H1N1 ရင်ဆိုင်ခဲ့ရသည့် ဒေါက်တာတင်ကိုကိုလွင်နှင့် တွေ့ဆုံခြင်း

‘‘ဒီရောဂါ(H1N1)ကလည်း ကုလို့ပျောက်တဲ့ရောဂါ ဆိုတော့ စိတ်ဓာတ်မကျဖို့ အားပေးချင်ပါတယ်’’
H1N1 ရောဂါဖြစ်ပွားခဲ့သော်လည်း ကုသပျောက်ကင်းခဲ့သော ဒေါက်တာတင်ကိုကိုလွင်တို့ ဇနီးမောင်နှံ

လတ်တလောဖြစ်ပွားနေသော ရာ သီတုပ်ကွေး(H1N1)ရောဂါကူး စက်ခံရမှုကြောင့် အသက်သေဆုံး သည့်သူများ ရှိခဲ့သော်လည်း အချို့ မှာမူ ရောဂါပျောက်ကင်း၍ ဆေး ရုံမှပြန်လည်ဆင်းရသူများလည်း ရှိသည်။ ထိုသို့ ဆေးရုံမှပြန်လည် ဆင်းရသူများထဲတွင် မြောက်ဥက္က လာပဆေးရုံကြီး၌ ပထမဆုံး H1N1 လူနာအဖြစ် ဆေးကုသမှု ခံယူခဲ့သည့် အရိုးအကြောအထူး ကုပညာဘွဲ့လွန်ကျောင်းသား ဒေါက်တာတင်ကိုကိုလွင်လည်း တစ်ဦးအပါအ၀င် ဖြစ်သည်။ ၎င်းအနေဖြင့် H1N1 ရောဂါကိုငါးရက် ကြာအန်တုရင်ဆိုင်ခဲ့ပြီးနောက် ဆေးရုံမှပြန်လည်ဆင်းခွင့်ရခဲ့ခြင်း ဖြစ်သည်။  အဆိုပါအကြောင်း အရာနှင့်ပတ်သက်၍ ဒေါက်တာတင်ကိုကိုလွင်အား သြဂုတ် ၃ ရက်က မေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။

ရာသီတုပ်ကွေး H1N1 ဘယ်လိုကူးစက်ခံခဲ့ရတာပါလဲ။

မြောက်ဥက္ကလာဆေးရုံမှာတော့ ကျွန်တော်တာဝန်ထမ်းဆောင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့နေရာက ဖျားနာဆောင်မဟုတ်ပါဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူတွေ၊ ခိုက်မိတဲ့သူတွေ အဲဒီလိုမျိုးလူတွေ များပါတယ်။ ချောင်းဆိုးပြီးတော့ ဖျားပြီးတော့ တက်တဲ့လူနာတွေ ကျွန်တော်တို့ WARD ထဲမှာ မရှိပါဘူး။ ကျွန်တော်က ဂျီပီဆေးခန်းလေးတော့ ရှိပါတယ်။ ဆေးခန်းလာပြတာတော့ မိုးတွင်းဆိုတော့ ဖျားတယ်၊ ချောင်းဆိုးတယ်။ ဒီလိုတွေ လာပြတာပေါ့နော်။ ဒါပေမဲ့ လူနာတွေဆီက ကူးလားဆိုတာတော့ လူနာတွေမှာ H1N1 ရှိလား၊ မရှိလား၊ ဒါက မသိနိုင်တဲ့အတွက် ပြောလို့တော့ မရဘူး။ တနင်္လာနေ့က စဖျားတယ်။ အင်္ဂါနေ့ကျတော့ ချမ်းတုန်ပြီး ဖျားတယ်။ မသက်သာဘူးဖြစ်လာတယ်။ သုံးရက်မြောက်နေ့ကစပြီးတော့ ချောင်းဆိုးလာတယ်။ ချောင်းဆိုးတဲ့အထဲမှာ သလိပ်ထဲမှာ အ၀ါရောင်တွေပါတယ်။ အဲဒီတော့ ဗက်တီးရီးယားကြောင့် သလိပ်အ၀ါတွေ ထွက်လာတယ်ဆိုပြီးတော့ ထင်တာ။ နောက်ကြာသပတေးနေ့မနက် လူကအိပ်ရာနိုးတဲ့အချိန်မှာ မိုက်ခနဲဖြစ်ပြီးတော့ လဲမလိုဖြစ်သွားတယ်။ လူကလုံးလုံးမလှုပ် နိုင်တော့ဘူး။ အဲဒါနဲ့ ကျွန်တော့်အမျိုးသမီး (အမျိုးသမီးနဲ့ ကျွန်တော်တစ်ခန်းစီ အိပ်တယ်။နေမကောင်းတဲ့နေ့ကစပြီးတော့) ဖုန်းဆက်ပြီးတော့ ကျွန်တော့်ကို မြောက်ဥက္ကလာဆေးရုံတင်ပေးပါ။ ကျွန်တော်မလှုပ်နိုင်တော့ဘူးဆိုပြီး အဲဒီမနက် ၇ နာရီခွဲလောက် မှာပဲ ဆေးရုံတက်ခဲ့တယ်။ မြောက်ဥက္ကလာပဆေးရုံရောက်တဲ့အခါမှာတော့ အကုန်လုံးတိုင်းတယ်။ ဒါပေမဲ့ အကုန်လုံးတော့ ကောင်းတယ်။ ကျွန်တော်က ပိုးသတ်ဆေးတော့ သောက်ထားတယ်။ အဲဒီတော့ ပိုးသတ်ဆေးဆက်သောက် ခိုင်းပြီးတော့ ကျွန်တော့်ကို နှာခေါင်းရယ်၊ လည်ပင်းရယ်ကနေ စစ်ဖို့ယူတယ်။ အဲဒီဟာယူပြီးတဲ့ အခါမှာပဲ H1N1 မှန်းသိတာပေါ့။

ဆရာ့ဘ၀မှာ ဒီလိုမျိုးရောဂါကူးစက်လာမယ်လို့ တွေးထားတာမျိုးရှိပါသလား။

အဲဒီလိုမျိုး အမြဲတမ်းတွေးထားတယ်။ အဲဒီလိုမျိုးဖြစ်ကြပြီဆိုရင် ကူးစက်လူနာတွေကို ကိုင်တွယ်ရတဲ့ဆရာဝန်(သို့မဟုတ်) သူနာပြုတွေက သူတို့ရဲ့ မိသားစုတွေက အရင်ဆုံးစပြီးကူးမှာပေါ့။ ကိုယ်တွေက အရင်ဖြစ်နိုင်တာပေါ့။ အဲဒီလိုမျိုး အမြဲတွေးတယ်။

ဒီလိုမျိုး ကူးစက်ခံရပြီဆိုတာသိသိချင်း ဘယ်လိုခံစားရလဲ။

သိပ်တော့လည်း မထူးဆန်းဘူးလို့ ပြောရမှာပေါ့နော်။ ဒါကတော့ ရောဂါအပေါ်မူတည်တာပေါ့။ ဘာလို့လဲဆို H1N1 တုပ်ကွေးတစ်မျိုးပဲပေါ့နော်။ ခဏခဏ ဖျားတာနာတာ။ ချောင်းဆိုးတာကတော့ ဆရာဝန်လောကမှာ မထူးဆန်းတော့ဘူးပေါ့။ မကြာခဏဆိုသလို ဖြစ်နေကျပါပဲ။ လူနာဆေးကုတဲ့ ဆရာဝန်ဖြစ်လို့။

ဘယ်အချိန်ကစသိတာလဲ။ စစ်တော့ ရလာတဲ့အဖြေက မျှော်လင့်ထားတဲ့ သတင်းလား၊ မမျှော်လင့်ထားတဲ့ သတင်းလား။

ဆေးရုံတက်တဲ့နေ့မှာ အဖြေထွက်တယ်။ နေ့လယ်လောက်မှ Positive ဖြစ်တာ H1N1 လို့တော့ မမျှော်လင့်ထားဘူးပေါ့နော်။ အဲဒီ မြောက်ဥက္ကလာဆေးရုံမှာလည်း တစ်ယောက်မှမဖြစ်ဘူး။ ကျွန်တော်က ပထမဦးဆုံးဖြစ်တာဆိုတော့ ကျွန်တော်မမျှော်လင့်ထားဘူးပေါ့နော်။ Positive ဖြစ်လိမ့်မယ်လို့ ကိုယ့်ဘာသာကိုယ်မတွေးကို မတွေးထားမိဘူးပေါ့။

ဇနီးမှာလည်း H1N1 ပိုးကူးစက်ခံရတယ်လို့ သိရပါတယ်။ အဲဒါကိုလည်း ရှင်းပြပေးပါ။

ကျွန်တော့်ဇနီးမှာလည်း စစ်တော့ H1N1 ပိုးတွေ့ပါတယ်။ အမျိုးသမီးကတော့ ဒါဖြစ်တော့ဖြစ် သွားတယ်။ ဘယ်လိုကူးသွားလဲတော့ မသိဘူး။ သတိထားတဲ့ကြားက ကူးသွားတာပေါ့။ ကျွန်တော်က ဆေးရုံမှာဆိုတော့ သူတို့ကို ဖုန်းနဲ့ပဲ စိတ်ပူရတာပေါ့။ ပထမဆုံးတော့ အမျိုးသမီးပေါ့နော်။ ဒါပေမဲ့ အဲဒီနေ့က ကျွန်တော်ဆေးရုံလာတဲ့အထိကို အမျိုးသမီးက ကျန်းကျန်းမာမာပဲ။ သူကဆေးရုံလိုက်ပို့တယ်။ သွားတယ်၊ လာတယ်။ ပြီးတော့ H1N1 မဖြစ်ခင် တစ်ပတ်လောက်ကတည်းက ခွဲအိပ်တယ်။ ကျွန်တော်က ကိုယ့်ဘာသာကိုယ်ရုံးခန်းမှာ အိပ်တယ်။ ဒါကကိုယ့်ဘာသာကြိုတင်ကာကွယ်တာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်ဆေးရုံတက်ပြီး  နောက်တစ်နေ့မှာ ကလေးလည်း နို့တိုက်နေရတော့ သေချာအောင်လို့ဆိုပြီး စစ်တော့ သူ့မှာပါတွေ့တာ။ ကျွန်တော့်အမျိုးသမီးက ဆေးရုံမတက်ခင် တစ်ရက်မှာဖျားတယ်။ သူဆေးရုံမတက်ခင်ကတည်းက ကျွန်တော်က ပိုးသတ်ဆေး သောက်ခိုင်းထားတယ်။ သူက တစ်ရက်လောက်ဖျားပြီး နောက်ပိုင်းမှာ အဖျားမရှိဘူး။ ပုလင်းချိတ်စရာလည်း မလိုဘူး။ ပြီးတော့ အစားအသောက်လည်း မပျက်ဘူး။ ကျွန်တော်ဆေးရုံတက်တာက ဇူလိုင် ၂၇ ရက်။ သူက ဇူလိုင် ၂၈ ရက်။ တစ်ရက်ပဲကွာတာပေါ့။ ကျွန်တော်တို့နှစ်ယောက်စလုံး ဆေးရုံမှာဆိုတော့ ကျန်ခဲ့တဲ့ကလေးကို အမျိုးသမီးဘက်က အမျိုးတွေနဲ့ အဘွားကပဲ ကြည့်ထားပေးရတယ်။

ကလေးကကော ပိုးရှိ၊ မရှိ စစ်ဆေးရသေးလား။ ကလေးရဲ့လက်ရှိကျန်းမာရေးအခြေအနေကကော ဘယ်လိုရှိပါသလဲ။

အစကတော့ ကလေးကို နှာရည်ယိုလား၊ ဖျားလားကြည့်တာပေါ့နော်။ ဖြစ်ကတည်းနေပြီးတော့ ဖျားခြင်း ပြုခြင်းမရှိဘူး။ ဘာမှ မဖြစ်ဘူး။ ကလေးကတော့ စဖြစ်ကတည်းက ဖျားခြင်း၊ နာခြင်း မရှိတော့ သူ့ကိုမစစ်ပါဘူး။ အခု ကလေးက ကျန်းမာရေးကောင်းကောင်းမွန်မွန်ပါပဲ။

ဆေးရုံတက်ရတဲ့ ရက်ပေါင်းက ဘယ်လောက်ရှိပါသလဲ။ အဲဒီရက်အတွင်းမှာကော ဘယ်လိုဖြတ်သန်းခဲ့ရလဲ။

ဆေးရုံတက်တာ ၂၇၊၂၈၊ ၂၉၊၃၀၊ ၃၁ ရက် စုစုပေါင်းငါးရက်ပေါ့။ ဇူလိုင် ၃၁ ရက်မှာ ဆေးရုံက ဆင်းခွင့်ရတယ်။ ပထမရက်မှာတုန်းကတော့ မလှုပ်နိုင်ဘူးပေါ့နော်။ တော်တော်လေးနုံးချည့်နေတယ်။ အဲဒီနေ့ကတော့ ဘာမှ ခေါင်းထဲမရောက်နိုင်ဘူး။ ကိုယ့်ဟာကိုယ်ပဲ ဖျားတာနဲ့၊ ချောင်းဆိုးတာနဲ့ လိပ်ပတ်မလည်ဖြစ်နေတာ။ ပထမနေ့က အရည်များများသောက်တယ်။ အကြောထဲဆေးချိတ်တယ်။ ဒါပေမဲ့ ပါးစပ်က မျိုမချနိုင်ဘူး။ အရည်သောက်ရင်တောင်မှ ပြန်အန်ချင်တယ်။ တော်တော့ကို နာတာပေါ့။ ဒုတိယနေ့မှာ လည်ပင်းနာတော့ ပဲနို့ပဲသောက်ရတယ်။ တတိယနေ့ကျတော့ တော်တော်သက်သာလာတယ်။ ခုတင်ပေါ်မှာချည်းပဲ လှဲနေလို့မဖြစ်ဘူးဆိုပြီး၊ ပိုပိုပြီးဆိုးမှာပဲလို့ တွေးပြီး အဲဒီကတည်းက လမ်းထလျှောက်တယ်။ အခန်းထဲမှာပဲ ခေါက်တုံ့ ခေါက်ပြန်လျှောက်တာ။ လမ်းလျှောက်တယ်။ ရေသောက်တယ်။ သေးပေါက်တယ်။ ဒီလေးရက်၊ ငါးရက်အတွင်းမှာ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်း ဖြစ်သွားတာပေါ့။ လမ်းကတော့ အချိန်တိုင်းလျှောက်နေတာပေါ့။ မနက်ရော၊ ညရောပါပဲ။

အခက်အခဲအနေနဲ့ကော ဘယ်လိုတွေ ရှိခဲ့လဲ။

အခက်အခဲတွေကတော့ ဖေ့စ်ဘွတ်ခ်မှာရေးခဲ့သလိုမျိုးပေါ့။ သီးသန့်ခန်းမှာထားပါတယ်။ မြောက်ဥက္ကလာပမှာဖြစ်တာက ကျွန်တော်က ပထမဆုံးဆိုတော့ အခန်းတစ်ခုကိုရှင်းပြီး သီးသန့်ခန်းလုပ်လိုက်ရတယ်။ အဲဒီမှာ နောက်ပိုင်းမှာတော့ အဲကွန်းတွေ တပ်ပေးထားတယ်။ ဒုတိယအခက်အခဲကတော့ ဘာမှလုပ်စရာမရှိတော့၊ အရင်ကတည်းက အလုပ်မရှိရင် မနေတတ်တဲ့သူဆိုတော့။ အိမ်မှာလည်း ဘာမှမလုပ်ဘဲ တစ်ခါမှမနေခဲ့ဘူးလေ။ အခုက ကိုယ်ကသီးခြားလို ဖြစ်နေတော့။ အလုပ်လုပ်နေကျလူက ဘာအလုပ်မှ မလုပ်ဘဲနဲ့ ခုတင်လေးပေါ်မှာထိုင်ပြီးတော့ တစ်နေ့တစ်နေ့ အချိန်ကုန်နေရတာ။ ကိုယ်က လူနာကိုဆေးထိုးနေတဲ့သူလေ။ အခုကိုယ်က လူနာအနေနဲ့ ပြန်ဖြစ်ပြီဆိုတော့ နည်းနည်း အဲဒီလိုအခက်အခဲတွေ ရှိတယ်။

လုပ်ဖော်ကိုင်ဖက်တွေကို ဒီရောဂါဖြစ်ပွားလာခဲ့ရင် ဆရာ့လိုရင်ဆိုင်နိုင်အောင် အကြံပြုစကားဝေမျှပေးပါဦး။

အကောင်းဆုံးတော့ မဖြစ်အောင်ကာကွယ်မယ်။ မဖြစ်အောင်ကာကွယ်နိုင်ရင် ရောဂါမ၀င်ဘူးပေါ့။ ရောဂါဖြစ်လာရင်လည်း စိတ်ဓာတ်မကျဖို့ပေါ့နော်။ အရည်များများသောက်ဖို့ လိုပါတယ်။ ဖြစ်နေချိန်မှာ မစားတော့ မစားချင်ဘူး။ အရည်ဆိုလည်း မသောက်ချင်ဘူး။ ဒါပေမဲ့ တတ်နိုင်သမျှတော့ ကြိုးစားပြီးနေထိုင်ကြည့်တဲ့အခါကျတော့ လည်ပင်းနာလို့ မသောက်ချင်ပေမယ့် ကိုယ့်ရဲ့ စိတ်ကကောင်းနေရင် ဝေဒနာပျောက်မှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ကာကွယ်တာတော့ အကောင်းဆုံးပေါ့။ မဖြစ်အောင်ကာကွယ်တာတော့ အကောင်းဆုံးပေါ့နော်။ ကိုယ်ခံအားကောင်းအောင်နေရမယ်။ ကျန်းမာရေးစာစောင်အသိပေးချက်တွေကို သိနေရမယ်။ စိတ်ဓာတ်မကျဖို့ပေါ့နော်။ ဒီရောဂါကလည်း ကုလို့ပျောက်တဲ့ရောဂါဆိုတော့ စိတ်ဓာတ်မကျဖို့ အားပေးချင်ပါတယ်။

ဒီရောဂါက ကောင်းသွားပြီဆိုရင်ကော စောင့်ကြည်စရာလို သေးလား။ ပြန်စစ်ဖို့လိုဦးမလား။

H1N1က ကောင်းသွားပြီဆိုရင် တချို့ကျတော့လည်း ခုနစ်ရက်လောက် စောင့်ကြည်ရတယ်။ တချို့ကျ ကောင်းသွားပြီဆို ကိုယ့်ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်က သူများကိုကူးစက်နိုင်ခြေနည်းတယ်ပေါ့နော်။ တချို့ကျတော့ ကိုယ့် ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်ကထွက်ပြီး သူများကိုကူးနိုင်လို့ ရက်စောင့်ကြည့်တာပေါ့။ ကျွန်တော်ဆိုရင် ဒီနေ့ဆိုဖြစ်ခဲ့တာကနေ ၁၁ ရက်ရှိပြီ။ အဖျားကတော့ ဆေးရုံမဆင်းခင် တစ်ရက်လောက်အလိုက မရှိတော့တာ။ အဖျားမရှိတော့ဘူးဆိုကျတော့ ဗိုင်းရပ်စ်က သေဖို့အခွင့်အလမ်းများတယ်။ အခုကျွန်တော်လုပ်ငန်းခွင်ပြန်ဝင်နေပါပြီ။ ချောင်းဆိုးတာတော့ ရှိသေးတယ်။ သက်သာနေပေမယ့် ဆေးခန်းကတော့ မထိုင်သေးဘူး။ ဒီအခြေအနေပေါ်မှာ နားစွင့်ပြီးမှပဲ တစ်လလောက်တော့ နားဦးမယ်။ ဒီရောဂါကို ပိုပြီးဂရုစိုက်ဖြစ်လားဆိုတော့ ထူးပြီးတော့လည်း ဂရုမစိုက်ဖြစ်ပါဘူး။ ပြီးတော့ ဒီရောဂါက ဖြစ်ပြီးသားလူနာမှာ ထပ်ခါတလဲလဲ မဖြစ်တော့ဘူး။ H1N1 ကတော့ ပြန်စစ်စရာ မလိုပါဘူး။ သူကလူ့ရဲ့ခန္ဓာကိုယ်ထဲမှာတော့ အကြာကြီးနေတဲ့ ရောဂါမဟုတ်ဘူး။

ဒီလိုကူးစက်ရောဂါဖြစ်ရင် ကူးမှာကြောက်တဲ့ ပတ်ဝန်းကျင်မျိုးနဲ့ ကြုံတွေ့ခဲ့ရသေးလား။

ပတ်ဝန်းကျင်ကတော့ ကူးမှာ ကြောက်ကြမှာပါပဲ။ ကျွန်တော်ဆိုလည်း အဲဒီလိုဖြစ်မှာပါပဲ။ ဘာမှမသိသေးတဲ့လူပေါ့။ ဒီရောဂါအကြောင်းကို မသိတဲ့သူတွေ၊ ဘယ်လိုကာကွယ်ရမလဲ မသိတဲ့သူတွေကတော့ ကူးမှာကြောက်ကြမှာပါပဲ။ ဘယ်လိုကူးစက်တယ်၊ဘယ်လိုကာကွယ်ရမယ် မသိတဲ့သူတွေက ကြောက်မှာပါပဲ။

ဖြည့်စွက်ပြောကြားချင်တာမျိုးရှိရင် ပြောကြားပေးပါဦး။

ဖေ့စ်ဘွတ်ခ်တွေမှာ ဖွနေသလိုမျိုးတွေကို နားမယောင်ဖို့။ ဘာမှစိုးရိမ်စရာ မရှိဘူးလို့လည်း ပြောချင်ပါတယ်။ အစိုးရိမ်မလွန်ဖို့ ပြောချင်ပါတယ်။ လူတွေက ထင်ကြတာက ဒီရောဂါက လူတွေ သေတယ်ပေါ့။ ဖြစ်ပြီဆို သိပ်အခြေအနေမကောင်းဘူးလို့ ထင်ကြတယ်။ တကယ်တမ်းက ဒီရောဂါက သာမန်တုပ်ကွေးလိုပါပဲ။ ဒီရောဂါစတဲ့အချိန်မှာ ကိုယ်ခံအားကျသွားတဲ့အခါမို့လို့ ဗက်တီးရီးယားတွေ ၀င်လာမယ်။ နမိုးနီးယား အဆုတ်ခဲတဲ့ရောဂါတွေဖြစ်ပြီးတော့ အသက်အန္တရာယ်ဖြစ်တယ်။ ပိုးသတ်ဆေးဖြစ်ဖြစ်၊ သောက်ဆေးဖြစ်ဖြစ် သေချာပေးပြီးကုရင် ဒါကအရမ်းကြီး စိုးရိမ်စရာမရှိပါဘူး။ ရောဂါမဖြစ်အောင်၊ ကိုယ်ခံအားကောင်း အောင်နေမယ်။ အစားအသောက် စားမယ်။ အချိန်မှန်မှန်အိပ်မယ်။ ပြီးရင် လူထူထပ်တဲ့နေရာတွေကို တတ်နိုင်သလောက် ရှောင်မယ်။ တကယ်လို့သွားရမယ်ဆိုရင် နှာခေါင်းစည်းတပ်ထားမယ်။ အဲဒီလိုကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။

ကျေးဇူးတင်ပါတယ်။   ။
 

Top News