နာမည်တစ်လုံး

တစ်ရက် စီးပွားရေးအသင်းတစ်ခုမှ ဖိတ်ကြားသဖြင့် ရန်ကုန်တွင် ညစာစားပွဲတစ်ခုသို့ ရောက်ဖြစ်သည်။ စားပွဲဝိုင်းတစ်ဝိုင်းတွင် စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးခန့် နှင့် အတူတူထိုင်ရပြီး ထုံးစံအတိုင်း လိပ်စာကတ်များ အလဲအလှယ် လုပ်ကြသည်။ ကျွန်တော့်ဘေးတွင် ထိုင်နေသော စီးပွားရေးလုပ် ငန်းရှင်တစ်ဦးမှ ကျွန်တော့်လိပ်စာကတ်ကိုကြည့်ရင်း ခင်ဗျားကုမ္ပဏီက စီအီးအိုလား၊ ကျွန်တော် ခင်ဗျားတို့ ကုမ္ပဏီနဲ့ အလုပ်လုပ်နေတာ လေးနှစ်လောက်ရှိပြီ။ ပိုင်ရှင်ဘယ်သူလဲဆိုတာ မသိခဲ့ဘူး။ တွေ့ရတာ ၀မ်းသာပါသည်ဟု နှုတ်ဆက်ရင်း ကျွန်တော့်ကုမ္ပဏီမှ ၀န်ထမ်းများသည် အရည်အချင်းပြည့်ဝကြောင်း၊ လိုအပ်သမျှကို အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်ကြောင်း ချီးမွမ်းပြောကြားလေ သည်။

ထိုလုပ်ငန်းရှင်နှင့် စကား ပြောအပြီးတွင် လုပ်ငန်းများလုပ်ကိုင်ရာတွင် လုပ်ငန်းရှင်နာမည် နှင့် လုပ်ငန်းနာမည်ကို ရှေ့တန်းတင်မှုပေါ်တွင် မူတည်ပြီး လုပ်ငန်းများ ရေရှည်တည်တံ့မှုနှင့် ပတ်သက်ပြီး ဆက်စပ်စဉ်းစားကြည့်မိ သည်။

မြန်မာပြည်မှ စီးပွားရေးလုပ်ငန်းအများစုသည် နိုင်ငံတကာမှ လုပ်ငန်းများနှင့် နှိုင်းယှဉ်လျှင် လုပ်ငန်းရှင်၏ နာမည်ကို ပိုမိုရှေ့တန်းတင်ပြီး အလုပ်လုပ်ကိုင်ကြသည်ကို တွေ့ရသည်။ ဒါကတော့ ဘယ်သူပိုင်တဲ့ဘဏ်၊ ဘယ်သူပိုင်တဲ့ လေကြောင်းလိုင်း၊ ဘယ်သူပိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်း စသည်ဖြင့် လုပ်ငန်းနာမည်ထက် လုပ်ငန်းရှင်၏နာမည်ကို အဓိကထားကာ အလုပ်လုပ်ကိုင်ကြသည်။ နိုင်ငံတကာတွင် အောင် မြင်နေသော လုပ်ငန်းများကိုကြည့်လျှင် Citibank ပိုင်ရှင်၏ နာမည်ကို စဉ်းစား၍မရ၊ Microsoft ကို Bill Gates ထူထောင်ခဲ့သည် မှန် သော်လည်း လက်ရှိအုပ်ချုပ်နေသူမှာ နာမည်သိပ်မကြီးသည့် အိန္ဒိယမှ အမှုဆောင်အရာရှိချုပ်တစ်ဦး၊ နိုင်ငံတကာလေကြောင်းလိုင်းများသည် မည်သူပိုင်သည်ထက် ၀န်ဆောင်မှုနှင့် အန္တရာယ်ကင်းမှုကို မူတည်ပြီး သူ့ခရီးသည်နှင့်သူ ရှိကြသည်။ ထိုကုမ္ပဏီအများစုသည် ပိုင်ရှင်မည်သူဆိုသည်ထက် လုပ်ငန်းအမှတ်တံဆိပ်များကို ပိုမိုအလေးထားကြသည်။ လုပ်ငန်းအမှတ်တံဆိပ်ပေါ်မူတည်ပြီး ထိုလုပ်ငန်းများ၏ တန်ဖိုးကို သတ်မှတ်ထားသည်။ တစ်ကမ္ဘာလုံးတွင် တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်အဖြစ် ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ၁၄၆ ဘီလီယံခန့်ဖြင့် သတ်မှတ်ခံရသော Apple အမှတ်တံဆိပ်သည် သူ၏ CEO Steve Jobs ကွယ်လွန်သွားရုံဖြင့် တန်ဖိုးကျမသွားပေ။

မြန်မာပြည်တွင် လုပ်ငန်းရှင်တစ်ဦးဦး ကွယ်လွန်သွားလျှင်ဖြစ် ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် အမည်နာမချို့ယွင်းသွားလျှင်ဖြစ် ဖြစ် ထိုသူနှင့်ဆက်စပ်ပြီး သူ၏ လုပ်ငန်းများပါ ထိခိုက်သွားတတ် သည်။

ပုဂ္ဂိုလ်နာမည်၏ အန္တရာယ်

တကယ်တော့ လူပုဂ္ဂိုလ်နာမည်နှင့် လုပ်ငန်းနာမည်ကို တွဲဖက်ထားခြင်းသည် စီးပွားရေးလုပ်ငန်းများတွင် အလွန်အန္တရာယ်များသည်။ ကုမ္ပဏီတစ်ခုသည် နှစ်ပေါင်းများစွာ အခြေပြုပြီးမှ အောင်မြင်မှုများရနိုင်သည်။ ထိုအောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းပြီး ပိုမိုတိုးတက်အောင်မြင်ရန် နောက်ထပ်နှစ်ပေါင်းများစွာ ထပ်မံရပ်တည်ရဦးမည် ဖြစ်သည်။ သို့သော် လူ့သက်တမ်းသည် အကန့်အသတ်ရှိသည်။ လုပ်ငန်းရှင်တစ် ဦးအနေနှင့် သူ၏လုပ်ငန်းကို ထာဝရဦးဆောင်၍ မရပေ။ ထိုအချိန်တွင် သူ၏လုပ်ငန်းထက် သူ၏အမည်က ရှေ့တန်းရောက်နေပါက သူကိုယ်တိုင် ဦးဆောင်အုပ်ချုပ်မှု မလုပ်နိုင်သည့်အချိန်တွင် လုပ်ငန်းများပါ တိုးတက်မှု ရပ်တန့်သွားတတ်ပြီး တဖြည်းဖြည်းနှင့် လုပ်ငန်းရပ်စဲသွားသည့် အဖြစ်မျိုးကို တွေ့ကြုံကြရသည်။

ကြီးထွားလာသည့် မိသားစုလုပ်ငန်းများ

မြန်မာပြည်ရှိ စီးပွားရေးလုပ်ငန်းများကို လေ့လာကြည့်လျှင် လုပ်ငန်းကြီးကြီးသေးသေး မိသားစုလုပ်ငန်းများသဖွယ် လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။ အဖေက အမှုဆောင်အရာရှိချုပ်ဖြစ်နေတတ်ပြီး အမေက ဘဏ္ဍာရေးကို အုပ်ချုပ်ကာ သားသမီးများက ဒါရိုက်တာနေရာများတွင် ၀င်ရောက်လုပ်ကိုင်နေကြပြီး နီးစပ်ရာ ဆွေမျိုးမိတ်သင်္ဂဟများကို အရေးပါသော ရာထူးနေရာများတွင် တာဝန်များ ပေးထားတတ်ကြသည်။ ဦးဆောင်သူတစ်ဦးဦး၏ အမြော် အမြင်နှင့် ကြိုးစားမှုကြောင့် လုပ်ငန်းများ ကြီးထွားတိုးတက်လာ သည့်တိုင်အောင် အဓိကနေရာများကို လူယုံများနှင့်သာ အုပ်ချုပ်တတ်ကြသည်။

နိုင်ငံတကာတွင်လည်း စီးပွားရေးလုပ်ငန်းများ အစပိုင်းတွင် မိသားစုလုပ်ငန်းများအဖြစ် စတင်လေ့ရှိကြပြီး တိုးတက်မှုအခြေအနေတစ်ခုအရောက်တွင် ကျွမ်းကျင်သူများကို ခန့်ထားကာ ပိုင်ဆိုင်မှု နှင့် စီမံခန့်ခွဲမှုကို သီးခြားခွဲခြားပြီး လုပ်ငန်းများကို တိုးတက်သည်ထက် တိုးတက်အောင်နှင့် ရေရှည်ရပ်တည်နိုင်အောင် လုပ်ဆောင် ကြသည်။ ထို့ကြောင့် လူပုဂ္ဂိုလ် နာမည်တစ်ခုခုကို ဦးတည်ထား၍မရဘဲ လုပ်ငန်း၏ အမည်နာမကိုသာ ရှေ့တန်းတင်ကြရသည်။

ပိုင်ဆိုင်မှုနှင့် စီမံအုပ်ချုပ်မှု

လုပ်ငန်းစတင်ခဲ့သော လုပ်ငန်းပိုင်ရှင်အများစုသည် လုပ်ငန်းများကို အောင်မြင်တိုးတက်အောင် ရှေ့ဆောင်နိုင်ခဲ့ကြသော်လည်း လုပ်ငန်းအမှန်တကယ် ကြီးထွားလာသောအခါ တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ရန်နှင့် ပိုမို အောင်မြင်လာနိုင်ရန် စီမံအုပ်ချုပ်မှုအပိုင်းတွင် အားနည်းချင်နည်း နိုင်သည်ကို သတိပြုမိဖို့လိုသည်။ နိုင်ငံတကာတွင် ထိုအခြေအနေမျိုးရောက်လာလျှင် သက်ဆိုင်ရာ နေရာအလိုက် ပြင်ပမှ အတွေ့အကြုံရှိသည့် အမှုဆောင်အရာရှိများကိုရှာကာ အုပ်ချုပ်စေပြီး မူလလုပ်ငန်းပိုင်ရှင်များသည် ရှယ်ယာပိုင်ရှင်များအဖြစ် ရပ်တည်ပြီး လုပ်ငန်းပိုင်ဆိုင်မှုနှင့် လုပ်ငန်းစီမံအုပ်ချုပ်မှုကို ခွဲခြားကာ စီမံအုပ်ချုပ်မှုတွင် ၀င်ရောက်စွက်ဖက်ခြင်း မလုပ်ကြတော့ပေ။ ထိုသို့လုပ်ကိုင်ရန်အတွက် အတွေ့အကြုံရင့်ကျက်သော ကျွမ်းကျင်ပညာရှင်များကို နိုင်ငံတကာအလုပ်အကိုင် ဈေးကွက်မှ အလွယ်တကူရှာဖွေ ရရှိနိုင်ပြီး လစာနှင့်အခွင့်အရေးများ ကောင်းကောင်းပေးကာ ခန့် ထားနိုင်ကြသည်။ ရှယ်ယာပိုင်ရှင်များနှင့် စီမံအုပ်ချုပ်သူအဖွဲ့သည် အထူးအထွေကိစ္စရပ်များမရှိလျှင် တစ်နှစ်လျှင် တစ်ကြိမ်ခန့်သာ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် တွေ့ဆုံပြီး လုပ်ငန်း၏ တိုးတက်မှု အခြေအနေကို တင်ပြဆွေးနွေးတတ်ကြသည်။

အငှားယာဉ်တစ်စီးမှမပိုင်ဘဲ ကမ္ဘာ့အကြီးဆုံး အငှားကား ကုမ္ပဏီအဖြစ် UBER ကို တည်ထောင်ခဲ့သော Travis Kalanick သည်သူ၏နာမည် ထိခိုက်မည့်ကိစ္စများ ဖြစ်ပေါ်လာသောအခါ CEO အဖြစ်မှ ၂၀၁၇ ဇွန်လတွင် နုတ်ထွက်ပေးပြီး သူ့နေရာကိုဆက်ခံသူကို ရှာစေခဲ့ကာ ကုမ္ပဏီနာမည်ကို အထိအခိုက်မခံခဲ့ပေ။ ထိုကဲ့သို့ ပိုင်ဆိုင်မှုနှင့် စီမံအုပ်ချုပ်မှု ခွဲခြားထားခြင်းကြောင့်လုပ်ငန်းကို ဦးဆောင်သူတစ်စုံတစ်ခုကြောင့်  လုပ်ငန်းမှ အနားယူရသည့်တိုင်အောင် အောင်မြင်နေသောလုပ်ငန်းများ ထိခိုက်မှုမရှိပေ။

မြန်မာပြည်တွင် ကြုံတွေ့ရသော အဓိကအခက်အခဲသည် အတွေ့အကြုံရှိ စီမံခန့်ခွဲနိုင်သော အမှုဆောင်အရာရှိများ ပြည်တွင်းတွင် လွယ်ကူစွာရှာဖွေခန့်ထားနိုင် ခြင်း မရှိသည့်အပြင် လုပ်ငန်းပိုင်ရှင်များ၏ အပြင်လူအပေါ် ယုံကြည်စိတ်ချမှု အားနည်းခြင်းများကိုလည်း တွေ့ရသည်။ စာရင်းအင်းဆိုင်ရာ တိကျမှုမရှိသည့်အတွက် လုပ်ငန်းများကို အပြင်လူစီမံခန့်ခွဲခိုင်းရာတွင် နိုင်ငံတကာကဲ့သို့ စာရင်းစစ်၏ အစီရင်ခံစာပေါ်မူတည်၍ လုပ်ငန်းကို ထိန်းကျောင်းမှုလုပ်ကိုင်၍မရသည့်အချက်သည်လည်း အဓိကကျသည်။ ထို့ကြောင့် မြန်မာပြည်မှ လုပ်ငန်းအများစု(အားလုံးနီးပါး) သည် နိုင်ငံတကာကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ လုပ်ငန်းတည်ထောင်သူ ဦးဆောင်သူနောက်လိုက်ကာ ထိုသူမရှိလျှင် ရပ်ဆိုင်းသွားတတ်ကြသည်။

ပြောင်းလဲလာသော ခေတ်နှင့်သူငယ်နာမစင်သည့်လုပ်ငန်းကြီးများ

မြန်မာပြည်သည် နှစ်ပေါင်းဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတကာပိတ်ဆို့မှုများနှင့်အတူ စီးပွားရေးလုပ်ငန်းများအနေနှင့် နိုင်ငံတကာမှ လာရောက်ယှဉ်ပြိုင်မှုများ မရှိသလို ပြည်တွင်းမှ လုပ်ငန်းများလည်း နိုင်ငံတကာသို့ ထိုးဖောက်ဝင်ရောက်ဖို့ ခဲယဉ်းခဲ့သည်။ ခေတ်အဆက်ဆက်မှ အစိုးရများသည်လည်း ပြည်တွင်းလုပ်ငန်းရှင်များကို အကာအကွယ်ပေးကာ နိုင်ငံတကာမှ ၀င်ရောက်မယှဉ်ပြိုင်နိုင်အောင် ဥပဒေများဖြင့် စီမံပေးထားခဲ့ကြသည်။ နိုင်ငံတကာတွင် Infant Industries ခေါ် မွေးကင်းစ ပြည်တွင်းလုပ်ငန်းများ အားကောင်းမလာခင် ပြည်ပပြိုင်မှုများကို တားဆီးပေးထားတတ်ကြသည်။ သို့သော် အချိန်ကာလတစ်ခုထိသာဖြစ်ပြီး ထိုလုပ်ငန်း များအားကောင်းလာရန် အစိုးရမှအထောက်အပံ့ပေးကာ အရှိန်ရလာလျှင် ပြည်တွင်းတွင်လည်း ပြည်ပယှဉ်ပြိုင်ခြင်းကို ဖွင့်ပေးသလို ပြည်တွင်းလုပ်ငန်းများကိုလည်း ပြည်ပသို့ သွားရောက်ယှဉ် ပြိုင်စေခြင်းဖြင့် ကမ္ဘာ့အဆင့်မီ လုပ်ငန်းကြီး ထွက်ပေါ်လာကြသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ဆယ်စုနှစ်များစွာ အစိုးရမှ နည်းမျိုးစုံနှင့် အကာအကွယ်ပေးထားသော်လည်း လုပ်ငန်းများသည် မွေးကင်းစအချိန် ကျော်လွန်၍ ရင့်ကျက်လာရမည့်အချိန် ရောက်သည့်တိုင်အောင် မွေးကင်းစများကဲ့သို့ နုနယ်နေကြဆဲဖြစ်သည်။ ထိုလုပ်ငန်းများသည် ပြောင်းလဲလာသော အစိုးရခေတ်တွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံပြီး ယှဉ်ပြိုင်လာနိုင်သည့် လုပ်ငန်းများကို အရင်အစိုးရများနည်းတူ ပိတ်ဆို့တားဆီးကာ ပြည်တွင်း၌ ဆက်လက် လက်ဝါးကြီးအုပ်ကာ ဈေးကွက်ကို ဦးစီးထား လိုဟန်ရှိကြသည်။

တကယ်တိုင်းပြည်တိုးတက်ရေးအတွက် ပြည်တွင်း၌သာ စီးပွားရေးလုပ်ငန်းများ လည်ပတ်နေရုံမျှနှင့် မလုံလောက်ဘဲ ပြည်ပမှ အရင်းအနှီးများနှင့် တကယ့်စီးပွားရေးလုပ်ငန်းများကို ပြည်တွင်းသို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံစေရန် လို အပ်ပြီး ပြည်တွင်းမှ လုပ်ငန်းများသည်လည်း ပြည်ပသို့သွားရောက် ယှဉ်ပြိုင်နိုင်ဖို့ လိုသည်။ လက်ရှိအချိန်တွင် နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုများလည်း ရုပ်သိမ်းလိုက်ပြီဖြစ်သဖြင့် မြန်မာပြည်မှ စီးပွားရေးလုပ်ငန်းများသည် လက်ရှိ စီမံခန့်ခွဲမှုပုံများ အမြန်ပြောင်းလဲကာ တကယ့်ကျွမ်းကျင်သူများကို စီမံခန့်ခွဲအုပ်ချုပ်ရန် ခန့်ထားနိုင်ခြင်းမရှိပါက နိုင်ငံတကာပြိုင်ဆိုင်မှုကို မယှဉ်နိုင်ဘဲလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်ကြောင်း။        ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။)

Top News