သံဃာနှင့် နိုင်ငံရေး

မျက်မှောက်ခေတ်၌ သံဃာများသည် နိုင်ငံရေးလှုပ်ရှားမှုများ၌ ပါဝင် ဆောင်ရွက်သင့်သလောဟူသော မေးခွန်းတစ်ရပ် ပေါ်ပေါက်လာ၏။ အချို့က ပါဝင်သင့်သည်ဟုလည်းကောင်း၊ အချို့က မပါဝင်သင့်ဟုလည်းကောင်း ဖြေဆိုကြ ၏။ ပါဝင်သင့်သည်ဟု ဆိုသူများဘက်မှ အကြောင်းပြချက်များကို စုစည်းကြည့်သောအခါ အကြောင်းပြချက် နှစ်ရပ်ကို တွေ့ရ၏။ ပထမအကြောင်းပြချက်မှာ သံဃာသည် အမျိုးကောင်းစားရေးဟူသော ညတတ္ထစရိယကို ဆောင် ရွက်ရန် တာဝန်ရှိသည်။ ထို့ ကြောင့် နိုင်ငံရေးနှင့် ကင်းကွာ၍မရ၊ နိုင်ငံရေးဟူသည် အမျိုးသားကောင်း စားရေးကို ဆောင်ရွက်ခြင်းပင် မဟုတ်ပါလောဟုဆိုကြ၏။ ဒုတိယ အကြောင်းပြချက်မှာ သာသနာသည် နိုင်ငံအုပ်ချုပ်သူတို့၏ စွမ်းရည်နှင့်ဆက်စပ်၏။ အုပ်ချုပ်မှုညံ့ဖျင်းသောခေတ်၌ သာသနာမှေးမှိန်၏။ သာသနာမှေးမှိန်လာလျှင် သံဃာသည် လက်ပိုက်ကြည့်နေ၍ မရနိုင်။ ထို့ကြောင့် နိုင်ငံ အုပ်ချုပ်ရေးသည် နိုင်ငံရေး ဖြစ်သကဲ့သို့ သာသနာအရေးလည်း ဖြစ်သည်ဟု ကောက်ချက်ချ၏။

ပထမအကြောင်းပြချက်နှင့် ပတ်သက်၍ ဆရာတော်ကြီးတစ်ပါးအား လျှောက်ထားခဲ့ရာ ဆရာတော်ကြီးက (၁) ဉာတတ္ထစရိယ- ဆွေမျိုးအကျိုးငှာကျင့်ခြင်း၊ (၂) လောကတ္ထစရိယ- လောကအကျိုးငှာကျင့်ခြင်း၊ (၃) ဗုဒ္ဓတ္ထစရိယ -ဘုရားဖြစ်ခြင်း အကျိုးငှာကျင့်ခြင်းဟူသော စရိယ (၃) ပါးကို ကျင့်ကြံရာတွင် မည်သည့်အကျိုး စီးပွားအလို့ငှာ ကျင့်ကြံသည်ဖြစ်စေ သံဃာတော်တို့ မည်သည် မြတ်စွာဘုရား၏ အဆုံးအမသြဝါဒကိုသာ လိုက်နာ၍ ကျင့်ကြံအား ထုတ်ရကြောင်း၊ တစ်ဆင့်တည်း နှင့် ကျေနပ်အားရရန် မဟုတ်ဘဲ တစ်ဆင့်ထက်တစ်ဆင့် မြင့်သည် ထက်မြင့်အောင် ကျင့်ကြံအားထုတ်ရန်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်ကို မှတ်မိနေပါသည်။

မြတ်ဗုဒ္ဓ၏ အဆုံးအမသြဝါဒနှင့်အညီဟူသော စကားရပ်နှင့် ပတ်သက်၍ မရှင်းလင်းသဖြင့် ထပ်မံလျှောက်ထားသောအခါ ဆရာတော်ကြီးက မိထွေးတော် ဂေါတမီအား ဟောကြားတော်မူခဲ့ သော ဘုရားရှင်၏ တရားတော်ကို ဆက်လက် ဟောကြားတော်မူပါသည်။ ‘‘အကြင်တရားတို့သည် ရာဂပွားခြင်းငှာ ဖြစ်ကုန်၏။ ဝဋ်၌ယှဉ်စေခြင်းငှာ ဖြစ်ကုန်၏။ ဝဋ် ဒုက္ခကို ပွားစေခြင်းငှာ ဖြစ်ကုန်၏။ အလိုရမ္မက်ကြီးစေခြင်းငှာ ဖြစ် ကုန်၏။ ရောင့်ရဲမလွယ်စေခြင်းငှာ ဖြစ်ကုန်၏။ အပေါင်းအဖော်၌ မွေ့လျော်ယဉ်ပါးစေခြင်းငှာ ဖြစ်ကုန် ၏။ လုံ့လဝီရိယမရှိပျင်းရိစေခြင်းငှာ ဖြစ်ကုန်၏။ ထိုတရားသည် ငါဘုရား၏ တရားတော် (ဓမ္မ) မဟုတ်၊ ဝိနည်းတော်မဟုတ်၊ အဆုံး အမသြဝါဒမဟုတ်’’ (အင်္ဂုတ္တရနိ ကယ်၊ အဋ္ဌကနိပါတ်၊ သံစိတ္တ သုတ်) ဟူသော မြတ်ဗုဒ္ဓ၏ တရားပေတံကို ဆက်လက်နာယူခဲ့ရပါသည်။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီးကလည်း အထက်ပါတရားတော်ကို အကျဉ်းချုံ့၍ ‘‘ဘုရား၏ ဓမ္မ၊ ဝိနယ၊ သတ္တုသာသန (သြဝါဒ) မှန်လျှင်ရှိနေတဲ့ အတွယ်အတာတွေ လျော့သွားရမယ်၊ မုန်းတီးစိတ်တွေ လျော့သွားရမယ်၊ နောက်ဆုံး လုံးဝကွယ် ပျောက်သွားစေနိုင်တဲ့ စွမ်းအား တွေရှိတယ်။ အဲဒီလိုမဟုတ်ဘဲ လောဘ၊ ဒေါသ၊ မောဟတွေတိုးလာမယ်ဆိုရင် ဘုရားအဆုံးအမ မဟုတ်ဘူးလို့ သေချာဆုံးဖြတ်လိုက်ပါ’’ဟု မိန့်ကြားသည်ကို နာကြားခဲ့ဖူး၏။

ဤကဲ့သို့ နာကြားရခြင်းကြောင့် သံဃာတော်တို့၏ ဉာတတ္တစရိယမည်သည် ဗုဒ္ဓ၏အဆုံးအမပေတံနှင့် ညီညွတ်မှုရှိရမည်သာဖြစ်ပြီး နိုင်ငံရေးလောကသားတို့၏ အမျိုးသားရေးကျင့်စဉ်နှင့် တစ်ထပ်တည်း မဖြစ်နိုင်ကြောင်းနှင့် နိုင်ငံရေးပေတံဖြင့် တိုင်းတာ၍မရကြောင်း ကောင်းစွာသဘော ပေါက်လာမိပါသည်။ စာရေးသူအနေဖြင့် သံဃာနှင့် နိုင်ငံရေးအကြောင်းကို စဉ်းစားမိသောအခါ တိုင်း ဗုဒ္ဓနှင့်နိုင်ငံရေးအကြောင်း ကိုပါ စဉ်းစားနေမိ၏။ ဗုဒ္ဓသည် ဘုရားအလောင်းဘဝ၌ပင် ပဒေသရာဇ်ခေတ်နိုင်ငံရေးကို မလုပ်လို၍သာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်းဖြစ်လေသည်။ သိဒ္ဓတ္ထအိမ်ရှေ့မင်းသားဘဝ၌ ရွှေထီးရွှေနန်းကို မက်မောခဲ့လျှင်၊ လက်တစ် ကမ်း၌ရှိသော ဘုရင့်အာဏာကို လိုလားနှစ်ခြိုက်ခဲ့လျှင်၊ တစ်နည်းအားဖြင့် နိုင်ငံရေးကိစ္စများတွင် ဘဝကိုမြှုပ်နှံ၍ ကျင်လည်လိုသော စိတ်ဆန္ဒရှိခဲ့လျှင် ဘုရားအဖြစ်သို့ ရောက်ရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လောကတစ်လွှား ရှားမှ ရှား၊ ဘုရင့်သားတော်ဖြစ်လျက် နိုင်ငံရေးမလုပ်လိုသူဟု စာဖွဲ့ရမည်ဖြစ်ပါသည်။ ဘုရားဖြစ်သော အခါ၌လည်း တပည့်သားသံဃာတို့အား နိုင်ငံရေးလောကနှင့် ကင်းကင်းရှင်းရှင်းနေရန် သာဓကပြခဲ့ ပုံကို ဆက်လက်ဖော်ပြလို၏။

အဇာတသတ်၏ ဖခမည်းတော် ဗိမ္ဗိသာရမင်းကြီးသည် မြတ်ဗုဒ္ဓ တောထွက်၍ တရားရှာမှီးစဉ်ကာလ၌ ပထမဦးဆုံး တွေ့ရှိခဲ့သော ဘုရင်ဖြစ်၏။ သဗ္ဗညုတ ဉာဏ်တော်မရရှိမီကာလ၌ပင် ပုရိသလက္ခဏာကြီးငယ် အသွယ် သွယ်ပြည့်ဝသော ရဟန်းတစ်ပါးအဖြစ် ကြည်ညိုမိပြီး တရားထူးရလျှင် ဦးစွာနာကြားခွင့်ကို တောင်းဆိုခဲ့သော ဘုရင်ကြီးဖြစ်၏။ ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက် တရားထူးများကို နာကြားပြီးသော တာပန်တည်ခဲ့သော ဘုရား၏ တပည့်အရင်း သာသနာပြုဘုရား ကြီးဟုလည်း ထင်ရှားခဲ့၏။ အဇာတသတ်က ခမည်းတော်အရင်း ခေါက်ခေါက်ဖြစ်သော ဗိမ္ဗိသာရကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့၏။ ထီးနန်းကိုလုယူခဲ့၏။ ဤကဲ့သို့ ရာဇဂြိုဟ်၏ ပဒေသရာဇ်နန်းလုပွဲ (သို့မဟုတ်) ရက်စက်သော နိုင်ငံ ရေးအာဏာလုပွဲ ဖြစ်နေသောအချိန်၌ ဘုရားရှင် အဘယ်မှာ သီတင်းသုံးနေသည်ဟု ထင်မြင်ပါသနည်း။ ရာဇဂြိုဟ်မြို့မှာပင် သီတင်းသုံးနေတော်မူ၏။ အနီးအနား၌ ရှိနေသော ဘုရားရှင်သည် ဘု ရင်ကြီးအတွက် တစ်ခုခုဝင်ပြောရန် မသင့်ပေဘူးလားဟု စာရေးသူတို့ ငယ်ရွယ်စဉ်က ဉာဏ်တိမ်တိမ်ဖြင့် ရုပ်ရှင်ဆန်ဆန် တွေးတောခဲ့ဖူး၏။ ဘုရားရှင်သည် ဝိဇ္ဈကုဋ်တောင်ပေါ်၌သာ သီတင်းသုံး၍ နေတော်မူခဲ့၏။ ‘‘အကြင်တရားတို့သည် ရာဂပွားခြင်းငှာ ဖြစ်ကုန်၏။ ဝဋ်၌ ယှဉ်စေခြင်းငှာ ဖြစ်ကုန်၏။ ဝဋ်ဒုက္ခကိုပွားစေခြင်းငှာ ဖြစ်ကုန်၏။ အလိုရမ္မက်ကြီးစေခြင်း ငှာဖြစ်ကုန်၏။ ရောင့်ရဲမလွယ်စေခြင်းငှာ ဖြစ်ကုန်၏။ ထိုတရားတို့ သည် ငါဘုရား၏ တရားတော်မဟုတ်’’ ဟု ဟောတော်မူသည့်အတိုင်း ဓမ္မလမ်းကြောင်းပေါ်၌သာ ရပ်တည်တော်မူ၏။ နိုင်ငံရေးလမ်းကြောင်းနှင့်ဘဝ အဆက်ဆက်ကင်းကင်းရှင်းရှင်း နေခဲ့သည့်အ တိုင်း ဘုရားရှင်ဘဝ၌လည်း နေတော်မူခဲ့ပုံကို အာရုံဝင်စား၍ ရိုသေစွာ ဦးချညွတ်တွားနေမိပါသည်။

ဤနေရာတွင် ကုန်းဘောင်ခေတ်ဆရာတော်ဦးဗုဓ်နှင့် နန်းမတော်မယ်နု၏ ဇာတ်လမ်းကိုလည်း သတိရမိ၏။ ဂန္ထာဝင်အမွေ အနှစ်ဖြစ်သော မယ်နုဆောက် လုပ်လှူဒါန်းသည့် အင်းဝအုတ် ကျောင်းကြီး၌ သီတင်းသုံးရန် ညောင်ကန်ဆရာတော်ဦးဗုဓ်အား မယ်နုကိုယ်တိုင် ပင့်ဆောင်ခဲ့ပြီး ဆရာရင်း ဒကာရင်းများ ဖြစ်ခဲ့ကြ၏။ မယ်နုအား ပုန်ကန်ရန်ကြံစည်မှုဖြင့် တောင်သမန်အင်း၌ ရေချလုပ်ကြံခြင်းမပြုမီ ဆရာတော် ဦး ဗုဓ်အား သူမ လှူဒါန်းထားခဲ့သော အုတ်ကျောင်းကြီး၌ ဝင်ရောက်ဝတ်ပြုပြီး ‘‘ဆရာတော်ဘုရား တပည့်တော် အဆုံးစီရင်ခြင်း ခံရပါတော့မည်ဘုရား၊ ဤနေ့ကား ဆရာတော်ဘုရားကို နောက်ဆုံး ဖူးမြော်ကန်တော့ခြင်းဖြစ်ကြောင်း ပါဘုရား’’ဟု ကြေကွဲဝမ်းနည်းစွာ လျှောက်ထားပြီး ကန်တော့လေ၏။ ထိုအခါ ဆရာတော်ဦးဗုဓ်က ‘‘မယ်နုသူ့ကြွေးရှိလျှင် ဆပ်ရလိမ့်မည်’’ဟုသာ အမိန့်တော်ရှိခဲ့လေ၏။ ‘‘ဒါယိကာမကြီး ဘယ်လိုဖြစ်တာလဲ၊ ဘာကြောင့် ဖြစ်ရတာပါလဲ’’ စသည်ဖြင့် ရိုးမယ်ဖွဲ့မစူးစမ်း၊ သိရန်လည်း မလိုဟူသော ဆရာတော် ဦးဗုဓ်၏ စိတ်ဓာတ်သည် နိုင်ငံရေးနှင့် ကင်းရှင်းစွာနေလိုသည်မှာ အလွန်ထင်ရှားလှ၏။ မယ်နုကလည်း ‘‘အလွန်စကားနည်းသော ဆရာတော်သည် ငါ့နာမည်ကို မခေါ်စဖူးခေါ်သည်၊ သူ့ကြွေးရှိလျှင်ဆပ်ဟု ငါ့ကိုပြောသည်၊ တော်ပြီ ငါသေလမ်းဖြောင့်ပြီ၊ ဆရာတော်က ငါ့ကို သေစရိတ်ပေးလိုက်ပြီ’’ဟု ဝမ်းသာအားရဖြင့် အာဏာသားတို့ခေါ်ရာသို့ ရဲရဲဝံ့ဝံ့လိုက်ပါသွားကြောင်း လေ့လာမှတ်သားခဲ့ရပေသည်။

 ဒုတိယအကြောင်းပြချက် ဖြစ်သော သာသနာသည် နိုင်ငံအုပ်ချုပ်သူတို့၏ စွမ်းရည်နှင့်ဆက်စပ်နေ၏။ ၎င်းတို့ အုပ်ချုပ်မှုညံ့လျှင် သာသနာတော် မှေးမှိန်လာလေ့ရှိ၏။ မှေးမှိန်လာလျှင် သံဃာတို့ လက်ပိုက်ကြည်နေ၍မရဟူသော အဆိုမှာ များစွာအငြင်းပွားဖွယ်ရှိ ၏။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုး ရေးကို ဆောင်ရွက်ရာတွင် အုပ်ချုပ်သူတို့သာလျှင်မဟုတ်၊ ဝန်ထမ်းများ၊ စစ်သည်များ၊ နိုင်ငံရေး သမားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ လယ် သမားများနှင့် အလုပ်သမားများ စသည့် တိုင်းရင်းသားအားလုံးတွင်လည်း တာဝန်ရှိပေသည်။ ကိုယ့်တာဝန်ကိုယ် ကျေပွန်ရန် အထူးလိုအပ်၏။ သံဃာတော်တို့သည် ပြည်သူတို့ ကိုယ်ကျင့်တရား ကောင်း မွန်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တရားတော် နှင့်အညီ သွန်သင်ဆုံးမရန် လိုအပ်၏။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံတွင် တာဝန်ကိုယ်စီရှိသည့်အနက် ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ သူ့အလုပ်ကိုယ်ဝင်ရှုပ်၊ ကိုယ့်အလုပ် သူဝင်လုပ်နေခြင်းသည် အုပ်ချုပ်မှုယန္တရားကို ညံ့ဖျင်းစေပေသည်။

သာသနာနှင့်ပတ်သက်၍ သံဃာတော်များအား ဘုရားပေးတာ ဝာန်နှစ်ရပ်ဖြစ်သည့် ဂန္တဓူရနှင့်ဝိပ နာဓူရဟူသော ဓူရနှစ်ပါးရှိကြောင်း ဆရာတော်ကြီးများက မိန့်ကြားလေ့ရှိ၏။ ဂန္တဓူရဟူသည် ပရိယတ္တိစာပေ လေ့လာသင်ကြား ခြင်းဖြစ်ပြီး ဝိပဿနာဓူရဟူသည် ဝိပဿနာတရားကို ကျင့်ကြံပွားများခြင်း ဖြစ်ပေသည်။ သံဃာတော်တို့သည် ၎င်းတာဝန်နှစ်ပါး ကျေပွန်သည်နှင့်အမျှ သာသနာသည် ထွန်းပ၍ တာဝန်လစ်ဟင်းလျှင် သာသနာတော်မှေးမှိန် ခဲ့ရကြောင်း ဗုဒ္ဓသာသနာသမိုင်းတွင် လက်တွေ့လေ့လာသိရှိနိုင် ၏။

ဗုဒ္ဓသာသနာသည် တစ်ချိန်က ကမ္ဘာ့လူဦးရေငါးပုံပုံလျှင် လေးပုံခန့်၏ ကိုးကွယ်ခြင်းခံခဲ့ရ၏။ အ နောက်ဘက်ပါကစ္စတန်ပြည်၊ အာဖဂန်နစ္စတန်ပြည်၊ ခိုတန်ဟုခေါ် သော တာကစ္စတန်ပြည်နှင့် ယောနကတိုင်းဟုခေါ်သော တူရကီနှင့် ဂရိအထိ ပျံ့နှံ့ခဲ့ကြောင်း သိရှိရ၏။ ဂင်္ဂါမြစ်မှ ဗော်လဂါမြစ်အထိ သာသနာထွန်းကားခဲ့၏။ မြောက် ဘက်တွင် ဆစ်ကင်းပြည်၊ ဘူတန် ပြည်၊ တိဗက်၊ မွန်ဂို၊ ဆိုဗီယက် ရုရှားနှင့် ဆိုက်ဗေးရီးယားအထိ ရောက်ရှိခဲ့၏။ အရှေ့ဘက်တွင် အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ကိုရီးယားနှင့် ဂျပန်သို့ ထွန်းကားခဲ့ပြန်၏။ ထိုခေတ်ကာလ ကမ္ဘာမြေကြီး၏ ၇၅ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဖြစ်သည်ဟု ဆိုနိုင်၏။ အိန္ဒိယနိုင်ငံ တွင် အောင်မြင်မှုအရှိဆုံးသော သာသနာလည်း ဖြစ်ပေသည်။

အိန္ဒိယနိုင်ငံတွင် သာသနာ တော်သည် အေဒီ (၇) ရာစုမှစ၍ တဖြည်းဖြည်း မှေးမှိန်လာခဲ့၏။ ရဟန်းတော်တို့သည် အဓိကတာဝန်ကို မဆောင်ရွက်ကြဘဲ သိဒ္ဓိရှင်ဘဝ၊ စေတလုံးပိုင်ရှင်ဘဝ၊ ဝိဇ္ဇာဘဝ၊ ထွက်ရပ်ပေါက်ဆရာဘဝ စသော စိတ်ကူးယဉ်ဘဝမျိုးကို မျှော်လင့်လုပ်ကိုင်လာကြ၏။ ဗုဒ္ဓ ဘာသာအတွင်း ဟိန္ဒူအယူအဆများ စိမ့်ဝင်ပျံ့နှံ့လာခဲ့၏။ ရဟန်းတို့က လယ်ထွန်အခါပေး၊ အိမ်aထာင်ရေးအခါပေး၊ အိမ်ဆောက်အခါပေးနှင့် မန္တာန်များ၊ ဂါထာများဖြင့် ရောဂါပျောက်ကင်းရေး စသည့် တန္တရဂိုဏ်းလုပ်ငန်းများ လုပ်ကိုင်လာ၏။ ဗုဒ္ဓတန္တရဂိုဏ်းဟု သီးခြားထူထောင်ကြ၏။ သံဃာဂိုဏ်းကွဲများလည်း အမြောက်အjမား ပေါ်ပေါက်လာ၏။ ထေရ်ကြီး ဝါကြီးတို့၏ အဆုံးအများကို ပစ် ပယ်လာ၏။

ဗောဓိသတ္တနတ်များ ထပ်မံဖန်ဆင်းခြင်းဖြင့် ဟိန္ဒူနှင့်ကွဲပြား သည့် ဗုဒ္ဓဘာသာ၏ ပင်ကိုလက္ခဏာများ ပျောက်ကွယ်ကုန်၏။ ရဟန်းသံဃာတော်များကို စည်းရုံးသိမ်းသွင်းနိုင်သော သြဇာရှိ ထေကြီးဝါကြီးများ ကင်းမဲ့လာသောအ ခါ၌ ဟိန္ဒူတို့၏ အဟောအပြော ကောင်းသော ဘာသာရေးခေါင်း ဆောင်များကို ကောင်းစွာ ပေါ် ပေါက်လာ၏။ နောက်ဆုံး (၁၁) ရာစုတွင် တူရကီတို့ ဝင်တိုက်aသာအခါ ကောသလတိုင်းနှင့် မဂဓတိုင်းတို့ ဦးစွာကျဆုံးခဲ့၏။ ဝင်္ဂတိုင်း (ဘင်္ဂလားပြည်နယ်) ၌ ပါလမင်းက စစ်သည် ၂၀,၀၀၀ ကျော်ရှိသော်လည်း စစ်ရေးမပြင်ဆင်ဘဲ သံဃာများကို အားကိုးခဲ့ ပြီး သံဃာတော်များကလည်း လောကီအကျင့် လောကီစည်းစိမ်များခံစား၍ ရန်သူကို တန်ခိုးနှင့် တိုက်မည်ဟု ဝင့်ကြွားနေသည့်အကြောင်း တူရကီစစ်ဗိုလ်က သိရှိ ပြီး အင်အား ၂၀၀ ခန့်မျှဖြင့် ဘုရင်နှင့် သံဃာများကိုပါ သုတ်သင် နိုင်ခဲ့ကြောင်း သိရှိရ၏။

နောက်ဆုံးတွင် ဗုဒ္ဓဘာသာ ဂန္တဓူရ၏ ရေသောက်မြစ်ဖြစ်သော နာလန္ဒတက္ကသိုလ် စာကြည့်တိုက်ကြီး အပါအဝင် ကျောင်းတော်ကြီးအား မီးတင်ရှို့ပြီးသောအခါ အိန္ဒိယ၌ ဗုဒ္ဓဘာသာအကြွင်းမဲ့ ကွယ်ခဲ့ လေတော့၏။ လွန်စွာသံဝေဂယူ ဖွယ်ကောင်းလှ၏။ အိန္ဒိယ၌ သာသနာမှေးမှိန်ခြင်းသည် အုပ်ချုပ်သူတို့၏ စွမ်းရည်ညံ့ဖျင်းမှုထက် ရဟန်းသံဃာတို့ ရာစုပေါင်းများစွာ သာသနာ့တာဝန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်ရသည်ဟူသော အချက်မှာ ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။

မြန်မာနိုင်ငံတွင် သံဃာတော်အပေါင်းသည် ဓူရနှစ်ပါးကို ကျေ ပွန်စွာ ထမ်းဆောင်ရန် သာသနာတော်ကြီး အဓွန့်ရှည်စွာ တည်တံ့ရေးအတွက် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်နိုင်ကြပါစေ၊ ထေရ်ကြီးဝါကြီးများ၏ အဆုံးအမ၌တည်သော သံဃာတော်များ ဖြစ်ကြပါစေ၊ ပြည် သူတို့၏ ကိုယ့်ကျင့်သီလ ဖွံ့ဖြိုးရေးနှင့် စိတ်ဓာတ်ဖွံ့ဖြိုးရေးအတွက် ဆုံးမသြဝါဒများ ပေးနိုင်ကြ ပါစေဟု ဆုမွန်တောင်းရင်း ဦးချ ကန်တော့ပန်းဆင်၍ နိဂုံးချုပ်အပ်ပါသည်။

ကိုးကား

- ရေစကြို အရှင်ဧသိတ ‘ထေရ ဝါဒ ဗုဒ္ဓဘာသာ’

- စတုဘုမ္မိက အရှင်ဂုဏာသေဋ္ဌ ‘သံဃာနှင့် နိုင်ငံရေး’

- ညိုမြ ‘ကုန်းဘောင်ရှာပုံတော်’

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။)

Top News