ပန်းတိုင်မရောက်သေးပါ

ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာတွင် ပြုလုပ်သော ငြိမ်းချမ်းရေးစကားဝိုင်းသို့ ရောက်ရှိလာသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဟိန်းထက်/အီးပီအေ)

လွန်ခဲ့သည့် ၂၉ နှစ်ကရွှေတိဂုံစေတီအနောက်ဘက်မုခ်၌ သိန်းနှင့်ချီသော ပြည်သူလူထုကို အမျိုးသမီးတစ်ဦးက ဟောပြောပွဲစင်မြင့်ထက်မှ ယုံကြည်မှုအပြည့်ဖြင့် သူ့ကိုယ်သူမိတ်ဆက်နေသည်။

‘‘ကျွန်မနိုင်ငံခြားမှာနေခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါလေးအတွက်ကြောင့်နဲ့ ကျွန်မ တိုင်းပြည်အပေါ်မှာထားတဲ့ မေတ္တာဟာ ဘယ်လိုနဲ့မှ ကျဆင်းမသွားနိုင်ပါဘူး’’

ပရိသတ်၏ လက်ခုပ်သြဘာသံများ လျှံကျလာသည်။

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကာလဟု လူသိများသည့် ၁၉၈၈ သြဂုတ် ၂၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က သိန်း နှင့်ချီသော ပြည်သူလူထုကို ပထမဆုံးအကြိမ် တွေ့ဆုံဟောပြောစဉ် မိတ်ဆက်နေခြင်းဖြစ်သည်။

ထိုအချိန်က အသက် (၄၃) နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် ရှုပ်ထွေးလှသော မြန်မာနိုင်ငံရေးနှင့် ခပ်ကင်းကင်းနေချင်သည်ဟု မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ သို့သော်သူ့ဆန္ဒ မပြည့်ဝခဲ့ပါ။ ထို့အတူ လွန်ခဲ့သော ၂၉ နှစ်က သူပြောကြားခဲ့သော မိန့်ခွန်းထဲမှ စိန်ခေါ်မှုများသည်ယနေ့ထက်တိုင် အသက်ဝင်နေဆဲပင်။

ဒီမိုကရေစီလွတ်လပ်ရေးတိုက်ပွဲ ကိုဝင်လို့ နွှဲခဲ့တယ်

ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ပွဲကာလသည် နှစ် (၃၀)နီးပါး ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းခဲ့ရသည်။ သို့သော်ပြည်သူလူထုက အပ်နှင်းထားသော နိုင်ငံရေးအာဏာဖြင့် ဒီမိုကရေစီအမြစ်တွယ်ရေးအပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကိုပါ ဆက်လက်တိုက်ပွဲဝင်နေရသည်။

‘‘ကျွန်တော်တို့လိုချင်တဲ့ စံချိန်စံညွှန်းတွေနဲ့ နိုင်ငံတော်ကို တည်ဆောက်ချင်တဲ့ ပုံသဏ္ဌာန်တွေကို ကြည့်ရမယ်ဆိုရင်လုပ်ရမှာတွေ အများကြီးကျန်နေသေးတယ်’’ဟု ၈၈ ကျောင်းသားခေါင်းဆောင် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချိုက သုံးသပ်သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကလည်း လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေသည် ဒီမိုကရေစီစနစ်ကို မွေးဖွားနိုင်သည့် အနေအထားပင်မရှိသေးကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တင်စားသကဲ့သို့ ဒုတိယ လွတ်လပ်ရေးမရသေးသည့် ကာလ (သို့မဟုတ်) တိုက်ပွဲဝင်နေဆဲကာလဖြစ်ကြောင်း ပြောသည်။

လက်ရှိအခင်းအကျင်းသည် ဒီမိုကရေစီအပြည့်အဝရရှိသေးခြင်းမဟုတ်ဘဲ ပြည်သူလူထုတစ်ရပ်လုံးက ငြိမ်းချမ်းစွာ တောင်းဆိုခဲ့၍သာ အရပ်သားအစိုးရတက်လာသည့် အသီးအပွင့်ကို ခံစားနေရခြင်းဖြစ်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျာက မှတ်ချက်ပြုသည်။


ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုနေသော ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးတိုင်းဝန်ကြီးချုပ်နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ − ဟိန်းထက်/အီးပီအေ)

တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်သည့် တပ်မတော်ကြီးဖြစ်ပါစေ

တပ်မတော်နှင့် ပြည်သူလူထုအကြား စိတ်ဝမ်းကွဲနေသည့် အခြေအနေသည် တိုင်းပြည်အတွက် အန္တရာယ်အမျိုးမျိုး ဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် ၂၉ နှစ်က မိန့်ခွန်းတွင် ပြတ်သားစွာ ပြောသည်။

မြန်မာ့တပ်မတော်သည် ၎င်း၏ ဖခင်ကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့၍ တပ်မတော်အပေါ် အင်မတန်သံယောဇဉ်ကြီးကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော်အတွက် ရည်မှန်းထားချက်တစ်ခုကို ပြည်သူလူထုအား ဖတ် ပြခဲ့သည်။

‘‘တပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက် ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်။ ဒီလိုမှ မဟုတ်ဘဲ တပ်မတော်က နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာဖြစ်မယ်ဆိုရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်တွေဟာ အလကားဖြစ်သွားတော့မှာပဲ’’ဟု ဒေါ်အောင်ဆန်းစုကြည်က လူထုအား မျှဝေခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းပြုစု ပျိုးထောင်ခဲ့သည့် တပ်မတော်နှင့် ဗိုလ်ချုပ်အပေါ် အင်မတန်သံယောဇဉ်ကြီးသည့် ပြည်သူလူထုအကြား ပဋိပက္ခမဖြစ်စေလိုကြောင်းနှင့် တပ်မတော်သားများကို လူထုအားကိုးသည့်၊ တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်သည့် တပ်မတော်ကြီးဖြစ်ပါစေဟု ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြုခဲ့သည်။

လက်ရှိအချိန်အထိလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယင်း သဘောထားမပြောင်းလဲဘဲ အမျိုးသားရင်ကြားစေ့ရေးကို အစဉ်တ စိုက်လုပ်ဆောင်လျက်ရှိသည်။

သြဂုတ် ၇ ရက်က ကျေးလက် နေပြည်သူလူထုနှင့် ငြိမ်းချမ်းရေး စကားဝိုင်းတွင် တစ်ဖက်နှင့် တစ် ဖက်အကြား အဖွဲ့အစည်းတစ်ခု က အခြားအဖွဲ့အစည်းတစ်ခုအ ပေါ် ပြစ်တင်ဝေဖန်ခြင်းသည် အဖြေရှာခြင်းမဟုတ်ဘဲ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ကူညီ ထောက်ပံ့မှုမဖြစ်စေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအာဏာရရှိလာပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးအဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံဟု အမည်ပေးကာ ၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်ဟု ကြွေးကြော်ထားသည်။

‘‘ဒီအစိုးရလက်ထက်အတွင်းမှာ ငြိမ်းချမ်းရေးရမလားပေါ့။ အဲဒါဆိုရင် ကျွန်တော်ထင်တာက ဒီလောက် နှစ်ပေါင်း ၆၀ ကျော် ဖြစ်လာတဲ့ ပြည်တွင်းစစ်ကြီးက ချက်ချင်းတော့ အဖြေမထွက်နိုင်ဘူးပေါ့။ ဒါပေမဲ့ ဖြည်းဖြည်းချင်းတော့ သွားရမယ်။ မှန်မှန်နဲ့ ရိုးသားမှုရှိရှိတော့သွားဖို့လိုတယ် ထင်ပါတယ်’’ဟု ၈၈ မျိုးဆက် ဆေးတက္ကသိုလ်ကျောင်းသားခေါင်းဆောင်  ဦးအောင်သူငြိမ်းကဆိုသည်။

နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျနေတယ်

လွန်ခဲ့သည့် အနှစ်သုံးဆယ်နီးပါးက မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု ရှေ့မှောက်တွင် သူ၏ပုဂ္ဂိုလ်ရေးကို ရိုးသားပွင့်လင်းစွာ ပြောပြခဲ့သည်။ သို့သော် အဆိုပါအချက်ကိုပင် ပျော့ကွက်သဖွယ်အသုံးချခံရကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၅၉ (စ)ဖြင့် သမ္မတဖြစ်ခွင့်ပိတ်ပင်ခြင်းခံရသည်။

 နိုင်ငံခြားသားတစ်ဦးနှင့် လက်ထပ်ခဲ့၍ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အကန့်အသတ်ရှိနေသည်မှန်သော်လည်း ဒီချုပ်အစိုးရသည် ဒီမိုကရေစီထွန်းကားရေး များစွာပြုလုပ်နိုင်ကြောင်း ၈၈ မျိုးဆက်ဆေးတက္ကသိုလ် ကျောင်းသားခေါင်းဆောင် ဦးအောင်သူငြိမ်းက မှတ်ချက်ပြုသည်။

ထို့အပြင် ဒီချုပ်အစိုးရသည် စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကန့်သတ်ချက်ဘောင်အတွင်းမှ လုပ်ဆောင်နေသဖြင့် စိတ်သွားတိုင်းကိုယ်မပါသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျာက ထောက်ပြသည်။

‘‘လက်ရှိအခြေအနေမှာ၊ ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေးစိန်ခေါ်မှုက ရှိနေသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေစိန်ခေါ်မှုက ရှိနေသေးတယ်။ နောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စိန်ခေါ်မှုက ရှိနေသေး တယ်’’ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။


ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်တွင် လူထုအား မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၈ သြဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)

ပန်းတိုင်ကို မရောက်သေးဘူးဆိုတာ မမေ့ကြပါနဲ့

မြန်မာ့နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်လာပြီး ရက်ပိုင်းအတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲစေရေး စဉ်းစားထားရန် ပြည်သူလူထုအား သတိပေးခဲ့သည်။

‘‘တိုင်းပြည်ရဲ့ အနာဂတ်ကို ရှေးရှုကြပါ။ တိုင်းပြည်ရဲ့ အနာဂတ်ရေးကို မတွေးလို့ရှိရင် အခုလက်ငင်းဖြစ်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း ကိုယ့်တိုင်းပြည်ကို အကျိုးပေးနိုင်မှာမ ဟုတ်ပါဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်က ရွှေတိဂုံစေတီအနောက်ဘက်မုခ်၌ ပြည်သူလူထုအား ပြောကြားခဲ့သည်။

တိုင်းပြည်၏ အနာဂတ်ပန်းတိုင်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်ကနှင့် တိုက်ရိုက်မတူညီတော့သော်လည်း မရောက်ရှိသေးမှုကတော့ တူညီသည်။ လွန်ခဲ့သည့် အနှစ် ၃၀ ခန့်က ဆိုလိုသည်က ဒီမိုကရေစီပန်းတိုင်ဖြစ်ခဲ့ပြီး လက်ရှိတွင် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးပန်းတိုင်ဖြစ်သည်။

ဆယ်စုနှစ်ခုနီးပါးကြာဖြတ်သန်းပြီးသည့်တိုင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီတိုက်ပွဲ မပြီးဆုံးသေးကြောင်းနှင့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် လူထုလူတန်းစားအသီးသီးနှင့် နိုင်ငံရေးအင်အားစု များကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်လက်တွဲရန် လိုအပ်ကြောင်း ၈၈၈၈ အရေးတော်ပုံစာအုပ်ပြုစုရေးသားသူ ကိုဝင်းဇော်လတ်က မှတ်ချက်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ လူထုအုံကြွလှုပ်ရှားမှုကြီးမှ မွေးဖွားပေးလိုက်သည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လူထုအပေါ် ၎င်းထားရှိသည့် ကတိက၀တ်များကို ဖြည့်ဆည်းပေးရန် သတိရနေမည်ဟု ထင်မြင်ကြောင်း ၎င်းက သုံးသပ်သည်။

‘‘ရဲရင့်တဲ့ တပ်မတော်သားတစ်ယောက်ကို သူမျှော်လင့်နေသလို တက်ကြွပြီး စိတ်အားထက်သန်တဲ့ ပြည်သူတွေရဲ့ အင်အားကိုလည်း မေ့မသွားပါနဲ့။ ဒီမိုကရေစီခရီးက ရှေ့ကို ချီရဦးမှာပါ။ အခု လူအများထင်နေသလောက် ခရီး မပေါက်သေးပါဘူး။ ဒါကို နိုင်ငံရေးနဲ့ မျက်ခြည်မပြတ်သူတိုင်း သိပါတယ်’’ဟု ကိုဝင်းဇော်လတ်က ဆက်လက်ပြောကြားသည်။

ရှစ်လေးလုံးအရေးတော်ပုံ ကာလအတွင်း ပါဝင်ပတ်သက်သူတိုင်းက တိုင်းပြည်ကို မည်သည့်ပုံစံဖြင့် ပြုပြင်ပြောင်းလဲမည်၊ မည်ကဲ့သို့ တည်ဆောက်ကြမည်ဟူ၍ ကိုယ်စီရည်မှန်းချက်ရှိကြသော်လည်း အဆိုပါ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက်ခွင့်ပေးလာသည့်အချိန်ကာလသည် လွန်စွာတို တောင်းနေသေးကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ဦးပြုံးချိုက ပြောသည်။

‘‘သတိမူရမှာက တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတစ်ခုကို ပြည်သူလူထုတစ်ရပ်လုံးက သတိရှိရှိနဲ့ ၀ိုင်းပြီးကူညီ ဆောင်ရွက်ကြဖို့ အရေးပါတဲ့ကိစ္စတစ်ခုဖြစ်တယ်။ ဒါမှ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီးတော့ ဖော်ဆောင်နိုင်ဖို့အတွက် အခြေအနေကောင်းတွေရလာမယ်လို့ ထင်ပါတယ်’’ဟု ၎င်းက ဆိုသည်။

ညီညွတ်ရင် ဘာမဆိုဖြစ်နိုင်တယ်

၁၉၈၈က ပြောခဲ့သော ရွှေတိဂုံအနောက်ဘက်မုခ် မိန့်ခွန်းတွင်မူ လူထုအားလုံးက စည်းလုံးညီညွတ်ပြီး စည်းကမ်းရှိစွာ ချီတက်မှသာ ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီနှင့် လူထု၏စည်းကမ်းရှိမှု၊ ညီညွတ်မှုတို့သည် တိုက်ရိုက်သက်ဆိုင်နေကြောင်း ပြည်သူများအား သတင်းစကားပါးခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ တိုင်းရင်းသားပြည်သူလူထု စည်းလုံးညီညွတ်ရန်၊ စည်းကမ်းရှိရန် လိုအပ်ကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းက တဖွဖွမှာကြားသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရှစ်လေးလုံးအရေးတော်ပုံ ကာလ လူထုဟောပြောပွဲတွင် စည်းကမ်းနှင့် စည်းလုံးညီညွတ်ရေးတရားများကို ထပ်တလဲလဲ ဟောပြောခဲ့သည်။

‘‘ညီညွတ်ရင် ဘာမဆိုဖြစ် နိုင်တယ်။ မညီညွတ်ရင်တော့ ဘာမှမတတ်နိုင်ဘူး။ ပြည်သူလူထုက ညီညီညွတ်ညွတ်နဲ့ မရှိနိုင်လို့ရှိရင် ဘယ်ဝါဒပဲဖြစ်ဖြစ် တိုင်းပြည်ကို အကျိုးမပေးနိုင်ပါဘူး’ ဟု ဒေါ် အောင်ဆန်းစုကြည်က ရွှေတိဂုံ အနောက်ဘက်မုခ်၌ ပြည်သူလူထုအား ပြောသည်။   ။

Top News