တစ်ကိုယ်တော်အခွေမှာ ပါဝင်သီဆိုမယ့်သူတစ်ဦးကို ဖိတ်ခေါ်လိုက်တဲ့ နီနီခင်ဇော်

တတိယတစ်ကိုယ်တော်အခွေတွင် ပရိသတ်တစ်ဦးနှင့် သီချင်းတစ်ပုဒ်ကို တွဲဖက်သီဆိုရန် အစီအစဉ်ရှိကြောင်း နီနီခင်ဇော်က ပြောသည်။


‘‘နီနီရဲ့အဖွဲ့ကနေ အရမ်းအဆိုကောင်းတဲ့သူတစ်ယောက်ကို ရွေးချယ်ပြီးတော့ နီနီရဲ့ တတိယတစ်ကိုယ်တော်အခွေမှာပူး ပေါင်းပြီး သီဆိုခွင့်ရမှာဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါအစီအစဉ်တွင် ပါဝင်လိုသူများအနေဖြင့် Redgen by Ninikhinzaw ဖေ့စ်ဘွတ်ခ်၌ လျှောက်ထားနိုင်မည့် လျှောက်လွှာနှင့် အသေးစိတ်အချက်အလက်များကို ရေးသားထားပြီး ဩဂုတ် ၁၀ ရက်နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။ လျှောက်ထားသူများမှ ပထမအဆင့်စစ်ဆေးရန် လူ ၅၀ ဦး ရွေးချယ်မည်ဖြစ်ပြီး ဩဂုတ် ၁၃ ရက်တွင် စစ်ဆေးမည်ဖြစ်သည်။

လူရွေးချယ်သည့်အဆင့်တွင် နီနီခင်ဇော်ကိုယ်တိုင် ပါဝင်မည်မဟုတ်ဘဲ ၎င်း၏ ဆရာများက ရွေးချယ်ပေးမည်ဖြစ်သည်။

‘‘ပရိသတ်တွေအတွက်လည်း အမှတ်တရဖြစ်တယ်။ နီနီ့အတွက်လည်း တကယ်ကိုထူးချွန်ပြီး တော်တဲ့မျိုးဆက်သစ်တစ်ယောက် ရမှာဖြစ်တဲ့အတွက် နီနီ့ဘက်ကလည်း အကောင်းဆုံးပံ့ပိုးပါမယ်’’ဟု တွဲဖက်သီဆိုရမည့်ပရိသတ်နှင့်ပတ်သက်၍ နီနီခင်ဇော်က ပြောသည်။

တတိယတစ်ကိုယ်တော်အခွေတွင် ကိုယ်တိုင်ရေးထားသည့် သီချင်းများပါဝင်မည်ဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက အွန်လိုင်း၌  ဖြန့်ချိထားသည့် ‘မူးနှင့် ရက်စက်တယ်မိုး’သီချင်းများကို ပြန်လည်ထည့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဒီလလည်း နီနီ့မွေးနေ့ရှိတဲ့အတွက် သီချင်းတစ်ပုဒ်လောက် ထုတ်သွားဖို့ရှိပါတယ်။ သီချင်းတော့ မရွေးရသေးပါဘူး’’ဟု နီနီခင်ဇော်က ပြောသည်။နီနီခင်ဇော်က ၎င်း၏ SUPERRED နှုတ်ခမ်းနီ၏ အမျိုးအစားအသစ်အနေဖြင့် ပန်းရနံ့နှင့် အရောင်ငါးမျိုးကို ထပ်မံထုတ်လုပ်ထားပြီး အဆိုပါနှုတ်ခမ်းနီများနှင့်အတူမျက်တောင်မွေးအတုခြောက်မျိုးကိုလည်း ဩဂုတ် ၅ ရက်တွင် စတင်ဖြန့်ချိခဲ့သည်။

Top News