တရုတ် အနောက်တောင်ပိုင်းတွင် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ပြီး ၁၃ ဦးထက်မနည်း သေဆုံး

ရစ်ခ်ျတာစကေး ၇.၀ အဆင့်ရှိ ငလျင်တစ်ခု တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသကို ဗဟိုပြု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ ငလျင်သည် ဆီချွမ်ပြည်နယ် မြောက်ပိုင်းရှိ လူနေကြဲပါးသော ဧရိယာကို ဦးတည် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ယင်းငလျင်သည် ရစ်ခ်ျတာစကေး ၆.၅ ပြင်းအားအဆင့်ရှိပြီး မြေအနက် ၅.၅ မိုင်မျှကို ဗဟိုပြု လှုပ်ခတ်ခဲ့သဖြင့် သက်ရောက်မှု ပြင်းထန်ခဲ့ကြောင်း ဖော်ပြသည်။ တရုတ် အစိုးရပိုင် Xinhua သတင်းဌာနကမူ တရုတ် ငလျင်တိုင်းတာရေး အေဂျင်စီ၏ အဆိုကို ကိုးကားပြီး ငလျင် ပြင်းအားကို ရစ်ခ်ျတာစကေး ၇.၀ အဆင့်ဟု ထုတ်ပြန်ခဲ့သည်။

Xinhua၏ အဆိုအရ ဩဂုတ် ၈ ရက် ညပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် နောက်တစ်နေ့ မနက်ထိ စာရင်းများအရ အနည်းဆုံး ၁၃ ဦးသေကာ ၁၇၅ ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့သည်ဟုလည်း သိရသည်။ အချို့သော သတင်းများ၌မူ အသေအပျောက် ပမာဏသည် လက်ရှိထက် မြင့်တက်လာနိုင်သည်ဟု ဆိုသည်။

ဆီချွမ်ပြည်နယ်သည် ငလျင်ကြောများ ဆက်စပ်လှုပ်ရှားရာ ဒေသတစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ် အတွင်းကလည်း နာမည်ကျော် ဆီချွမ်ငလျင်ကြီးအတွင်း လူပေါင်း ခုနစ်သောင်းကျော် အသက်ဆုံးရှုံးခဲ့ရသည်။ 

လူမှုကွန်ရက် မီဒီယာများပေါ်တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများ၏ ဓာတ်ပုံများ ထွက်ပေါ်လာပြီး ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် ထိန်းသိမ်း သတ်မှတ်ထားသည့် ဂျူဇိုင်ဂူဒေသတွင်လည်း ထိခိုက်မှုများ ရှိနေသည်ကို တွေ့ရသည်။ 

ငလျင်ဘေးသင့် ဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများက ဒေသခံများ အနေဖြင့် တုန်လှုပ် ချောက်ချားနေကြဆဲဟု ပြောကြားခဲ့သည်။ “လျှပ်စစ်မီးလိုင်းတွေ ပြတ်တောက်ကုန်တယ်။ ဆက်သွယ်ရေး ကွန်ရက်တွေလည်း အများကြီး ထိခိုက်သွားတယ်။ လူတွေကတော့ အရမ်း ကြောက်နေကြပါတယ်”ဟု တရုတ် ကြက်ခြေနီ အသင်းမှာ ဂွမ်ဒိုလင်ပန်က ဆိုသည်။

တရုတ်မီဒီယာ အချို့၏ အဆိုအရ သေဆုံးသူများ၊ ဒဏ်ရာရသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း သိရှိရသည်။

Ref: Xinhua