ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်တွင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီရရှိရေး လူထုစည်းဝေးပွဲကြီးတွင် ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း

၂၆ ဩဂုတ် ၁၉၈၈

ရဟန်းရှင်လူ ပြည်သူအ ပေါင်းတို့ ...

အခု လူထုအစည်းအဝေးပွဲ ကြီးဟာ ပြည်သူလူထုရဲ့ဆန္ဒကို တစ်ကမ္ဘာလုံးကသိစေရန် ထုတ်ဖော်ပြောလိုက်တာပါပဲ။ အဲဒီ တော့ ဒီလူထုစည်းဝေးပွဲကြီးမှာ ပြည်သူလူထုဟာ စည်းကမ်းရှိရှိနဲ့ ညီညီညွတ်ညွတ်ဖြစ်နိုင်တဲ့ ပြည်သူလူထုဆိုတာ ထင်ပေါ်အောင်လို့ စည်းကမ်းရှိရှိနဲ့ ညီညီညွတ်ညွတ် ဆက်ပြီးလုပ်သွားကြပါရစေ။

အခု ဒီအစည်းအဝေးကြီးဟာ တစ်နာရီနီးပါး နောက်ကျတာကိုလည်း ကျွန်မတောင်းပန်ပါတယ်။ ဒီကိုလာတဲ့အခါမှာ လမ်းအင်မတန် ပိတ်နေတာကြောင့်မို့လို့ မ ရောက်လာနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ အစည်းအဝေးကြီးကတော့ ပြည်သူလူထုတစ်ရပ်လုံးဟာ ပါတီစုံဒီမိုကရေစီကို ရချင်နေတဲ့ ဆန္ဒပြင်းပြနေတာ ကြောင့်မို့လို့ ကျင်းပရတဲ့ စည်းဝေးပွဲကြီးဖြစ်ပါတယ်။ အခု ဒီအစည်းအဝေးပွဲကြီး ဖြစ်နိုင်တဲ့အခြေအနေကို ဘယ်သူတွေကစပြီးတော့ ဦးဆောင်တာလဲဆိုတော့ ဗမာပြည်က ကျောင်းသူ၊ ကျောင်းသားအ ပေါင်း ဖြစ်ပါတယ်။

(လက်ခုပ်ဩဘာသံများ)

ဒီကျောင်းသူ၊ ကျောင်းသား အပေါင်းရဲ့ ဦးဆောင်မှုကြောင့် ဒီကျောင်းသူ၊ ကျောင်းသားအပေါင်းဟာ အသက်အသေခံပြီး ဦးဆောင် ပေးတာကြောင့်မို့ ကျွန်မတို့ ဒီလိုအစည်းအဝေးကြီးလုပ်နိုင်တဲ့ အခြေအနေရောက်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ အသက်ပျောက်သွားတဲ့ ကျောင်းသူ၊ ကျောင်းသားအားလုံးကို တစ်မိနစ်ခန့် ဂုဏ်ပြုပြီး တော့ အမျှဝေတဲ့အနေနဲ့ အားလုံးတိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ် တစ်မိနစ်ခန့် နေစေချင်ပါတယ်။

အခမ်းအနားမှူးအသံ (ကျ ဆုံးသွားသော ကျောင်းသားများ အား အလေးပြုသောအားဖြင့် တစ်မိနစ်ငြိမ်သက်ပါရန် မေတ္တာ ရပ်ခံပါသည်ခင်ဗျား)

(ငြိမ်သက်သွား)

အခုဆိုလို့ ရှိလို့ရှိရင် အားလုံး ဒီမှာ ရောက်နေတဲ့ လူထုပရိသတ်ကြီးဟာ ဒီမိုကရေစီစနစ်ကို မျှော်မှန်းပြီးတော့ ဒီမှာရောက်နေတယ်လို့ ထင်ပါတယ်။ အဲဒီတော့ ဒီမိုကရေစီပန်းတိုင်ကို ရောက်ဖို့ရာဟာ လူထုအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် စည်းကမ်းရှိရှိနဲ့ချီတက်မှပဲ ရောက်နိုင်မှာပါ။

ဒီကိစ္စမှာ ကျွန်မအခန်းကဏ္ဍကို နည်းနည်းရှင်းပြပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ လူအပေါင်းက ကျွန်မအကြောင်းကို သိပ်မသိကြပါဘူး။ မသိကြတဲ့အခါကျတော့ သိချင်တဲ့ဆန္ဒတွေလည်း ရှိပါတယ်။ ဒါကလည်း မှန်တဲ့အတိုင်း ပါပဲ။ သိတော့လည်း သိထိုက်ပါ တယ်။ အဲဒီတော့ တချို့ကလည်း ပြောကြတယ်။ ကျွန်မဟာ နိုင်ငံခြားမှာနေတယ်။ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျနေတယ်။ ဗမာပြည်နိုင်ငံရေးအကြောင်း ဘာသိသလဲလို့ ပြောကြပါတယ်။

ပထမ ကျွန်မ ဒီကနေစပြီး တော့ ပြည်သူလူထုနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါရစေ။ ကျွန်မ နိုင်ငံခြားမှာ နေခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဒါလေးအတွက်ကြောင့်နဲ့ ကျွန်မ ကျွန်မတိုင်းပြည် အပေါ်မှာထားတဲ့မေတ္တာ ဘယ်လိုနည်းနဲ့မှ ကျဆင်းမသွားနိုင်ပါဘူး။

(လက်ခုပ် ဩဘာသံများ)

နောက်တစ်ခု ပြောတာကတော့ ကျွန်မဟာ ဗမာပြည်နိုင်ငံရေးအကြောင်း ဘာမှ နားမလည်ဘူးတဲ့။ တကယ်တော့ နားလည်လွန်းလို့ ခက်နေတာပဲ။

(လက်ခုပ် ဩဘာသံများ)

ဗမာနိုင်ငံရေး ဘယ်လောက် ရှုပ်ထွေးတယ်၊ ဒီရှုပ်ထွေးမှုဒဏ်ကို ဖေဖေဘယ်လောက်ခံခဲ့ရတယ်ဆိုတာ ကျွန်မတို့မိသားစု အသိဆုံးပါပဲ။

(လက်ခုပ် ဩဘာသံများ)

ဖေဖေဟာ စိတ်ပင်ပန်း ကိုယ်ပင်ပန်းနဲ့ ဒီနိုင်ငံရေးကို လုပ် ဆောင်လာတာဟာ ဘာအကျိုးစည်းစိမ်မှ မခံခဲ့ရပါဘူး။ ဒါ ကြောင့်မို့လို့လည်း လွတ်လပ်ရေး ရပြီးတဲ့အခါကျလို့ရှိရင် ထပ်ပြီး တော့ အာဏာလုတဲ့ နိုင်ငံရေးမျိုး ကို ဆက်မလုပ်ချင်ဘူးဆိုတာ ဖေဖေ အတိအလင်းပြောသွားပါတယ်။

(လက်ခုပ် ဩဘာသံများ)

ဒီလို ပြောသွားတာမျိုးကြောင့်မို့လို့ ကျွန်မလည်း နိုင်ငံရေးလောကနဲ့ ဝေးဝေးကင်းကင်းနေခဲ့ချင်ပါတယ်။ ဒီလိုဝေးဝေးကင်းကင်း နေချင်ခဲ့လျက်သားနဲ့အခုမှ ဘာဖြစ်လို့ ဒီအရေးအခင်းထဲမှာ ဝင်ပါနေသလဲလို့ မေးစရာရှိပါ တယ်။

အဲဒီဟာကတော့ ဒီအရေးအခင်းဟာ တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အရေးအခင်းဖြစ်နေပါတယ်။ ကျွန်မမှာလည်း ဖေဖေ့ရဲ့သမီးလုပ်ပြီးတော့ ခေါင်းရှောင်ပြီးတော့ နေလို့မဖြစ်တော့ဘူး။ ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယလွတ်လပ်ရေး တိုက်ပွဲကြီးလို့ ခေါ်ရင်လည်းဖြစ်ပါတယ်။

(လက်ခုပ် ဩဘာသံများ)

ဒီမိုကရေစီလွတ်လပ်ရေးကို တစ်မျိုးသားလုံး လိုချင်ဆန္ဒပြင်း ပြလွန်းလို့ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲကြီးဖြစ်ပါတယ်။

(လက်ခုပ် ဩဘာသံများ)

ဒီမိုကရေစီနဲ့ ပတ်သက်ရင် ဖေဖေပြောခဲ့တဲ့ အချက်ကလေးတစ်ခုကို ကျွန်မ ဖတ်ပြချင်ပါတယ်။ ဒီအချက်ကတော့ ...

ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်၊ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုးမလုပ်ရင် ကျွန်တော်တို့ မြန်မာပြည်က လူတွေဟာလည်း နစ်နာမယ်။ ကျွန်တော်တို့ပြည်ကိုလည်း ကမ္ဘာကကြည့်နေလို့မရတဲ့တစ်နေ့ ဂျပန်နဲ့ဂျာမနီကိုနှိမ်သလို အနှိမ်ခံရမယ်ဆိုတာကို သတိချပ်ကြရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်၊ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါ ကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ်။

အဲဒါဟာ ဖေဖေပြောခဲ့တဲ့ စကားတွေပါ။

(လက်ခုပ် ဩဘာသံများ)

ဒါကြောင့်မို့လို့ ကျွန်မဟာ ကျွန်မရဲ့အဖေ အစဉ်အလာအ တိုင်း ဒီမိုကရေစီလွတ်လပ်ရေး တိုက်ပွဲကို ဝင်လို့ နွှဲခဲ့ရပါတယ်။ အဲဒီတော့ ဒီမိုကရေစီရဖို့ရန် ပြည်သူလူထုအားလုံး စည်းလုံးညီညွတ်ဖို့ လိုပါတယ်။ ညီညွတ်ရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ မညီညွတ်ရင် ဘာမှ မတတ်နိုင်ဘူး။

(လက်ခုပ် ဩဘာသံများ)

ပြည်သူလူထုဟာ ညီညီညွတ်ညွတ်နဲ့ မရှိနိုင်လို့ရှိရင် ဘယ်ဝါဒပဲဖြစ်ဖြစ် တိုင်းပြည်ကို အကျိုးမပေးနိုင်ဘူး။ အဲဒီဟာကို အားလုံးစွဲမှတ် သားဖို့လိုပါတယ်။ စည်းကမ်းမရှိလို့ရှိရင်လည်း ဘယ်ဝါဒမှ မအောင်မြင်နိုင်ပါဘူး။ အဲဒီတော့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ ညီညွတ်ဖို့၊ စည်းကမ်းရှိဖို့ အမြဲလို နေပါတယ်။

(လက်ခုပ် ဩဘာသံများ)

ဒီညီညွတ်ဖို့အကြောင်းတွေ ပြောနေတုန်းမှာ ကျွန်မတစ်ခုပဲ ပြောချင်ပါတယ်။ အခု ကျွန်မပြောသွားတဲ့ စကားတွေထဲမှာ တချို့ကလည်း သဘောကျမယ့် စကားလည်းပါမယ်၊ မကျမယ့်စကားလည်းပါမယ်။ ဒါပေမဲ့ ကျွန်မအနေနဲ့ကတော့ ပြည်သူလူထုကို မှန်မှန်ကန်ကန်ပြောသင့်တယ်လို့ ယုံကြည်တယ်။ ကျွန်မစိတ်ထဲမှာရှိသလို မှန်မှန်ကန်ကန်ပြောသွားမှာပဲ။ ကြိုက်ရင်လည်းထောက်ခံပါ၊ မကြိုက်ရင်လည်း ကျွန်မကတော့ မှန်တဲ့အတိုင်း လုပ်တာပဲ။ မကြိုက်တာတော့ ကျွန်မဘယ်လိုမှ မ တတ်နိုင်ပါဘူး။

ကျွန်မ တစ်ခုပြောချင်တာဟာ အခုအချိန်မှာ တပ်မတော်နဲ့ ပြည်သူလူထုအကြားထဲမှာ စိတ်ဝမ်းကွဲနေကြပါတယ်။ ဒီစိတ်ဝမ်းကွဲမှုကြီးဟာ နောင် တိုင်းပြည်အ တွက် အန္တရာယ်အမျိုးမျိုးဖြစ်နိုင် ပါတယ်။ ဗမာ့တပ်မတော်ဆိုတာ ကျွန်မ အဖေပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်ပါ။

(လက်ခုပ် ဩဘာသံများ)

ဖေဖေက ပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်ဆိုတာ စကားအရသာမဟုတ်ပါဘူး။ အစစ်အမှန်ပါပဲ။ ဖေဖေကိုယ်တိုင် ခရေစေ့တွင်းကျ အောက်ခြေကနေစပြီးတော့ ဒီတပ်မတော်ကို ဘယ်လိုထူထောင်ရမယ်ဆိုတာ သူ့လက်ရေး နဲ့ ရေးထားတဲ့ စာရွက်စာတမ်းတွေလည်းရှိပါတယ်။ ဖေဖေက တပ်မတော်အတွက် ဘာရည်မှန်းချက် တွေရှိခဲ့သလဲ။ အဲဒီရည်မှန်းချက်တစ်ခုလောက် ကျွန်မဖတ်ပြပါရစေ။

‘‘ဒီတပ်မတော်ဟာ ဒီနိုင်ငံဒီလူမျိုးအတွက် ဒီလူမျိုးတွေ ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာဆိုတဲ့အနေမျိုး ဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲနဲ့ တပ်မတော်က နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာဖြစ်မယ်ဆို ရင် ဒီတပ်မတော်ကို တည်ထောင် ထားတဲ့ ရည်ရွယ်ချက်တွေဟာ အလကားဖြစ်သွားတော့မှာပဲ’’

(လက်ခုပ် ဩဘာသံများ)

ကျွန်မ မှန်မှန်ပဲ ပြောပါရ စေ။ ကျွန်မဟာ တပ်မတော်အပေါ်မှာ အင်မတန် သံယောဇဉ်ကြီးပါတယ်။ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်လည်း ဖြစ်တယ်။ ကျွန်မတို့ဆိုတာလည်း ငယ်ငယ်ကတည်းက ရဲဘော်လက်ထဲမှာကြီးလာတာပါပဲ။ ပြည်သူလူထု ကြီးကလည်း ဖေဖေ့အပေါ်မှာ အင်မတန် မေတ္တာရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒီမေတ္တာတွေအတွက်လည်း ကျွန်မအင်မတန်မှကျေးဇူး တင်ပါတယ်။ ဖေဖေ ပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဖေဖေ့အပေါ်မှာ အင်မတန်မေတ္တာရှိကြတဲ့ လူထုကြီးကြားထဲမှာ ပဋိပက္ခမဖြစ်စေချင်ပါဘူး။ တပ်မတော်သားတွေကိုလည်း ကျွန်မဒီကနေပဲ မေတ္တာရပ်ခံပါရစေ။ လူထုအားကိုးနိုင်တဲ့ တပ်မတော်ကြီးဖြစ်ပါ စေ။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းနိုင်တဲ့ တပ်မတော်ကြီး ဖြစ်ပါစေ။ ပြည်သူလူထုကလည်း ဖြစ်ပြီးခဲ့တဲ့ဟာတွေကို ကြိုးစားခွင့်လွှတ်ပြီးတော့ တပ်မတော်အပေါ်မှာ မေတ္တာမပျက်ပါစေနဲ့လို့ တောင်းပန်ပါရစေ။

ကျွန်မတို့အားလုံးဟာ ညီညီ ညွတ်ညွတ်နဲ့ ဆက်လက်သွားမှသာ တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုပန်းတိုင်ကြီးကို ရောက်နိုင်မှာပါ။ အခု မရောက်သေးပါဘူး။ ဒီမိုကရေစီပန်းတိုင်ကိုတောင် မ ရောက်သေးပါဘူး။ မရောက်ခင် ကွဲကွဲပြားပြားမရှိပါနဲ့။ အားလုံး တညီတညွတ်တည်း ဒီမိုကရေစီပန်းတိုင်ကို ဦးတည်ပြီးတော့ ချီတက်သွားကြပါ။

အဲဒီလို ချီတက်သွားတဲ့နေရာမှာ ငြိမ်းချမ်းတဲ့ နည်းတွေနဲ့ ကိုယ်လိုတဲ့ဆန္ဒတွေကို ဖြည့်စွမ်း နိုင်တယ်ဆိုတာ အင်မတန်ဂုဏ်သိက္ခာနဲ့ပြည့်စုံတဲ့ အပြုအမူဖြစ်ပါတယ်။

ဒီလို လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့ ကျွန်မပြောစရာလေးတွေရှိပါတယ်။ ကျောင်းသားလူငယ်များဟာ အင်မတန်မှ တော်ပါတယ်။ သူတို့ရဲ့လက်ရုံးရည်ကို လည်းပြပြီးပါပြီ။ အခုလည်း ဆက်ပြီးတော့ သူတို့ရဲ့နှလုံးရည်ကို ပြမယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်။

ဒီကျောင်းသားများကိုလည်း အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးလက်တွဲသွားဖို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ အခုဆို ရင် ကျောင်းသားတွေထဲမှာလည်း အဖွဲ့အစည်းတွေ ရှိကြပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ အားလုံး စုရုံးပြီးတော့ တညီတညွတ်တည်း ဖြစ်သွားစေချင်ပါတယ်။ အဲဒီဟာ အတွက်လည်း ညီလာခံတစ်ရပ် ခေါ်မယ်လို့ ကျွန်မ ကြားနေပါ တယ်။ ဒီညီလာခံကြီးဖြစ်ပေါ်တဲ့ အခါကျရင် ကျောင်းသားတွေ အားလုံး တစုတစည်းတည်းဖြစ် သွားပါစေလို့ ကျွန်မ ဆုတောင်း လိုက်ပါတယ်။

(လက်ခုပ် ဩဘာသံများ)

ကျောင်းသားလေးတွေက ကျွန်မကို မေးကြတယ်။ ကျွန်မရဲ့နောက်မှာ ဘယ်နိုင်ငံရေးသမားတွေများ ရှိနေသလဲ။ ဒီနိုင်ငံရေးသမားတွေဟာ ကျွန်မကို ကြိုးဆွဲပြီးတော့ သူတို့ကို နင်းသွားမှာစိုးရိမ်တယ်လို့ ပြောကြပါတယ်။ အဲဒီလို ပွင့်ပွင့်လင်းလင်းပြောတာကို ကျွန်မ အင်မတန် ဝမ်းသာတယ်။ ကျောင်းသားလူငယ်များဟာ အင်မတန် ပွင့်လင်းတယ်။ သွယ်ဝိုက်တဲ့စကားတွေ မပြောတတ်ဘူး။ ကျွန်မကလည်း မှန်တဲ့အတိုင်းပဲ ပြန်ပြီးတော့ ပြောလိုက် ပါတယ်။ ကျွန်မနောက်မှာ ဘယ်နိုင်ငံရေးသမားမှ မရှိပါဘူး။ ကျွန်မအခုလုပ်နေတဲ့ လုပ်ငန်းဟာတော့ ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေ စီဖြစ်မြောက်ရေးလုပ်ငန်းပါပဲ။ ဒီ ဒီမိုကရေစီဖြစ်မြောက်ရေးအတွက်ကို ဝိုင်းပြီးတော့ ကူညီချင် ပါတယ်ဆိုတဲ့ နိုင်ငံရေးသမား ဟောင်းကြီးတွေ ရှိပါတယ်။ အဲဒီ နိုင်ငံရေးသမားဟောင်းကြီးတွေကို ကျွန်မကတော့ ရှင်းရှင်းပဲပြောထားပါတယ်။ ဒီလိုကူညီလို့ နောင်နိုင်ငံရေးအမြတ်ထုတ်မယ်ဆိုလို့ ရှိရင် ကျွန်မ လုံးလုံးမထောက်ခံ ဘူးဆိုတာ အခုကတည်းက ကျွန်မပြောထားပါတယ်။

(လက်ခုပ် ဩဘာသံများ)

ပြည်သူလူထုရှေ့မှာ ကျွန်မ ပြန်ပြီးတော့ ပြောပါ့မယ်။ ဒီမိုကရေစီရရှိရေးအတွက် ဝိုင်းဝန်းကူညီတဲ့ နိုင်ငံရေးသမားကြီးတွေဟာ နောင် နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးပမ်းရင် ကျွန်မကိုယ်တိုင်တက်ပြီးတော့ ဒီလူကြီးတွေကို ရှုတ်ချပေးပါ့မယ်။

(လက်ခုပ် ဩဘာသံများ)

 နောက်တစ်ခုကတော့ ကျွန်မတို့တိုင်းပြည်မှာ လူကြီးနဲ့ လူငယ်ကြားထဲမှာ ကွဲကွာမှုတွေ ရှိပါတယ်။ အဲဒီ ကွဲကွာမှုတွေကိုလည်း ဖြေရှင်းဖို့လိုပါတယ်။ လူငယ်တွေက လူငယ်တွေ၊ လူကြီးတွေက လူကြီးတွေဆိုတဲ့ စိတ် ထားတွေက ဖြစ်နေပါတယ်။ အဲဒီဟာလည်း မဖြစ်သင့်ပါဘူး။ ပြည်သူလူထုအားလုံးဟာ တညီ တညွတ်တည်းရှိနေဖို့ လိုပါတယ်။ ပြည်သူလူထုရဲ့ အင်အားဟာ တစ်နေ့ထက်တစ်နေ့ ကြီးလာပါပြီ။ ဒီလိုကြီးလာလို့လည်း ပိုပြီး တော့ စည်းနဲ့ကမ်းနဲ့ ထိန်းဖို့လိုပါတယ်။ စည်းမရှိတဲ့ အင်အား၊ အမှန်တရားမကိုက်ညီတဲ့ အင်အားဆိုတာ ဘယ်တော့မှ ကောင်းကျိုးမပေးနိုင်ပါဘူး။

(လက်ခုပ် ဩဘာသံများ)

အများအတွက်ပါ အန္တရာယ် ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်မို့လို့ အမှန်တရားနဲ့ ကိုက်ညီတဲ့ စွမ်းအားကိုပဲ ဆက်ပြီးတော့ သုံးကြပါ။ အမှန်တရားနဲ့ မကိုက်ညီတဲ့ စွမ်းအားကိုမသုံးပါနဲ့။ အခု လူထုဘက်ကနေ အားကြီးနေတဲ့အချိန် မှာ အားငယ်တဲ့ အစုအဝိုင်းကို လည်း နိုင်ထက်စီးနင်းမလုပ်ကြပါနဲ့။ ဒီလိုနိုင်ထက်စီးနင်းလုပ်တာဟာ အကျင့်မကောင်းပါဘူး။ ပြည်သူလူထုရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေပါလိမ့်မယ်။ ပြည်သူလူထုဘက်ကနေပြီးတော့ ခွင့်လွှတ်နိုင်တဲ့ သဘောထားရှိ တယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ထင်ပေါ်ပါစေ။ အခုဆိုလို့ ရှိရင် ကျွန်မတို့ဟာ အားလုံးပြည်သူလူထုအပေါင်းက ဘာကိုလိုလားနေသလဲဆိုတာ စဉ်းစားလိုက်လို့ရှိရင် အဓိကအချက်ကတော့ ပါတီစုံ ဒီမိုကရေစီစနစ်ကို လိုလားနေကြပါတယ်။

(လက်ခုပ် ဩဘာသံများ)

တစ်ပါတီစနစ်ကို ဖြုတ်ချချင်ကြပါတယ်။

(လက်ခုပ် ဩဘာသံများ)

နောက် အခုဆိုလို့ရှိရင် သမ္မတ ဒေါက်တာမောင်မောင်ဟာ လူထုဆန္ဒခံယူပွဲကျင်းပဖို့၊ မကျင်းပဖို့ ညီလာခံခေါ်တယ်လို့ ဆိုပါတယ်။ ကျွန်မအနေနဲ့ပြောရ ရင်တော့ ဒီလူထုဆန္ဒခံယူပွဲဟာ မလိုတော့ပါဘူး။

(လက်ခုပ် ဩဘာသံများ)

တစ်တိုင်းပြည်လုံးရဲ့ ဆန္ဒ ဟာ ကွက်ကွက်ကွင်းကွင်းပေါ်နေ ပါပြီ။

(လက်ခုပ် ဩဘာသံများ)

အားလုံးဟာ ပါလီမန်ဒီမိုကရေစီစနစ်ကိုပဲ လိုလားနေတယ်ဆိုတာ အင်မတန်မှ ပေါ်လွင်နေပါပြီ။ ဒီစနစ်ကို အမြန်ဆုံးဖြစ်ပေါ်လာနိုင်ဖို့ လုပ်ပေးဖို့ဟာ ယခုအာဏာပိုင်အစိုးရတွေရဲ့ တာဝန် ဖြစ်ပါတယ်။

(လက်ခုပ် ဩဘာသံများ)

ပြည်သူလူထုဘက်ကလည်း ဒီစနစ်ရရှိရေးအတွက် ဆက်လက်ပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ စည်းကမ်းရှိရှိ ဆန္ဒပြသွားကြပါ။

(လက်ခုပ် ဩဘာသံများ)

ပန်းတိုင်ကို မရောက်သေးဘူးဆိုတာ မမေ့ကြပါနဲ့။ ဒီမိုကရေစီရတဲ့အခါကျလို့ရှိရင် ဘယ်လို ပြည်ထောင်စုကြီးကို တည်တံ့ခိုင်မြဲအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို စဉ်းစားထားကြပါဦး။ တိုင်းပြည်ရဲ့အနာဂတ်ကို ရှေးရှုကြပါ။ တိုင်းပြည်ရဲ့ အနာဂတ် ရေးကို မတွေးလို့ရှိရင် အခုလက်ငင်းဖြစ်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း ကိုယ့်တိုင်း ပြည်ကို အကျိုးပေးနိုင်မှာ မဟုတ်ပါဘူး။

အဲဒီတော့ ဖေဖေပြောခဲ့သလို ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားများဟာ စည်းကမ်းရိုသေဖို့၊ ညီညွတ်ဖို့ဆိုတာကို ဘယ်နှခါပဲ ပြောပြော ပြောလို့ကိုမကုန်နိုင်အောင် ပြောရမယ့်ကိစ္စကြီးတစ်ခု ဖြစ်နေပါတယ်။

(လက်ခုပ် ဩဘာသံများ)

အခု ကျွန်မတို့ဟာ လူထုဆန္ဒခံယူပွဲကြီး မလိုတော့ပါဘူး။ ပါတီစုံ ဒီမိုကရေစီစနစ်ကိုပဲ လိုလားပါတော့တယ်။ ဒီဟာကို မြန် မြန်ဖြစ်အောင် လုပ်ပေးကြပါ။ ဒီဟာ ဖြစ်ပေါ်လာအောင်လို့ တရားမျှတတဲ့၊ သန့်ရှင်းတဲ့ ရွေးကောက် ပွဲတွေကိုလည်း မြန်မြန်ဆန်ဆန် ဖြစ်နိုင်အောင် လုပ်ပေးကြပါ။ ဒီသန့်ရှင်းတဲ့၊ မျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်နိုင်ဖို့ အခြေအနေကိုလည်း ဖန်တီးပေးဖို့ လိုပါတယ်။ အခုဆိုလို့ရှိရင် ပြည်သူလူထုတစ်ရပ်လုံးဟာ အစိုးရအပေါ်မှာ အ ယုံအကြည် အင်မတန်မှ ပျက်နေပါတယ်။

(လက်ခုပ် ဩဘာသံများ)

အဲဒီတော့ဟာ သန့်ရှင်းစင်ကြယ်တဲ့၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်လာဖို့ အရေးကိုအကယ်၍များ ဘယ်လိုဖြစ်အောင် လုပ်ရမလဲဆိုလို့ရှိရင် ကြားဖြတ် အစိုးရလိုတယ်ဆိုရင်လည်း လုပ်ပေးဖို့ရာ ကောင်းပါတယ်။

(လက်ခုပ် ဩဘာသံများ)

အဓိကရည်ရွယ်ချက်ကတော့ ဒီအစိုးရလည်းမဟုတ်ဘူး၊ ကြားဖြတ်အစိုးရလည်းမဟုတ်ဘူး၊ နောက်အစိုးရလည်းမဟုတ်ဘူး။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲသာယာဝပြောရေးအတွက် လုပ်ပေးနိုင်တဲ့ အစိုးရပါပဲ။

(လက်ခုပ် ဩဘာသံများ)

ဒီအဓိက ကိစ္စအပေါ်မှာ မျက်ခြည်မပြတ်ပါစေနဲ့။ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို မမေ့ပါနဲ့။ မေ့သွားလို့ရှိရင် အခုရရှိတဲ့ အောင်မြင်မှုဟာ နောင်ကျဆုံးမှု ဖြစ်သွားနိုင်ပါတယ်။

အခု ကျွန်မတို့ ဘယ်အခြေအနေမှာ ရောက်နေပြီလဲ။ ပန်းတိုင်ကို ကွက်ကွက်ကွင်းကွင်း မြင်နေပါပြီ။ မြင်နေတဲ့ပန်းတိုင်ကို အားလုံးလက်တွဲပြီးတော့ ချီတက်သွားကြပါစို့။ စိတ်ဝမ်းမကွဲကြပါနဲ့။ ကျောင်းသားလေးတွေဘက် က အထူးစိတ်ဝမ်းမကွဲဖို့လိုပါတယ်။ ကျောင်းသားလေးတွေကို စိတ်ဝမ်းကွဲအောင်လည်း ထိုးဆွမပေးကြပါနဲ့။ ကျောင်းသားလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင်ပေးမယ့် လူငယ် လေးတွေဖြစ်ပါတယ်။ ဒီကျောင်း သားလေးတွေရဲ့ စိတ်ဓာတ်ကျ အောင် လုပ်လိုက်မယ်ဆိုရင် နောင်တိုင်းပြည်ညီညွတ်ရေးအတွက်လည်း ထိပါးသွားပါလိမ့် မယ်။

ညီညွတ်ရေးအကြောင်း ပြောနေတဲ့အချိန်မှာ ပြည်ထောင်စုအကြောင်း ခဏလောက်ပြောလိုက်ပါရစေ။ လူမျိုးစုတွေအားလုံးဟာ ညီညွတ်ဖို့လိုပါတယ်။ အခုလူမျိုးစုံ လူများစုကတော့ မြန်မာလူမျိုးတွေ ဖြစ်နေပါတယ်။ လူများစု မြန်မာတွေဟာ လူနည်းစုတွေဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့ စည်းစည်းလုံးလုံး ဖြစ်ဖို့ အလွန်ကြိုးစားဖို့လိုပါတယ်။ ကိုယ်ကအားရှိနေတဲ့လူ၊ ကိုယ်ကအားများနေတဲ့ လူမို့လို့ ပိုပြီးတော့ကြိုးစားဖို့လိုပါတယ်။

အားများနေတဲ့ လူဆိုတာ အားနည်းနေတဲ့လူကို အစဉ်အမြဲ လျှော့ပြီးတော့ ညှာပေးဖို့လိုပါတယ်။ အဲဒီနေရာမှာ ဒီတစ်ပါတီ စနစ်ကို ထောက်ခံနေတဲ့ လူတွေ နဲ့ပတ်သက်လို့လည်း ကျွန်မ တစ် ခုပြောပါရစေ။ ပါတီဝင်အပေါင်း အမြောက်အမြားဟာ ဒီပါတီအပေါ်မှာ အယုံအကြည်မရှိတော့ ဘူးဆိုတာ ကျွန်မသိပါတယ်။

အယုံအကြည်မရှိတော့ရင် လည်းဒီပါတီကထွက်လိုက်ကြပါ။

(လက်ခုပ် ဩဘာသံများ)

ပါတီကတ်ပြားတွေလည်း ပြန်အပ်လိုက်ကြပါ။

(လက်ခုပ် ဩဘာသံများ)

ဒါပေမဲ့လည်း သူတို့ရဲ့ အယုံအကြည်အရ ပါတီဝင်အနေနဲ့ဆက်ပြီးတော့ ထမ်းဆောင်နေတဲ့ သူတွေကိုလည်း အန္တရာယ်မပြုကြပါနဲ့။ ဒီမိုကရေစီဆိုတာ မားမားမတ်မတ်ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ရှိနိုင်တဲ့ စနစ်မျိုးဖြစ်ပါတယ်။ သူတို့က ဆက်ပြီးယုံကြည်မယ်ဆိုလို့ရှိရင် အန္တရာယ်မပြုကြပါနဲ့။

ကိုယ့်ဘာသာကိုယ် လိုချင်တဲ့ ပန်းတိုင်ကိုသာ ညီညီညွတ် ညွတ်တက်ပါ။ ကိုယ်က အားကြီးနေလို့ အားနည်းနေတဲ့လူကို ပြန် ပြီးကလဲ့စားချေလိုတဲ့ကိစ္စမျိုး မဖြစ်ပေါ်ပါစေနဲ့။ အခုဆိုလို့ရှိရင် ကျွန်မတို့ မှန်းထားတဲ့အချိန်ထက် အများကြီး အချိန်လွန်သွားပါပြီ။ အဲဒီတော့ ကျွန်မ စဉ်းစားထားတာထက် နည်းနည်းပိုပြီးတော့ အတိုချုံးပြီးတော့ ပြောရမယ့်အ ခြေအနေမျိုး ဖြစ်နေပါပြီ။

ဒီစည်းဝေးပွဲကို နောက်ဆုံး ကျွန်မ ပြောချင်တာကတော့ ကျွန်မတို့ဟာ ညီညွတ်ဖို့လိုပါတယ်။ စည်းကမ်းရှိဖို့လိုပါတယ်။ အမှန်တရားနဲ့ ကိုက်ညီတဲ့ စွမ်းအားကို ဆက်ပြီးသုံးသွားဖို့ လိုပါတယ်။ အဲဒီလို ဆက်ပြီးတော့ သုံးသွားမှသာ ကျွန်မတို့လိုတဲ့ ပန်းတိုင်ကို ရောက်နိုင်ပါတယ်။ အဲဒီတော့ ကျွန်မ အနူးအညွတ်ပြည်သူလူထုတစ်ရပ်လုံးကို တောင်းပန်ပါရစေ။

ပြည်သူလူထုအားလုံး ညီ ညွတ်ကြပါစေ။ စည်းကမ်းရှိပါ စေ။ အမှန်တရားနဲ့ ကိုက်ညီတဲ့ လူမျိုးတစ်ရပ်ဖြစ်ပါစေ။ ပြည်သူလူထုအားလုံး ဘေးဘယာအဖြာ ဖြာမှ ဝေးကွာကြပါစေ။

နောက်ဆုံးအနေနဲ့ ကျွန်မတို့ရဲ့ ကြွေးကြော်သံကတော့-

ဆန္ဒခံယူပွဲ အလိုမရှိ

တစ်ပါတီစနစ် ဖျက်သိမ်းပစ်

ပါတီစုံ ဒီမိုကရေစီစနစ်

တည်ဆောက်ကြ

တရားမျှတသော ရွေးကောက်ပွဲ

အမြန်ဆုံးကျင်းပပေး

ဆိုတဲ့ ကြွေးကြော်သံပါပဲ။

အခမ်းအနားမှူး- ပြည်သူလူထုကြီး ခင်ဗျာ၊ အခု ဒေါ်အောင်ဆန်းစုကြည် အဆိုပြုချက်အပေါ်မှာ ကျွန်တော်တို့ လူထုစည်းဝေးပွဲကြီး အဆုံးအဖြတ်ကို ခံယူဖို့ဖြစ်ပါတယ်။

အဆိုပြုချက် (၁)

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းသူ၊ ကျောင်းသားများနှင့်တကွ လူထုလူတန်းစားပေါင်းစုံပါဝင်၍ အဖမ်းခံ၊ သွေးမြေကျခံပြီး တစ်ပါတီစနစ် ဖျက်သိမ်းရေးနဲ့ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့ကို တစ်ခဲနက်ဆန္ဒ ပြုခဲ့ကြပြီဖြစ်၍ ထိုကိစ္စအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ပေးရန် မလိုအပ်တော့ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုပြုချက်ကို လူထုကြီးက ထောက်ခံပါသလား ခင်ဗျား။

(ထောက်ခံပါတယ်)၃

အဆိုပြုချက်(၂)

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းသူ၊ ကျောင်းသားများနှင့်တကွ ရဟန်းရှင်လူ ကျောင်းသားအပေါင်းမှ တစ်ခဲနက်ဆန္ဒပြခဲ့ကြပြီးဖြစ်သောကြောင့် တစ်ပါတီစနစ်ကိုဖျက်သိမ်းပြီးတော့ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် အစားထိုးတည်ဆောက်ကြရန်သာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပြုခဲ့ပါတယ်။ ဒီအဆိုကို ထောက်ခံပါသလား ခင်ဗျာ။

(ထောက်ခံပါတယ်)၃

အဆိုပြုချက် (၃)

ပြည်သူလူထုတစ်ရပ်လုံးအား ကိုယ်စားပြုရသော ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်များကို လွတ်လပ်စွာ ရွေးကောက်တင်မြှောက်နိုင်ရန် တရားမျှတသန့်ရှင်းသော အထွေထွေရွေးကောက်ပွဲကြီးကို အမြန်ဆုံးကျင်းပနိုင်ရေး အတွက် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန်အဆိုကို ဒေါ်အောင်ဆန်းစုကြည်က အဆိုပြုပါတယ်။ ပြည်သူလူထုကြီးက ထောက်ခံပါသလား ခင်ဗျာ။

(ထောက်ခံပါတယ်)၃

ကျွန်တော် အခု ဒီအစည်းအဝေးပွဲကြီးရဲ့ ကြွေးကြော်သံကို တိုင်ပေးပါ့မယ်။

-ဆန္ဒခံယူပွဲအလိုမရှိ၊ အလိုမရှိ

- တစ်ပါတီစနစ် ဖျက်သိမ်းပစ်

- ပါတီစုံ ဒီမိုကရေစီစနစ်

တည်ဆောက်ပေး

- တရားမျှတသော ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေး

- ကြားဖြတ်အစိုးရဖွဲ့စည်းပေး

ဟူသော ကြွေးကြော်သံများကို အခမ်းအနားမှူး ဦးထွန်းဝေကတိုင်ပေး၍ လူထုပရိသတ်ကြီးက တစ်ခဲနက်ကြွေးကြော်၍ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် အစည်းအဝေးကြီးကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါသည်။

Top News