ချန်ပီယံကြီး စားပွဲထိုးနေသည်

ဒလသင်္ဘောဆိပ်အနီးရှိ ဘုံးဘုံစားသောက်ဆိုင်တွင် လက်ဝှေ့ချန်ပီယံဟောင်း စောသဲမျိုး အလုပ်လုပ်နေစဉ် (ဓာတ်ပုံ-ညီညီဇော်)

ဒလသင်္ဘောဆိပ်နားမှာ ဘုံးဘုံဆိုတဲ့ စားသောက်ဆိုင်ကြီး တစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်ကြီးထဲကို ၀င်လိုက်ရင် ခန္ဓာကိုယ်ကျစ်ကျစ်လျစ်လျစ်နဲ့ အသက် (၄၀) ကျော်အရွယ် အမျိုးသားတစ်ယောက်ဆိုင်လာတဲ့ ဈေးဝယ်သူတွေကို ၀န်ဆောင်မှုပေးနေတာ တွေ့ရပါလိမ့်မယ်။ အရက်မှာတဲ့သူတွေဆို စားပွဲဝိုင်းဆီ အရက်ပုလင်းနဲ့ခွက် အသာအယာသွားချပေးတယ်။ အစားအသောက်ဆိုလည်း အစားအသောက်ပေါ့။ စားပွဲထိုးပြီးရင် အစားအသောက်ချက်ပြုတ်တဲ့ အခန်းထဲဝင်ပြီး ဆိုင်ကညီငယ်တွေကို ဘယ်လိုလုပ်၊ ဘယ်လိုလှီးထားစသဖြင့် ၀င်စီမံတယ်။

ဆိုင်လာတဲ့သူတချို့က သူ့ကို သိကြပေမယ့် အများစုကတော့ မသိကြတာများတယ်။ ဆိုင်လာတဲ့သူတွေနဲ့ စတယ်၊နောက်တယ်။ စိတ်လည်းမဆိုးတတ်ဘူး။ သူသဘောကျတာတွေ့ရင် သူ့မျက်လုံး နှစ်ဖက် မှေးစင်းသွားသည်အထိ သူ ရယ်မောတယ်။ သူကတော့ သူ့ကိုသိသိ၊ မသိသိ အေးဆေးပဲ။ ဆိုင်မှာ လုပ်စရာရှိတဲ့အလုပ်ကို တာဝန်ကျေအောင် သူလုပ်တယ်။ အဲဒီလိုဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေသူက တခြားသူမဟုတ်ပါ ဘူး။ တစ်ချိန်က မြန်မာ့လက်ဝှေ့ လောကမှာ အမေရိကန်လက်ဝှေ့ သမားကိုတောင် အလဲထိုးအနိုင်ရခဲ့ဖူးတဲ့ ရွှေခါးပတ်ချန်ပီယံဟောင်း စောသဲမျိုးပါပဲ။

ငယ်ငယ်ကတည်းက ဗီဇပြ

စောသဲမျိုးဟာ နာမည်ကျော် မြန်မာ့လက်ဝှေ့သမားတွေ ထွက်ပေါ်ရာ တွံတေးမြို့နယ်ကပါ။ တွံတေးမြို့နယ် အုန်းပင်ချောင်းရွာမှာ မွေးဖွားခဲ့ပါတယ်။ ကရင် ဗုဒ္ဓဘာသာဖြစ်ပြီး မွေးချင်းမောင်နှမ ၁၅ ယောက်ရှိတဲ့အထဲ သူက ရှစ် ယောက်မြောက်ပါ။ စောသဲမျိုးရဲ့ ဖခင်က မြန်မာ့လက်ဝှေ့အားကစားကို ချစ်မြတ်နိုးသူတစ်ယောက်ပါ။ စောသဲမျိုး ခပ်ငယ်ငယ် အသက်(၈)နှစ်လောက် အရွယ်ကတည်းက ဖခင်ဖြစ်သူက တွံတေးမြို့ပေါ်မှာလုပ်တဲ့ လက်ဝှေ့ပွဲတွေသွားကြည့်ရင် စောသဲမျိုးကိုပါ ပခုံးပေါ်ချီပိုးပြီး ခေါ်သွားလေ့ရှိတယ်။ ဖခင်ခေါင်းကို ခွထိုင်ပြီး လက်ဝှေ့ပွဲတွေ အားပေးခဲ့တဲ့ စောသဲမျိုးဟာ အဲဒီအချိန်ကတည်းက ၀ါသနာပိုး အစပျိုးခဲ့တယ်လို့ ဆိုရမှာပါ။

ကိုယ့်ဟာကိုယ် လေ့ကျင့်

ဖခင်ဖြစ်သူနဲ့အတူ လက်ဝှေ့ပွဲတွေလိုက်ကြည့်ရင်းနဲ့ ဗီဇက မသိမသာလေးပြပြလာတော့ ရွာ မှာတင် မထိုးတတ်ထိုးတတ်နဲ့ လက်ဝှေ့ကျင့်တယ်။ သဲတွေ၊ ကျောက်ခဲတွေကို အိတ်ထဲထည့်၊ ရွာကဘုရားဝင်းထဲက မန်ကျည်းပင်မှာ ကြိုးနဲ့ဆွဲပြီးထိုးတယ်။ မျက်နှာနဲ့ရိုက်တယ်။ သူဝါသနာပါမှန်းသိတော့ အုန်းပင်ချောင်းက လက်ဝှေ့ပညာ လေ့လာနေတဲ့ ဦးစံကြည်က သူသိသလောက် လက်ဝှေ့ပညာဝေမျှပေးတယ်။ အဲဒီ နောက်ပိုင်း တွံတေးမြို့နယ်က ဆရာသမားတွေနဲ့တွေ့ပြီး လက်ဝှေ့ပညာ ဆက်လက်သင်ယူခဲ့ပါတယ်။

ပထမဆုံး ကလေးပွဲတက်ထိုး

အသက် (၁၄)နှစ်လောက်မှာ တွံတေးမှာလုပ်တဲ့ လက်ဝှေ့ပွဲ ကလေးတစ်ပွဲမှာ စောသဲမျိုး စပြီးတက်ထိုးပါတယ်။ ပထမဆုံး စင်ပေါ်တက်ထိုးတဲ့ပွဲမှာတင် စောသဲမျိုး အနိုင်ရပါတယ်။ ရလာတဲ့ ဆုကြေးငွေလေးကို အုန်းပင်ချောင်းက မိခင်ကြီးဆီ အပြေးအလွှားသွားအပ်တယ်။ မအေဖြစ်သူက သားမျက်နှာတစ်ခုလုံး ဖူးရောင်လာတာဆိုတော့ ဘာဖြစ်လာသလဲ ပျာပျာသလဲမေးတယ်။ စောသဲမျိုးကတော့ အမေ စိတ်မကောင်းမှာစိုးလို့ ခလုတ်တိုက်လာတာပါ အမိုးရေလို့ ညာပြောခဲ့တယ်။ မိခင်ကတော့ ရိပ်မိသလိုလိုရှိတာမို့ ကြပ်ထုပ်ထိုးဖို့ ပြောတယ်။ စောသဲမျိုးကတော့ ဘာမှမဖြစ်ပါဘူး အမိုးရာဆိုပြီး ကွယ်ရာကျမှ ကြက်ဥနဲ့ ဖူးရောင်နေတဲ့ သူ့မျက်နှာတွေ လှိမ့်ပါတော့တယ်။


ရွှေခါးပတ်ဆုကြီးနှင့် ချန်ပီယံဟောင်း စောသဲမျိုးကို ဆရာတစ်ဦးဖြစ်သူ ဦးစံကြည်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-ညီညီဇော်)

ရွှေခါးပတ်ချန်ပီယံဖြစ်

စောသဲမျိုးရဲ့ လက်စလက်နကိုသိတဲ့ ဆရာသမားတွေ ကောင်းမှုကြောင့် စောသဲမျိုးတစ်ယောက် ကမ္ဘာအေးမှာ လက်ဝှေ့ပညာတွေ ဆက်လက်သင်ယူရင်း ပွဲတွေဆက်ထိုးပါတယ်။ စောသဲမျိုးက မြန်တယ်။ မာတယ်။ သက်လုံ ကောင်းတယ်။ ကစားသမားတစ်ယောက်ရဲ့ ပရိယာယ်တွေ ကြွယ်ဝတယ်။ ၆၃ ကီလိုတန်းမှာ လက်စွမ်းပြခဲ့တယ်။ ၂၀၀၀ ခုနှစ်မှာ အမေရိကန်လက်ဝှေ့သမားကိုတောင် ၅၈ စက္ကန့်နဲ့ အလဲထိုးပြီး ရွှေခါးပတ်ချန်ပီယံ ဖြစ်လာတယ်။ စောသဲမျိုးရဲ့ကစားကွက်တွေ သဘောကျကြတယ်။ အားပေးကြတယ်။ မြန်မာပြည်တစ်နံတစ်လျားက လက်ဝှေ့ချစ်သူတွေထဲ စောသဲမျိုးပရိသတ်တွေ မနည်းမနောပဲ။

အားပေးကြတဲ့ မိသားစု

စောသဲမျိုး နာမည်ကျော် လက်ဝှေ့သမားဖြစ်တော့ မိသားစုက ဂုဏ်ယူကြတယ်။ တွံတေးမှာလုပ်တဲ့ ပွဲတုန်းကဆို အမျိုးသမီးနဲ့ မိခင်ကြီးတို့က လိုက်ပါအားပေး ကြတယ်။ ဒါပေမဲ့ နှစ်ယောက်လုံးက ပွဲထဲ ၀င်မကြည့်ရဲကြဘူး။ လက်ဝှေ့ရုံနားက ဘုရားပေါ်မှာတင် ထိုင်နားထောင်နေကြတယ်။ မိခင်ကြီးကဆို သူ့သားလေး မပဲ့မရွဲ့ဘဲ နိုင်ပါစေဆိုပြီး ဘုရားမှာဆုတောင်းရင်း လက်ဝှေ့ရုံကနေ ထွက်ပေါ်လာတဲ့အသံကို နားစွင့် နေပါတယ်။ စောသဲမျိုးအနိုင်ရပြီဆိုမှ မိခင်ရော ဇနီးပါ သက်ပြင်းချနိုင်ကြတယ်။

လက်ဝှေ့သမားဘ၀ နိဂုံး

အဲဒီလို ပွဲတွေဆက်ဆက်ထိုးလာရင်း ပွဲပေါင်း ၆၀ ကျော်လောက် ထိုးသတ်အပြီးမှာ စောသဲမျိုးဟာ ပွဲတစ်ပွဲမှာထိုးရင်း ဒုတိယအချီလောက်မှာ ဒူးမှာဒဏ်ရာရသွားပါတော့တယ်။ သူ့ဇနီးရော မိသားစုကပါ ဆေးရုံပို့ပြီး ဆေးကုပေးခဲ့ကြပါတယ်။ ဒါပေမဲ့ သူ့ဒူးကဒဏ်ရာကြောင့် လက်ဝှေ့ဆက်မကစားနိုင်တော့ပါဘူး။ ဒူးဒဏ်ရာရရှိခဲ့တဲ့နောက် ဆရာမသိအောင် လက်ဝှေ့ပြန်ထိုးတာမှာလည်း ဒဏ်ရာပိုဆိုးပြီး ဒူးအရွတ် စုတ်ပြဲဒဏ်ရာ ရရှိခဲ့တဲ့နောက် လက်ဝှေ့လောကမှ လုံးဝအနားယူခဲ့ရခြင်းဖြစ်တယ်လို့ ရိုးရာလက်ဝှေ့ပွဲများစီစဉ်သူ၊ စောသဲမျိုးအတွက် ပွဲပေါင်းများစွာ စီစဉ်ပေးခဲ့တဲ့ ဦးစိုင်းဇော်ဇော်ကလည်း ပြော ပါတယ်။ နောက်ဆုံးတော့ ငွေရေးကြေးရေးလည်း မပြေလည်လှတဲ့ စောသဲမျိုးကို ဒလသင်္ဘောဆိပ်နားမှာ ဘုံးဘုံစားသောက်ဆိုင်ဖွင့်ထားတဲ့ သူ့ဆရာကနေ ခေါ်ယူထားလိုက်ပါတယ်။

မိသားစုတကွဲတပြား

သူနာပြုဆရာမလေးနဲ့ အကြောင်းပါခဲ့တဲ့ စောသဲမျိုးဟာ သားတစ်ယောက်၊ သမီးတစ်ယောက် ရပြီးနောက်ပိုင်း ဇနီးဖြစ် ဖြစ်သူကလည်း တခြားမြို့တစ်မြို့မှာ တာဝန်ကျတဲ့အတွက် တဖြည်းဖြည်း ဝေးဝေးသွားခဲ့ကြပါတယ်။ စောသဲမျိုးကတော့ သူ့ဇနီးနဲ့ ကွဲတာမျိုးမဟုတ်ဘဲ မိသားစု အတူတူမနေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့သားနဲ့သမီးကလည်း သူနဲ့သူ့မိခင်ကြီးတို့ထံ မကြာခဏ လာလည်တတ်ပါသတဲ့။

လက်ဝှေ့သမားတွေရဲ့ကျန်းမာရေးဖြစ်စဉ်

အမေရိကန် ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ကုသမှုအသင်းက ပြောကြားချက်အရ လက်ဝှေ့ထိုးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဦးနှောက်ထိခိုက်နိုင်ခြေရှိတယ်လို့ ၂၀၁၇ သြဂုတ်ထုတ် မြင်ကွင်းမဂ္ဂဇင်းမှာ ဒေါက်တာဖြူပြာနွယ် က ရေးသားထားပါတယ်။ တခြား အားကစားတွေထက် လက်ဝှေ့ထိုးခြင်းကြောင့် ဦးနှောက်ထိခိုက်ပြီး ဝေဒနာခံရတဲ့သူတွေ ပိုများပါတယ်တဲ့။ ထိုးရတဲ့ အရှိန်ကလည်း မြန်၊ အင်နဲ့အားနဲ့ထိုးကြတော့ ၁၂ ပေါင်အားရှိတဲ့ သစ်သားတုတ်နဲ့ တစ်နာရီမီတာ ၂၀ နှုန်းနဲ့ ထိုးချခံရသလိုမျိုး ခံစားရလေ့ရှိတယ်လို့ ဆိုပါတယ်။


တီဗီမှလွှင့်နေသော လက်ဝှေ့ပွဲကို စိတ်ဝင်တစားကြည့်နေသော စောသဲမျိုး (ဓာတ်ပုံ-ညီညီဇော်)

စောသဲမျိုးရဲ့ ကျန်းမာရေး

စောသဲမျိုးလည်း ထို့အတူပါပဲ။ နှစ်ပေါင်းများစွာ လက်ဝှေ့ကစားခဲ့သူဆိုတော့ သူ့အကြောင်း ဖြစ်စဉ်တွေမှာ အတိအကျ မမှတ်မိရှာတော့ပါဘူး။ ‘‘ကျွန်တော် မေ့နေပြီဗျာ’’လို့ သူ မကြာခဏ ပြောတတ်တယ်။ မေးတာတွေ များလာခဲ့ရင်လည်း သူစိတ်ရှုပ်လာတဲ့အကြောင်း ပြောတယ်။ လောကဓံအထုအထောင်းတွေကြောင့် အရက်နည်းနည်းသောက်တတ်တဲ့အကြောင်းကိုလည်း စောသဲမျိုး ၀န်ခံရှာပါတယ်။ သူ့ဆရာသမားတွေကတော့ ကစားခဲ့တဲ့ဒဏ်ရယ်၊ အရက်နည်းနည်းသောက်တာတွေရယ်ကြောင့် သူ့ကျန်းမာရေးမကောင်းတာလို့ သုံးသပ်ကြပါတယ်။

တုတ်ထိုးအိုးပေါက်ပြောတတ်သူ

သူ့ကျန်းမာရေးအခြေအနေရယ်၊ ကြမ်းတမ်းတဲ့ဘ၀ဖြတ်သန်းမှုရယ်၊ အတန်းပညာကောင်းစွာ မနေခဲ့ရတာတွေရယ်ကြောင့် စောသဲမျိုးဟာ စကားပြောတဲ့နေရာမှာ တစ်ခါတလေ လူနားခံသာအောင် မပြောတတ်ပါဘူး။ ဒါပေမဲ့ စောသဲမျိုးဟာ ပင်ကိုစိတ်ရင်းကောင်းတဲ့သူမို့ စကားပြောဆိုးခဲ့ရင်တောင် နားလည်ပေးကြပါတယ်။

‘‘သူနဲ့စသိတဲ့ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းက ဒီပုံစံအတိုင်းလေးပါပဲ။ သူက သူများကိုတော့ နိုင်ထက်စီးနင်းမလုပ်တတ်ပါဘူး။ ပင်ကို စိတ်နေစိတ်ထား နှလုံးသားဖြူစင်တဲ့ သူတစ်ယောက်ပါ’’လို့ စောသဲမျိုးနဲ့ ရင်းနှီးနေတဲ့ လက်ဝှေ့သမားတစ်ဦး ဖြစ်ခဲ့ဖူးသူ ဦးမင်းသိန်းက ပြောပါတယ်။

ဘ၀တူချင်း ထောက်ပံ့ပေး

စောသဲမျိုးအကြောင်း မီဒီယာတချို့မှာ သတင်းတွေ တွေ့လာရတော့ ဘ၀တူလက်ဝှေ့သမားတွေ စောသဲမျိုးဆီ အရောက်လာကြတယ်။ ချန်ပီယံဟောင်းတွေဖြစ်တဲ့ ထွန်းထွန်းမင်းတို့၊ စောငမန်းတို့အဖွဲ့တွေက စောသဲမျိုးအတွက် လိုအပ်တဲ့ ထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ပေးဖို့ စီစဉ်နေကြတယ်။ စောသဲမျိုးအတွက် ငွေရော၊ ဆိုင်ကယ်တွေရော ကူညီပေးမယ်လို့ သိရပါတယ်။ သိမ်ဖြူက ဖီးနစ်လက်ဝှေ့ကလပ်ကလည်း စောသဲမျိုး နည်းပြလုပ်ချင်ရင် လုပ်ဖို့စီစဉ်ပေးမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စောသဲမျိုးကို မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဌေးဝင်းက ဆယ်သိန်း၊ ရိုးရာလက်ဝှေ့ ပထမတန်းချန်ပီယံများဖြစ်ကြတဲ့ လုံးချော၊ စောငမန်း၊ ထွန်းထွန်းမင်းတို့က ခြောက်သိန်းခွဲတန် ဆိုင်ကယ်နှစ်စီး ထောက်ပံ့ကူညီခဲ့ကြပါတယ်။

ဘာဆက်လုပ်မလဲ

တကယ်တမ်းတော့ စောသဲမျိုးကို ဘုံးဘုံစားသောက်ဆိုင်မှာ ကြီးကြပ်ရေးမှူးသဘောမျိုး ဆိုင်ရှင်က ခန့်ထားပေးတာပါ။ ဆိုင်က တာဝန်ရှိသူတွေထဲမှာ လက်ဝှေ့ထိုးခဲ့သူရှိတာမို့ ပြန်လည်စောင့်ရှောက်တဲ့အနေနဲ့ ဆိုင်မှာခေါ်ထား တာပါ။ ဒါပေမဲ့ သူက မနေတတ်တော့ စားပွဲထိုးလည်း ၀င်လုပ်လိုက်တာပါပဲ။ ဆိုင်ကို ပစ္စည်းတွေရောက်လို့ သယ်ပိုးချဖို့ လူလိုရင်လည်း ၀င်လုပ်လိုက်တာပဲ။ နောက်ပြီး စောသဲမျိုးဟာ ဆိုင်မှာ ပျော်သလောက်နေလိုက် တစ်ခါတစ်ရံ လက်ဝှေ့ထိုးဦးမယ်ဆိုပြီး တစ်လကိုးသီတင်းလောက် ပျောက်သွားလိုက်၊ အုန်းပင်ချောင်းက မိခင်ကြီးဆီ သွားနေလိုက်နဲ့ သူပျော်ရာကို သွားနေတဲ့သူပါ။

စောသဲမျိုးတစ်ယောက် ဆိုင်ထဲက အလုပ်တွေလုပ်နေရင်း ဈေးဝယ်ပြန်လာတဲ့ ဆိုင်တာဝန်ရှိ သူတွေရဲ့ကား ဆိုင်ရှေ့ရပ်တော့ အပြေးအလွှားသွားတယ်။ ကားပေါ်မှာပါလာတဲ့ ဆိုင်အတွက် ကုန်ပစ္စည်းတွေကို အများနည်းတူ ဆိုင်အတွင်း သယ်ယူတယ်။ ကားပေါ်က ပစ္စည်းတွေ သယ်ချပြီးတော့ ဆိုင်မှာဖွင့်ထားတဲ့ တီဗီကနေ လက်ဝှေ့ပွဲတစ်ခုလာနေတာ ကိုစောသဲမျိုးတွေ့သွားတယ်။ ကုလားထိုင်တစ်လုံးပေါ်မှာ အကျအန၀င်ထိုင်ရင်း တီဗီက လက်ဝှေ့ ပွဲကိုကြည့်တယ်။ စောသဲမျိုးတစ်ယောက် လက်ဝှေ့ပွဲကို စိတ်ဝင်တစားကြည့်နေလိုက်ပုံများ ဘေးကလူတွေ သူ့အကြောင်းပြောနေတာတောင် သတိမထားနိုင်တော့ပါဘူး။

 ဆိုင်ထဲက မှာတဲ့အသံတွေလည်း သူမကြားတော့ပါဘူး။ ဆိုင်ထဲက လူတွေကတော့ တစ်ချိန်က ချန်ပီယံကြီးစောသဲမျိုးအကြောင်း ပြောလို့ဆိုလို့ ကောင်းတုန်းပေါ့။

Top News