ဘုန်းကြီးတစ်ပါး၏ သံဝေဂမှ သင်ခန်းစာ

ဂျပန်နိုင်ငံ ဝါကာယာမကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုရာတောင်ပေါ်ရှိ ဂျိုဖုကူဘုရားကျောင်း (tripadvisor)

မြန်မာပြည် စစ်ဆင်ရေးသည် ဒုတိယကမ္ဘာစစ်တုန်းက အကြီးမားဆုံးတိုက်ပွဲကြီးများထဲက တစ်ခုဖြစ်သည်။ ယခုအခါ စစ်ကြီးပြီးဆုံးခဲ့သည်မှာ ၇၂ နှစ် တိုင်ခဲ့လေပြီ။ နှစ်စဉ် ဇူလိုင်လလယ်သို့ ရောက်လေတိုင်း ဂျပန် နိုင်ငံ ဝါကာယာမကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကိုရာတောင်က ဘုရားကျောင်းမှာ မြန်မာပြည်မှာ စစ်အတွင်း သေဆုံးခဲ့ရသူများအတွက် ဗုဒ္ဓဘာသာဝတ်ပြုဆုတောင်းပွဲကို ကျင်းပလေ့ရှိသည်။ အဆိုပါ ဆုတောင်းပွဲ ကျင်းပရခြင်း၏ နောက်ခံသမိုင်းကြောင်း စတင်ခဲ့သည်မှာ ရာစုနှစ်ဝက်ကျော် ရှိခဲ့ပြီဖြစ်သည်။ ယခုထိတိုင် သည်ဆုတောင်းပွဲက တစ်ကမ္ဘာလုံးအတွက်၊ ငြိမ်းချမ်းရေးအတွက် အချက်ပေးစကားကို ဆုပ်ကိုင်ပြသနေဆဲပင်။

ဂျပန်နိုင်ငံရှိ အဆိုပါဒေသခံများက ထိုဘုရားကျောင်းကို ဗမာဘုရားကျောင်းဟု ခေါ်ဆိုကြ၏။ ထိုဘုရားကျောင်း၌ ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့သူများအတွက် ဝတ်ပြုဆုတောင်းပွဲကို ၁၉၆၆ ကတည်းက စတင်ကျင်းပ ခဲ့သည်။ သည်ဆုတောင်းပွဲကို မြန်မာပြည် စစ်ဆင်ရေးမှာ ပါဝင်ခဲ့သူ ဘုန်းတော်ကြီးဟောင်းတစ်ဦးက စတင်ခဲ့ခြင်းဖြစ်၏။ သူက ငြိမ်းချမ်းရေးကို အားပေးရန် ရည် စူးသစ္စာပြုခဲ့ပြီး သူကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် စစ်၏ ရင်နင့်စရာ ဇာတ်လမ်းများကို ပြောပြရန် လည်း ကတိပြုခဲ့သည်။

ဝတ်ပြုဆုတောင်းပွဲကို ကိုရာတောင်ပေါ်က ဂျိုဖုကူဘုရားကျောင်းမှာ ကျင်းပလေ့ရှိသည်။ ထိုဘုရားကျောင်း၏ အဓိကပင်မ ဗုဒ္ဓရုပ်ပွားတော်မှာ မြန်မာပြည်က ဘုရားရုပ်ပွားတော် တစ်ဆူဖြစ်သည်။

 နှစ်စဉ်ကျင်းပနေသော အဆိုပါ ဆုတောင်းပွဲကို စတင်ကျင်းပခဲ့သူမှာ ကွယ်လွန်သူ ကျောင်းထိုင်ဘုန်းတော်ကြီး တန်ဇူရီယူ အီဒါဖြစ်သည်။ သူ့ကို ဗုဒ္ဓဘာသာ ကျမ်းဂန်စာပေတတ် ပုဂ္ဂိုလ်တစ်ဦးဟု ပြောစမှတ်ပြုကြသည်။

 စစ်ကြီးပြီးဆုံးသည့်အချိန်တွင် သူက ပိုင်ဆိုင်သမျှကို ရောင်းချထုခွဲပြီး စစ်၏သားကောင်ဖြစ်ခဲ့ရသူများကို ရည်စူးကာ ဘုရားကျောင်းမြေမှာ စေတီတစ်ဆူတည်ရန် ခက်ခက်ခဲခဲ အားထုတ်ကြိုးပမ်းခဲ့၏။

အသက်(၁၀၀) ရှိနေပြီဖြစ် သော အီရှိယိုယာမာမိုတိုသည် ယခုနှစ် ဆုတောင်းပွဲသို့ တက် ရောက်လာသည့် တစ်ဦးတည်း သော မြန်မာပြည် စစ်ပြန်ဖြစ် သည်။ ဆုတောင်းပွဲကြောင့် ဘုန်း တော်ကြီး တန်ဇူရီယူအီဒါနှင့် ယာမာမိုတိုတို့ ရင်းနှီးလာခဲ့ကြ၏။ ယာမာမိုတိုသည် မြန်မာပြည်မှာ တုန်းက လေယာဉ်မှူးတစ်ဦးအ ဖြစ် တာဝန်ကျခဲ့သည်။

‘‘သူ ပျံလွန်တော်မမူခင်မှာ တန်ဇူရီက သူ့ဆန္ဒအတွက် ကျွန် တော့်ကို ယုံကြည်အားထားပြီး နောက်ထပ်စစ်ပွဲတွေ ဘယ်တော့ မှ မတိုက်ရအောင်လို့ ကျွန်တော် တို့ ဒီမှာ ကတိသစ္စာပြုရမယ်လို့ မှာထားခဲ့တယ်’’ဟု ယာမာမိုတို က ပြန်ပြောင်းပြောပြသည်။

ဘုန်းတော်ကြီး ဆူရီဟိုနာကာက လူတွေကို ဦးဆောင်ပြီး ဆုတောင်းနှင့် ဘုရားစာတွေကို ရွတ်ဖတ်သည်။ သူက သည်ဘုရားကျောင်း၏ လက်ရှိကျောင်းထိုင်ကိုယ်တော်ဖြစ်ပြီး ဘုန်းတော်ကြီးတန်ဇူရီ၏တပည့် တစ်ဦးလည်း ဖြစ်၏။

‘‘အရှင်တန်ဇူရီက ဘာပဲလုပ်လုပ် မြန်မာပြည်အကြောင်းပဲ အမြဲတမ်းပြောနေခဲ့တာ။ သူ့ဆန္ဒအတိုင်း ဘာတွေပဲဖြစ်ဖြစ် ဒီအစဉ်အလာကို ဘုန်းကြီးက ဆက်လက် လုပ်ဆောင်သွားချင်တယ်’’

၁၉၇၇ ခုနှစ်တွင် တန်ဇူရီသည် စစ်အတွင်း ကျဆုံးသူများ၏ ရုပ်ခန္ဓာအကြွင်းအကျန်တွေကို ကောက်ယူစုဆောင်းရန် ပထမဆုံး ဂျပန်အစိုးရ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာ ပြည်သို့ သွားခဲ့သည်။ သူသည် အရေအတွက် များပြားလှသော ကျဆုံးသူများကြောင့် အံ့အားသင့် တုန်လှုပ်ခဲ့ရပြီး ကြွင်းကျန်ရစ် သော ဂျပန်စစ်သားများ၏ ကိုယ်ခန္ဓာရုပ်ကြွင်းအချို့ကို ဘုရား ကျောင်းသို့ ပြန်လည်သယ်ဆောင်ရန် ဆုံးဖြတ်ခဲ့၏။

ဘုန်းတော်ကြီးတန်ဇူရီ၏ နေ့ စဉ်မှတ်တမ်းမှာ ဘုရားကျောင်း၏ စာကြည့်တိုက်တွင်ရှိသည်။ ထိုအထဲမှာ သူက မြန်မာပြည်စစ် ဆင်ရေးမှာ သူမည်သို့ပါဝင်ခဲ့ပုံ၊ ထို့နောက် စစ်ပွဲမှာ သူပါဝင်ခဲ့သည့်အတွက် သူ၏အပြစ်ကြွေး များကို ပေးဆပ်ရန် သူကြိုးပမ်းခဲ့ပုံများကို ရေးသားဖော်ပြထားသည်။

‘‘တောနက်မည်းတွေထဲမှာ လေဒဏ်၊ မိုးဒဏ်တွေခံနေရတဲ့ လူတွေရဲ့ရုပ်အလောင်းအကြွင်း အကျန်တွေကို မြင်ခဲ့ရတယ်။ ဒါဟာ လူသားတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ အသိအမြင်နည်းပါးမှုတွေရဲ့ ဒဏ်တွေကို ဘုန်းကြီးတို့ ညီအစ်ကိုတွေ လူသန်းနဲ့ချီပြီး ခံစားကြုံတွေ့ခဲ့ရတယ်ဆိုတာကို သေသေချာချာ သတိပေးလိုက်တာပဲ။ ဘုန်းကြီးတို့ စစ်ပွဲအတွေ့ အကြုံအပြီးမှာ လူ့သဘာဝကို နက်နက်နဲနဲနဲ့ ရိုးရိုးသားသား ကြည့်မှဖြစ်မယ်’’

၁၉၄၁ ခုနှစ် ဒီဇင်ဘာတွင် ဂျပန်ဘုရင် ကြည်းတပ်မတော်သည် အရှေ့တောင်အာရှကို နယ်ချဲ့ကျူးကျော်ခဲ့သည်။ နောင်တစ်နှစ်အကြာမှာ ဂျပန်ဘုရင့်တပ်မ တော်က ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပ်ဖွဲ့ကို ငြိမ်းချမ်းရေး ဖော်ဆောင်မည့်တပ်ဖွဲ့ ဖွဲ့စည်းခိုင်းခဲ့သည်။ ထိုစဉ်အခါက ဘုန်းတော်ကြီး တန်ဇူရီယူအီဒါက ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘာသာကို လေ့လာသင်ယူနေချိန်ဖြစ်၏။ သူက ခန့်အပ်ခြင်းခံရသူများတွင် အ သက်အကြီးဆုံးဖြစ်သည်။

ထိုစဉ်က မြန်မာပြည်၏ လူဦးရေ ၈၀ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာများဖြစ်ပြီး သူတို့က ဘုန်းကြီးများကို ရိုသေကိုင်းရှိုင်းကြသည်။ ဂျပန်ငြိမ်းချမ်းရေးအဖွဲ့က ဘုန်းကြီးများကို စစ်ထဲထည့်သွင်းပြီး သူတို့တွေအတွက် ဝါဒဖြန့်မှုများကို လုပ်ဆောင်စေသည်။ သူတို့တွေသည် မြန်မာများကို ဗြိတိသျှကိုလိုနီစနစ်က လွတ်မြောက်အောင် လုပ်ပေးရအောင် လာခဲ့ကြသည်ဟု ပြောကြားကြသည်။

အသက်(၉၈)နှစ်အရွယ် ယူဂျိုးဘုရားကျောင်းက ကျောင်းထိုင်ဘုန်းတော်ကြီး အင်ဂျူကာတိုမှာလည်း အဆိုပါ ဂျပန်ငြိမ်းချမ်း ရေးဖော်ဆောင်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။ မြန်မာပြည်သို့ သူတို့ရောက်သွားသည့်အခါ သူတို့ကို မြန်မာတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသဖြင့် အံ့အားတသင့်ဖြစ်ရပုံကို ဘုန်းတော်ကြီးက အမှတ်တရပြောကြားသည်။

‘‘ဒေသခံတွေက ဘုန်းကြီးတို့ကို ဆင်ဆယ်ကောင် ယူလာပေးတယ်။ ဒီဆင်တွေက ဘုန်းကြီးတို့ ကို ကြိုဆိုတဲ့လက်ဆောင်ပါလို့ သူတို့က ပြောတယ်။ တစ်ချိန်တည်းမှာပဲ ဒီလူတွေဟာ လွတ်လပ်ရေးကို အရမ်းလိုချင်နေကြ တယ်။ ဗြိတိသျှကိုလိုနီ လက်အောက်က လွတ်မြောက်ရုန်းကန်လိုတဲ့ သူတို့ဆန္ဒတွေ သိပ်ပြင်းပြတာကို ဘုန်းကြီး တကယ့်ကို ခံစားမိတယ်’’

ငြိမ်းချမ်းရေး ဖော်ဆောင်တပ်ထဲမှာ သုံးလလောက်နေပြီးသောအခါ တန်ဇူရီက ဂျပန်ဘာ သာစကားကျောင်းကို စတည်ထောင်သည်။ ထိုကျောင်းက မြန်မာတွေကို သူတို့အတွေးအခေါ်များ ရိုက်သွင်းရန်နှင့် ဂျပန်ပညာရေးကို သင်ကြားပေးရန် တစ်စိတ်တစ်ဒေသဖြစ်၏။

၁၉၄၄ ခုနှစ် ဂျပန်ဘုရင် တပ်မတော်က မြန်မာနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံထဲမှာ အင်ဖာတိုက်ပွဲကို တိုက်ခိုက်ခဲ့သည်။ ဂျပန်တွေက ကိုယ်တိုင်အတွေ့အကြုံနည်းပါးခြင်းဒဏ်ကိုခံရပြီး အင်အားအပြတ်အသတ်သာသော မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကို အထိနာခဲ့ရသည်။

ထိုအင်ဖာတိုက်ပွဲကို ကြီးကြပ်သူ ဂျပန်ဗိုလ်ချုပ်ကြီးရန်ယာ မုတာဂုချီက တန်ဇူရီကို ဆင့်ခေါ်ကာ ဂျပန်စစ်သားများကို ကူညီပေးဖို့ မြန်မာဘုန်းတော်ကြီးများကို စေလွှတ်ရန် အမိန့်ပေးခဲ့သည်။ မြန်မာဘုန်းကြီးများအနေဖြင့် စစ် ထဲပါရသည်ဆိုသည်မှာ တစ်ခါမှ ကြားဖူးခြင်း မရှိခဲ့သော်လည်း တန်ဇူရီက သူတို့ကို တိုက်ပွဲသို့ ရောက်အောင် ကူညီပို့ပေးခဲ့၏။

‘‘မတ်လ ၃၁ ရက်မှာ သူတို့ ရဲ့မိတ်ဆွေ ဘုန်းကြီးတစ်ပါးအနေနဲ့ သူတို့သွားမယ့် ခရီးကို ဘုန်းကြီးက လိုက်ပို့ပေးခဲ့တယ်။ သူတို့အတွက်လည်း စိတ်ထဲမှာ တိတ်တိတ်လေး ဆုတောင်းနေခဲ့တာပေါ့’’

သို့သော် ဘုန်းကြီးတန်ဇူရီသည် ထိုကိုယ်တော်များကို ဘယ်တော့မှ ပြန်မတွေ့ခဲ့ရတော့ပါ။ ဂျပန်ဘုရင့်တပ်မတော်သည်လည်း မဟာမိတ်တပ်များ၏ ချေမှုန်းခြင်းကို ခံခဲ့ရသည်။ မရေမတွက်နိုင်သော စစ်သားများနှင့် အရပ်သားများ၏ ရုပ်အလောင်းများက စစ်မြေပြင်တလင်းမှာ ပြန့်ကျဲနေလေသည်။

ဘုန်းတော်ကြီး အင်ဂျူကာတိုသည် ထိုရင်နင့်စရာ သွေးပျက်ဖွယ်မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်ခဲ့ရ၏။ သူက ဂျပန်ကို ပြန်လာခဲ့ပြီးနောက်မှာ သူ့ကို စစ်တပ်ထဲ စစ်သားအဖြစ် ဆွဲသွင်းကာ မြန်မာစစ်မြေပြင်သို့ ပို့ဆောင်ခြင်းကို ခံခဲ့ရလေသည်။

‘‘စစ်သားတစ်ယောက်အနေနဲ့ မြန်မာပြည်ကိုသွားတဲ့ ခရီးမှာ လူရိုးတွေနဲ့ ပွကျဲနေတဲ့လမ်းတွေကို တွေ့ခဲ့ရတယ်။ ဘုန်းကြီးအနေနဲ့ စစ်ကို ရာနှုန်းပြည့် ဆန့်ကျင်ကန့်ကွက်ပါတယ်’’

အဆုံးတွင် ဂျပန်စစ်တပ်၏ ဝါဒဖြန့်ချိရေးအရ သူလုပ်ခဲ့သမျှအားလုံးသည် အချည်းနှီးသာဖြစ်ပြီး မြန်မာပြည်ကို ထိခိုက်စေခဲ့သည်ဟု ဘုန်းတော်ကြီးတန်ဇူရီက ခံစားခဲ့ရသည်။ သူ့ကိုယ်သူ သတိပေးချက်အနေဖြင့် ခံစားချက်များကို သူက ပွင့်ပွင့်လင်းလင်း နေ့စဉ်မှတ်တမ်းမှာ ရေးသားခဲ့သည်။

‘‘ဘုန်းကြီးဆီမှာ အတိတ်က ဖြစ်ရပ်အတွက် နောင်တသံဝေဂတွေ ရှိနေပါတယ်။ စစ်သားတွေ သေကျေဒုက္ခရောက်တာတွေကို မြင်ယောင်တိုင်း ဒါဘုန်းကြီးရဲ့ အပြစ်တွေလို့ ခံစားမိပါတယ်’’

ဘုန်းတော်ကြီးတန်ဇူရီသည် မြန်မာပြည်က သယ်ခဲ့သောအရိုးတချို့ကို ကိုရာတောင်ပေါ်က သင်္ချိုင်းထဲက အထိမ်းအမှတ် နေရာမှာ မြှုပ်နှံထားပါသည်။

 နှစ်တိုင်း မြန်မာပြည်က ကျောင်းသားဖလှယ်ရေး အစီအစဉ်အရ လာကြသော ကျောင်းသားများလည်း ဆုတောင်းပွဲသို့ လာရောက်ကြသည်။ အတူတကွ ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြသည်။ ငြိမ်းချမ်းရေးအတွက် တိုင်တည်သစ္စာပြု အမှတ်တရ ဆုတောင်းပွဲကို လုပ်ခဲ့ကြသည် မှာ ၅၂ နှစ်ရှိပြီဖြစ်သည်။ ယခုကစပြီး ထာဝရတိုင်တိုင် ဘုန်းတော်ကြီး တန်ဇူရီ၏ ဆန္ဒကို လက်ဆင့်ကမ်း သယ်ဆောင်သွားကြမည် ဖြစ်သည်။

(NHK မှ Lessons of a Priest ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

Top News