စပယ်ယာခေတ် ကုန်ဆုံးချိန်

စပယ်ယာမှ ယာဉ်ကြီးကြပ်ရေးမှူးဖြစ်လာသော ဦးဝင်းမြင့် (ဓာတ်ပုံ − ကျော်ဇင်သန်း)

လိမ္မော်ရောင်နှင့် အဖြူစင်းကျား နဖူးစည်းတွင် YBS (၇၇)ဟုရေးထားသော မီနီဘတ်စ်ကားတစ်စီးက ဒဂုံမြို့နယ် ဆောက်လုပ်ရေးမှတ်တိုင်သို့ ထိုးရပ်လိုက်သည်နှင့် ကော်လာကတုံးအင်္ကျီအဖြူရောင် နွမ်းနွမ်းကို ၀တ်ဆင်ထားသော ဦးဝင်းမြင့်က အရင်ဆုံးဆင်းလိုက်သည်။

‘‘အားလုံးပဲ ဂိတ်ဆုံးပါပြီ’’ဟု ခရီးသည်များကြားအောင် တစ်ချက်အော်လိုက်သည်။

‘‘ကျွန်တော်က စပယ်ယာရယ်တော့မဟုတ်တော့ဘူး။ ယာဉ်ကြီးကြပ်ရေးမှူးအဖြစ် ဆက်လုပ် နေတာလေ’’ဟု နဖူးမှ ချွေးစအချို့ကို လက်ဖြင့်သပ်ချရင်း အသက် (၅၀) ခန့်ရှိပြီဖြစ်သော ဦးဝင်းမြင့်က ပြောသည်။

‘‘ပိုက်ဆံ မကိုင်တော့ဘူး။ မှတ်တိုင်ကြေညာပေးဖို့နဲ့ ခရီးသည်က ပုံးထဲပိုက်ဆံမှန်မှန်ထည့် စီးအောင် ပြောပေးဖို့ပဲလုပ်တော့တယ်’’ဟု ရက်ပိုင်းအတွင်းပြောင်းလဲသွားသော လုပ်ငန်းခွင်အခြေအနေကို သူက ဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) က ဘတ်စ်ကားများပေါ်တွင် ဇူလိုင် ၂၀ ရက်ကစ၍ ယာဉ်နောက်လိုက်များလိုက်ပါခြင်းကို ခွင့်မပြုတော့ဘဲ ခရီးသည်များ ကိုယ်တိုင် ငွေထည့်ရသောပုံး (Cash Box) အတွင်းထည့်၍ စီးရမည်ဟု ကြေညာပြီးနောက် ဦးဝင်းမြင့်ကဲ့သို့ ယာဉ်နောက်လိုက်များ၏ အခြေအနေများ ပြောင်းလဲကုန်သည်။

ဘတ်စ်ကားများပေါ်တွင် ဘုရင်တစ်ဆူသဖွယ် သတ်မှတ်ခံ ထားရသည့် ယာဉ်နောက်လိုက် များသည် ညွှန်ကြားချက်ထွက်ပေါ် လာပြီးနောက် ၎င်းတို့၏ ယာဉ် နောက်လိုက်ဘ၀ လက်ကျန်ရက် ကို လက်ချိုးရေတွက်ရသော အ ခြေအနေရောက်လာသည်။

ယာဉ်စီးခကို ပုံးအတွင်းထည့် စီးရသော စနစ်ကို ရက်ပိုင်းအ တွင်း YBS ယာဉ်လိုင်း စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်က လိုက်နာကျင့် သုံးလာခဲ့ခြင်းကြောင့် စနစ်သစ် စတင်ပြီး ခြောက်လကျော်ကာလ အတွင်း ထင်ရှားသည့် အပြောင်း အလဲတစ်ခုဖြစ်လာခဲ့သည်။

Cash Box ကို YBS ယာဉ် ၉၀ ရာခိုင်နှုန်းတွင် တပ်ဆင်ထားပြီးဖြစ်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

YBS စနစ်တွင် ဘတ်စ်ကား ၃,၀၀၀ မှ ၄,၀၀၀ ကြားပြေးဆွဲနေ ခြင်းဖြစ်၍ ယနေ့အချိန်အထိ ဘတ်စ်ကား ၃,၀၀၀ ကျော်တွင် Cash Box တပ်ဆင်ပြီးပြီဟု ယူဆနိုင်ကြောင်း ယာဉ်ပိုင်ရှင် ဦးသိန်းဝင်းက မှတ်ချက်ပြုသည်။

သို့သော် Cash Box တပ် ဆင်ပြီးနောက် အလုပ်လက်မဲ့ဖြစ် ပေါ်ခဲ့သည့် ယာဉ်နောက်လိုက်အ ရေအတွက်ကို မည်သူမျှထုတ်ဖော် ပြောကြားနိုင်ခြင်းမရှိသေးပေ။

Cash Box တပ်ဆင်ထားပြီး ဘတ်စ်ကားများနှင့် Cash Box မ တပ်ရသေးသည့် ကားအချို့တွင် လိုအပ်ချက်အရ ယာဉ်နောက် လိုက်ကဲ့သို့ ကြီးကြပ်ရေးမှူးဆိုသူ များကို ဆက်လက်လုပ်ကိုင်ခွင့် ပေးထားသော်လည်း အချိန်ကာ လတစ်ခုအတွင်း ထိုသို့ လိုက်ပါ လုပ်ကိုင်နေမှုကို ရပ်ဆိုင်းမည်ဟု ဒေါက်တာ မောင်အောင်က ဆို သည်။

YBS  (၄၀) ယာဉ်လိုင်းတွင် ယာဉ်နောက်လိုက်အဖြစ် လုပ် ကိုင်သည့် ကိုစိုးက ယာဉ်ပေါ်၌ ဆက်လက်လုပ်ကိုင်ခွင့်မရှိတော့ ပါက ယာဉ်မောင်းပညာကို သင် ယူ၍ အလုပ်နေရာပြောင်းလဲရန် ဆန္ဒရှိသည်ဟု ဖွင့်ဟသည်။

‘‘အခုလည်း နည်းနည်းပါး ပါးလောက် မောင်းတတ်တယ်။ ထပ်ကြိုးစားပြီး ယာဉ်မောင်းလုပ် ဖို့ပဲရှိတာပေါ့။ တခြားအလုပ်တွေနဲ့ ကိုယ်က ရင်းမှ မရင်းနှီးတာ။ အဲဒီ အပြောင်းအလဲကာလမှာ အိမ်ဝင် ငွေတော့ထိမှာပဲ။ ဒါပဲ စိုးရိမ် တယ်’’ဟု မထသစနစ်ကတည်းက ယာဉ်နောက်လိုက်အဖြစ် ၁၀ နှစ် ခန့် လုပ်ကိုင်ခဲ့သည့် ကိုစိုးကသူ၏ အစီအစဉ်ကို ပြောသည်။

သို့သော်ယာဉ်လိုင်းအများစု ဖြစ်သည့် ဟွန်ဒိုင်းဘတ်စ်ကား အဟောင်းများနှင့် မီနီဘတ်စ်များ ကမူ Cash Box များတပ်ဆင်မှုမ ပြီးပြတ်သေခြင်းနှင့် ကြံ့ခိုင်မှုကျ ဆင်းနေသည့် ယာဉ်၏ လုံခြုံရေး ကြောင့် ယာဉ်နောက်လိုက်များကို စွန့်ပယ်ရန် ခက်ခဲနေသည်။‘‘ဒီမီနီဘတ်စ်လိုကားတွေက တံခါးကို ယာဉ်မောင်းက ပိတ်မရ ဘူး။ ခရီးသည်အတက်အဆင်း အသိပေးဖို့ဆိုရင် ယာဉ်နောက် လိုက်က မဖြစ်မနေလိုတယ်’’ ဟု (၇၇) ယာဉ်လိုင်းတာဝန်ခံ ဦးတိုးရီးက ပြောသည်။

ထို့ကြောင့် YBS ယာဉ်များ တွင် ယာဉ်နောက်လိုက်များကို ‘ယာဉ်ကြီးကြပ်ရေးမှူး’ဟူ၍ အ သုံးအနှုန်းပြောင်းလဲကာ လုပ်ငန်း တာဝန်ကိုလည်း ယာဉ်စီးခ ကောက်ခံသူအဖြစ်မှ ယာဉ်စီးခကို Cash Box အတွင်းထည့်ရန် လမ်း ညွှန်သူ၊ ဘတ်စ်ကားမှတ်တိုင် လူ အတင်အချပြုလုပ်သူများအဖြစ် တာဝန်ပြောင်း ပေးလာသည်။

သို့သော် အဆိုပါအသုံးအ နှုန်းနှင့် လုပ်ငန်းတာဝန်များက တရားဝင်သတ်မှတ်ပေးထားခြင်း ဟုတ်၊ မဟုတ်ကို သူတို့ကိုယ်တိုင် ရေရေရာရာမသိကြသကဲ့သို့ YRTA ကလည်း တရားဝင်ကြေ ညာထားခြင်းမရှိပေ။

ထိုသို့ Cash Box စနစ် ကျင့် သုံးလိုက်သည့် အပြောင်းအလဲက ၎င်းတို့အပေါ် ရိုက်ခတ်မှုကြီးစွာ ကြုံတွေ့စေခဲ့သည်ဟု ယာဉ်လုပ် သားများက တညီတညွတ်တည်း ပြောသည်။

ခရီးသည်များက ယာဉ်ကြီး ကြပ်ရေးမှူးအဖြစ် လိုက်ပါသည့် ယာဉ်နောက်လိုက်များကို အသိ အမှတ်မပြုတော့ခြင်း၊ ယာဉ်စီးခ ကို ပုံးတွင်းမထည့်ဘဲ စီးသူရှိလာ ခြင်း၊ စက္ကူအပြဲများကိုထည့်၍ စီး နင်းသူရှိလာခြင်းများကြောင့် ၀င် ငွေကျဆင်းလာကြောင်း ၎င်းတို့က ဆိုသည်။


ဓာတ်ပုံ-ကျော်ဇင်သန်း

‘‘လုပ်အားခ၀င်ငွေက ထက်ဝက်လောက်လျော့သွားတယ်။ ဒီရက်ပိုင်းမောင်းကြေးတောင်မရတဲ့ရက်တွေ ကြုံလာရတယ်’’ဟု (၇၇) ယာဉ်လိုင်းမှ ယာဉ်မောင်း ကိုလှမျိုးဦးက ပြောသည်။

Cash Box စနစ် မကျင့်သုံးမီက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သည် တစ်ရက်လျှင် ၀င်ငွေကျပ်တစ်သောင်းမှ ကျပ်တစ်သောင်းခွဲခန့်အထိရသော်လည်း ယခုအခါတစ်ရက်လျှင် ကျပ်ငါးထောင်ခန့်သာအမြင့်ဆုံးရရှိတော့ သည်ဟု ၎င်းတို့က ဆိုသည်။

သို့သော် ယာဉ်ပေါ်မှ ထွက်ခွာရ၍ အလုပ်လက်မဲ့ဖြစ်ရမည့် အခြေအနေထက်စာပါက ၀င်ငွေပုံမှန်ရရှိနေသဖြင့် ဆက်လက်၍ တွယ်ကပ်ကာလုပ်ကိုင်နေရခြင်းဖြစ်ကြောင်း ယာဉ်နောက်လိုက် လုပ်သက် နှစ် ၂၀ ခန့်ရှိပြီဖြစ်သော ဦးဝင်းမြင့်က ပြောသည်။

‘‘ခရီးသည်တွေက အစကတည်းက စပယ်ယာကို အမြင်မှ မကြည်တာ။ အခုလိုဖြစ်သွားတော့ ပိုဆိုးတာပေါ့’’

ဦးဝင်းမြင့်သည် ရွှေပြည်သာ မြို့နယ်တွင်း တစ်လငါးသောင်း နှင့် အိပ်ခန်းငှားရမ်းနေထိုင်သူဖြစ်သည်။ သားသမီးသုံးဦးရှိပြီး နှစ်တန်း၊  ငါးတန်း၊ ရှစ်တန်းတို့တွင် ပညာသင်ကြားနေကြသည်။ ဇနီးဖြစ်သူသည် အိမ်မှုကိစ္စများကိုသာ လုပ်ကိုင်၍ ဦးဝင်းမြင့်၏ လုပ်ခကိုသာ မှီခိုကြရခြင်းဖြစ်သည်။

‘‘အခုဆို အိမ်လခငါးသောင်းပေးဖို့တောင် လက်ထဲမရှိဘူး’’ဟု ၎င်းက ဆိုသည်။

ပြောင်းလဲလိုက်သော စနစ်သည် ယာဉ်လုပ်သားအချို့အပေါ် နစ်နာမှုဖြစ်စေသည်ဆိုသော်လည်း ခရီးသည်အများစုကမူ ယင်းစနစ်အပြောင်းအလဲကို ကြိုက်နှစ်သက်ကြသည်။ ယာဉ်နောက်လိုက်များ၏ ကြီးစိုးဗိုလ်ကျမှုကိုဖြိုလှဲလိုက်နိုင်ခြင်းဖြစ်သည်ဟု မြောက်ဥက္ကလာပမြို့နယ်မှ ဘတ်စ်ကားစီးခရီးသည် ကိုသက်ဇော်က ယင်းစနစ်အပြောင်းအလဲကို တင်စား၍ ပြောသည်။

‘‘ခရီးသည်တွေ နစ်နာမှုအများကြီး ကြုံခဲ့ရတာထက်စာရင် သူတို့ (ယာဉ်လုပ်သားများ)က အခုမှ အခက်အခဲအနည်းအပါး ကြုံရတာလေ။ အဆင်မပြေရင် တခြားလုပ်စရာအလုပ်တွေ အများကြီးပါ’’ဟု ၎င်းက ပြောသည်။

ယခုစနစ်ပြောင်းလဲမှုအစတွင် ဘတ်စ်ကားများသည် ယခင်ကထက်ပို၍ စည်းစနစ်ကျစွာ မောင်းနှင်လာကြ၍ ဆက်လက်အောင်မြင်အောင် လုပ်ဆောင်သင့်ကြောင်း အင်းစိန်မြို့နယ်မှ ဒေါ်ထက်ထက်အောင်က ပြောသည်။

‘‘အရမ်းသိသာတာပေါ့။ အရင်လို အပြိုင်အဆိုင်မောင်းတာ သိပ်မတွေ့ရတော့ဘူးလေ။ တချို့ကားတွေကတော့ စပယ်ယာတွေ ရှိနေသေးတယ်။ ယာဉ်စီးခလည်း တောင်းတယ်။ ဒါကိုလည်း ဘောင်ထဲဝင်အောင် ဆက်လုပ် သင့်တယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

သို့သော် ယာဉ်နောက်လိုက်မပါတော့ခြင်းကြောင့် ခါးပိုက်နှိုက်များ၏ အတင့်ရဲခြင်း၊ လမ်းကြောင်းမသိသူများအတွက် ဆင်းရမည့်မှတ်တိုင်မသိနိုင်ခြင်း စသည့်ပြဿနာများလည်း ရှိနိုင်ကြောင်း ခရီးသွားအချို့က မှတ်ချက်ပြုသည်။

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကမူ ခရီးသွားများ စိတ်အေးချမ်းသာစွာ သွားလာနိုင်မည့် ၀န်ဆောင်မှုရရှိစေရန် Cash Box စနစ်ကို ကျင့်သုံးရခြင်းဖြစ်သည်ဟု ဆိုသည်။

ယာဉ်နောက်လိုက်များကိုထားရှိကာ ကိုယ်ရကိုယ်ယူစနစ်ကို ကျင့်သုံးနေခြင်းကြောင့် ယာဉ်အပြိုင်အဆိုင် မောင်းနှင်မှုများဖြစ်ပေါ်စေသဖြင့် ယင်းစနစ်ကို ပြောင်းလဲရခြင်းဖြစ်ကြောင်း ၎င်းက ပြတ်ပြတ်သားသားပြောထားသည်။

‘‘ငွေပုံးစနစ်အသားကျပြီးရင် ကျွန်မတို့အနေနဲ့ ကတ်စနစ်ကို ပြောင်းလဲကျင့်သုံးသွားပါမယ်’’ဟု ရန်ကုန်တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အနာဂတ်အစီအစဉ်ကို ပြောသည်။

လက်ရှိ YBS စနစ်တွင် ဘတ်စ်ကား ၄,၀၀၀ ခန့်ဖြင့် ပြေးဆွဲနေပြီး ယာဉ်နောက်လိုက်အဖြစ် လုပ်ကိုင်နေသူ ၆,၀၀၀ မှ ၈,၀၀၀ ခန့်အထိရှိနိုင်ကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများက ခန့်မှန်းထားသည်။ထို့ကြောင့် ဘတ်စ်ကားအား လုံးတွင် ယာဉ်နောက်လုံးဝမထား ရှိစေရဆိုသည့် ညွှန်ကြားချက်အတိုင်း အပြည့်အ၀အကောင်အထည်ပေါ်လာကာ ယာဉ်နောက်လိုက်လုပ်သားထောင်နှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်လာနိုင်သည်။

ဒေါက်တာမောင်အောင်ကယာဉ်နောက်လိုက်များအား သတ်မှတ်ကာလပြည့်ပါက ယာဉ်ပေါ်လိုက်ပါ၍ လုပ်ကိုင်ခြင်းကို ခွင့်ပြုတော့မည်မဟုတ်ဘဲ အလုပ်အကိုင်လိုအပ်ပါက ကူညီပေးမည်ဟု ပြောထားသည်။

ယာဉ်နောက်လိုက်များက ဆက်လက်လုပ်ကိုင်ခွင့်ပြုရန် ဇူလိုင် ၂၀ ရက်က အင်အား ၃၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်​၍ တောင်းဆိုခဲ့ကြသည်။

‘‘သူတို့ရဲ့ လုပ်ဆောင်ချက်ကပဲ အဆုံးဖြတ်ပေးသွားတာပါ။ တို့သွားချင်တာက ခရီးသည်ဝန်ဆောင်မှုပေးနိုင်တဲ့ စနစ်လေ။ ဒါကိုလည်း ကြေညာထားပြီးသား။ ကားပေါ်ပြန်တင်ပေးဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူး။ အခု တောင်းဆိုမှုတွေရှိတာကြားပါတယ်။ ဒါပေမဲ့ ခရီးသည်တွေလည်း မေးကြည့်ဦးလေ။ စပယ်ယာတွေကို ကားပေါ်မှာ မြင်ချင်လားလို့’’ဟု အဆိုပါ တောင်းဆိုမှုများအပေါ် ဒေါက်တာမောင် အောင်က တုံ့ပြန်သည်။

သို့သော် ယာဉ်နောက်လိုက်များ နောက်ဆုံးယာဉ်ပေါ်လိုက်ပါလုပ်ကိုင်ခွင့်ရရှိမည့်အချိန်ကာလ အတိအကျကိုမူ တာဝန်ရှိသူများက ရှင်းလင်းစွာထုတ်ဖော်ပြောကြားခြင်း၊ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

‘‘ကျွန်တော်ကတော့ ရင်းနှီးတဲ့ကားတွေမှာ ကပ်လိုက်တာပဲရှိတော့တယ်။ ၀င်ငွေကတော့ အခုအချိန်မှာ မှန်းလို့ကိုမရတော့တာ။ ဘာဆက်လုပ်ရမယ်ဆိုတာ မစဉ်းစားရသေးဘူး။ ဖြစ်နိုင်ရင် အစိုးရက အလုပ်လက်မဲ့ဖြစ်နိုင်တဲ့ ကျွန် တော်တို့လို စပယ်ယာတွေကို အလုပ်နေရာတစ်ခုခု။ ယာဉ်နဲ့ပတ် သက်တာပေါ့လေ။ အလုပ်ပြန်ပေးစေချင်တယ်’’ဟု ယာဉ်လိုင်းအတည်တကျမရှိဘဲ ယာဉ်နောက်လိုက်အဖြစ် လုပ်ကိုင်နေသည့် ကိုအောင်ထွန်းက ပြောသည်။ ယခုအခါ သူ၏၀င်ငွေမှာ တစ်ရက်လျှင် ကျပ်ငါးထောင်ဝန်းကျင်ရသည်ဟုဆိုသည်။

စနစ်အပြောင်းအလဲတွင် ယာဉ်လုပ်သားများဘ၀ အာမခံချက်ရရှိအောင် အစိုးရအနေဖြင့် ထည့်သွင်းစဉ်းစားသင့်သည်ဟု ဘတ်စ်ကားပိုင်ရှင် ဦးစိုးတင့်က မှတ်ချက်ပြုသည်။

‘‘သူတို့လည်း ပြည်သူတွေ ဖြစ်တာကြောင့် လျစ်လျူတော့မရှု သင့်ဘူးပေါ့။ အလုပ်အကိုင် ပြန်လည်ရရှိရေး စဉ်းစားပေးစေချင်တယ်’’ဟု ၎င်းက အကြံပြုသည်။

မိသားစုငါးဦး၏ အိမ်ထောင် ဦးစီးလည်းဖြစ်သည့် ဦးဝင်းမြင့်ကမူ ဘတ်စ်ကားပေါ်မှ အပြီးသတ်စွန့်ခွာရတော့မည်ဆိုပါက အနာဂတ်ရပ်တည်ရေးအတွက် တစ်စုံတစ်ရာရည်ရွယ်ထားခြင်းမရှိသေးပေ။

‘‘အစိုးရက လက်ရှိဝင်ငွေအတိုင်း အလုပ်တစ်ခုခု ရှာပေးနိုင်ရင်တော့ ကောင်းတာပေါ့’’ဟု ၎င်း က မ၀ံ့မရဲဆိုလေသည်။

Top News