ရွာလုံးမီးလင်းစေချင်ကြောင်း တင်ပြ

မီးလင်းရေးအတွက် အလှူရှင်များက ကျပ်သိန်း ၂၀၀ ဆက်သွယ်လှူဒါန်း

၃။ သက်ကြီးရွယ်အိုများနှင့် တွေ့ဆုံရာတွင် သောက်သုံးရေရရှိရေး တောင်းဆိုမှုအပေါ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်လအတွင်း သောက်သုံးရေရရှိရန် စီစဉ်ပေးမည်ဟုဆို

၎။ စိုက်ပျိုးရေရရှိရန် တောင်းဆိုချက်အပေါ် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က တစ်ပတ်အတွင်းရေလွှတ်ပေးမည်ဟုဆို

၅။ရေတိုက်စားမှုကြောင့် တာပေါင်များ ပျက်စီးနေကြောင်း တင်ပြချက်အပေါ် ပြန်လည်ပြင်ဆင်ပေးမည်ဟုဆို