အပါယ်တံခါးအဝက ပလ္လင်နဲ့ သန်လျက်များ

(တစ်)

ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ တရားတော်များကို စွဲစွဲမြဲမြဲနာယူ လေ့ရှိသူတစ်ယောက်အနေနှင့် ဆရာတော်၏ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းရှင်းပြချက်များကို မကြာခဏဆိုသလိုပင် ရိုသေစွာ နာယူ မိပါသည်။

ဆရာတော်က အပါယ်တံခါးအဖွင့်အပိတ်အကြောင်းကို ထည့်သွင်းဟောကြားလေ့ရှိပါသည်။ ဗုဒ္ဓအဆုံးအမနှင့် မစိမ်းသူတိုင်း ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် စသည့်အပါယ်လေးဘုံအကြောင်းကို ကြားဖူးနားဝရှိကြပါသည်။

ပါဠိနှင့် ပါဠိသက်ဝေါဟာရ အဘိဓာန်များ၌ အပါယ်ကို ချမ်းသာခြင်းကင်းရာအရပ်၊ မကောင်းမှုအတွက် ခံစားရာအရပ် စသည်စသည်ဖြင့် ဖော်ပြပါသည်။

တရားတော်အရ သောတာပန်ဖြစ်လျှင် အပါယ်တံခါးပိတ်သည်ဟု ဆိုပါသည်။ သောတာပန်ဆိုသည်မှာ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာပြုတ်လျှင် သောတာပန်ဖြစ်သည်ဟုဆိုသဖြင့် အယူမှားခြင်းနှင့် သံသယပွားခြင်းကင်းလျှင် နိဗ္ဗာန်သို့သွား ရာလမ်းကြောင်း ပွင့်သွားပြီဖြစ်ပြီး အပါယ်သို့ မကျရောက်နိုင်တော့ကြောင်း၊ အပါယ်တံခါးပိတ်သွားပြီဖြစ်ကြောင်း စသည်စသည်ဖြင့် နာကြားရမြဲဖြစ်ပါသည်။

ဒိဋ္ဌိတဲ့။ အယူမှားခြင်းတဲ့။ သတ္တဝါဟူ၍မရှိ၊ ငါဟူ၍မရှိ၊ ငါ့ဟာဟူ၍မရှိ စသည့်အယူမှန်သမ္မာ ဒိဋ္ဌိကိုလက်မခံနိုင်ဘဲ အားလုံးရှိသည်ဟု မှားယွင်းသော အယူရှိနေသမျှ သောတာပန်မဖြစ်နိုင်ဘဲ အပါယ်တံခါးပွင့်မြဲပွင့်လျက်ရှိသည်ဟု ဆိုလေရာ ကျွန်တော့်စိတ်ထဲ၌ အာဏာရှင်ကြီးတို့ အယူမှားကြပုံများ၊ ငါ့ရာထူး၊ ငါ့အာဏာ၊ ငါ့လုပ်ပိုင်ခွင့်၊ ငါ့ပုံရိပ်၊ ငါ့ဆွေတော် ရှစ်သောင်း၊ မျိုးတော်ရှစ်သောင်း စိတ်မွှန်ထူနေပုံများကို စဉ်းစားမိကာ အပါယ်တံခါးအဝ၌ အာဏာရူးတို့ ပဋာမြေလူးဖြစ်နေကြပုံများကို သံဝေဂရမဆုံး ဖြစ်နေမိပါသည်။

အာဏာ၌ ယစ်မူးရူးသွပ်သူတို့သည်ကား လောကုတ္တရာနယ်ပယ်၌လည်း တရားကို ကျောခိုင်းထားကြသူများပင် ဖြစ်လေရာ အဓမ္မဝါဒီများပင် ဖြစ်ပါသည်။ မိစ္ဆာဒိဋ္ဌိများပင် ဖြစ်ပါသည်။ အနတ္ထကို လက်မခံနိုင်ကြသူများ ဖြစ်သဖြင့် အပါယ်ကျမည့် အကုသိုလ်ကောင်ကြီးများအဖြစ် စာရင်းသွင်းထားပြီးသားဆိုသည်မှာ ယုံမှားဖွယ်ရာမရှိပါလေ။

(နှစ်)

လစ်ဗျား အာဏာရူးမွမ်မာက ဒါဖီ (Muanmar Gaddafi)။ ၁၉၄၂ တွင် မွေးကာ ၁၉၆၉ ခု စက်တင်ဘာလ ၁ ရက်နေ့မှသည် ၂၀၁၁ ခု အောက်တိုဘာလ ၂၀ ရက်နေ့အထိ နှစ်ပေါင်း ၃၀ ကျော် လစ်ဗျားကို ဗိုလ်ကျစိုးမိုးခဲ့သည့် အာဏာရူး။

ကဒါဖီ၏ ပိုင်ဆိုင်မှုကို သုတေသနပြုသူတို့က စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ပိုင်ဆိုင်သည်ဟုဆိုပါသည်။ မြန်မာကျပ်ငွေနှင့်ဆိုပါက အကြမ်းအားဖြင့် ၂၆ နောက်တွင် သုည ဆယ့်သုံးလုံးတဲ့။ ကုဋေပေါင်းနှစ် ဆယ့်ခြောက်သန်း။ အဲဒါ ငါ့ဟာဟူသော စိတ်ဖြင့် ရှင်သန်ခဲ့သူ ကဒါဖီ့အနေနှင့် ဗုဒ္ဓဘာသာရှုထောင့်မှ ကြည့်သောအခါ မိစ္ဆာဒိဋ္ဌိ။ အယူမှားသူ။ အပါယ်တံခါး ပွင့်နေသူ။

ရိုမေးနီးယားသမ္မတ ချောင် ချက်စကူး (Ceausescu) ဆိုလျှင် လည်း ရိုမေးနီးယားနိုင်ငံကလေးကို အာဏာရှင်အဖြစ် နှစ်ပေါင်းများစွာ စိုးမိုးခဲ့သူ။ ၁၉၆၅ မှသည် ၁၉၈၉ ဟုဆိုရာ နှစ်အစိတ်နီးပါးကြီး။

ထိုသမ္မတ ထင်ရာစိုင်းပစ်ခဲ့ပုံတွေက ဝတ်စုံတစ်စုံကို တစ်ကြိမ်သာဝတ်ပါလေသတဲ့။ သူသည်လည်း ကဒါဖီကဲ့သို့ပင် အသေဆိုးဖြင့် သေခဲ့ရသူပင်ဖြစ်ပါသည်။ လူထု၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသူဖြစ်ရာ တစ်နေ့တစ်စုံပြောင်းဝတ်ခဲ့သည့် အဲဒါငါ့ဟာတွေဆိုသည့် သူ၏အင်္ကျီတွေက သူ့ကို မကယ်တင် နိုင်ပါလေခဲ့။ သူသည်လည်း အပါယ်တံခါးအဝသို့ ရောက်သွားခဲ့ရလေသူ။

အီရတ်တွင် ထင်ရာစိုင်းခဲ့သူက ဆက်ဒမ်ဟူစိန်ပဲ ဖြစ်ပါသည်။ ဟူစိန် (Hussein) က ၁၉၇၉ ခု ဇူလိုင်လ ၁၆ ရက်မှသည် ၂၀၀၃ ခု ဧပြီ ၉ ရက်နေ့အထိ အာဏာရူးခဲ့သည့်သူ။ နှစ်ပေါင်းအစိတ်နီး ပါး။

ပိုင်ဆိုင်မှု ဒေါ်လာ နှစ်ဘီလီ ယံဟုဆိုပါ၏။ မြန်မာငွေဖြင့် ၂၆ နောက်၌ သုညဆယ့်တစ်လုံးခန့်။ ဘဝကို အဆုံးသတ်သည့်အခါ ကြိုးပေးခံရခြင်းဖြင့် အဆုံးသတ်ခဲ့ရသူ။ သူ ငါ့ပိုက်ဆံတွေဟု ရည် ညွှန်းခဲ့သည့် ဒေါ်လာ နှစ်ဘီလီယံ က ဘာမှ မတတ်နိုင်ပါလေတော့။ လူကလည်း အပါယ်တံခါးအဝမှာ။

ဖိလစ်ပိုင်အာဏာရှင် မားကို့စ်၏ ဇနီး အီမယ်လ်ဒါမားကို့စ် (Imelda Marcos) ဆိုလျှင် သူ့ခင် ပွန်းမားကို့စ် မိုးကောင်းခဲ့သည့် ၁၉၆၉ မှ ၁၉၈၆ အတွင်းဝယ် လေဒီရှူးအရန်ပေါင်း ၂,၇၀၀ ပိုင်ဆိုင်သည်ဟုဆိုကာ ဖိနပ်ပြတိုက်ပင် လျှင် လုပ်ထားခဲ့ပါသေးသည်။ တစ်ရက်ကို တစ်ရန်စီးလျှင်ပင် ရှစ်နှစ်ခန့်စီးမှ ကုန်မည့် ဖိနပ်များ။ တချို့ကမူ အရန် ၃,၀၀၀ ဟုဖော် ပြပါသည်။ အီမယ်လ်ဒါမားကို့စ် ကိုယ်တိုင်ကမူ အရန် ၃,၀၀၀ ကို ငြင်းပါ၏။ အရန်ပေါင်း ၁,၀၆၀ ဟု ဝန်ခံပါ၏။

မည်သည့်အရေအတွက်ဖြစ်စေကာမူ များသည်ကတော့အမှန်။ ငါ့ဖိနပ်တွေ။ သမ္မတကတော် ငါ့ရဲ့ဖိနပ်တွေ။ ငါ။ ငါ။ ငါ့ဥစ္စာ။ ငါ့ဟာ။ မိစ္ဆာဒိဋ္ဌိ။ သောတာပန်၏ ဆန့်ကျင်ဘက်။ အပါယ်တံခါးအဝ၌ ရောက်နေသည့်သူများ။

(သုံး)

အာဏာရှင်မှန်သမျှ ကမ္ဘာအရပ်ရပ် မည်သည့်နေရာဒေသကမဆို တူညီသည့်အချက်မှာ ‘ငါ’ တရားကြီးမားကာ အနတ္ထကို မမြင်နိုင်သည့် မိစ္ဆာဒိဋ္ဌိများဖြစ်နေခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် တရားမျက်လုံးဖြင့်ကြည့်သောအခါ ထိုသူတို့သည် အပါယ်လေးပါး၏ တံခါးပေါက်အဝ၌ ကျရောက်၍ နေကြကာ တစ်ဘဝစံများဖြစ်နေကြခြင်းပင်ဖြစ်ပါသည်။

အိန္ဒိယ သမ္မတဟောင်းကြီး အဗ္ဗဒူကလာမ် (Abdul Kalam) သည် အစ္စလာမ်ပင်ဖြစ်နေစေဦးတော့၊ မဟတ္တမဂန္ဒီ (Mahatma Gandhi) သည် ဟိန္ဒူဘာသာဝင်ကြီးပင် ဖြစ်နေစေဦးတော့၊ ကမ္ဘာ့အဆင်းရဲဆုံးသမ္မတ ဥရုဂွေး သမ္မတကြီး ဟိုဆေးမူဂျီကာ (Jose Mujica) သည် ခရစ်ယာန်ပင်ဖြစ်စေဦးတော့၊ ဗိုလ်ချုပ်အောင်ဆန်းသည် ဗုဒ္ဓဘာသာဝင်ပင် ဖြစ်နေစေဦးတော့ ထိုသူတို့အားလုံး အတ္ထပါးလျသည်။ အနတ္ထကို နားလည်သည်။ ထို့ကြောင့် မည်သည့်ဘာသာပဲ ကိုးကွယ်ကိုးကွယ် အပါယ်တံခါးပိတ်လျက်ရှိသည်ဟု ကျွန်တော်ယုံသည်။

စိတ်နှလုံးကြီးမြတ်သော လူပုဂ္ဂိုလ်တို့အတွက် ဘာသာတရား အမှတ်တံဆိပ် လက္ခဏာများမှာ ရေးကြီးခွင်ကျယ် မဟုတ်ပါလေတော့။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)

Top News