Galaxy Star သီချင်းဆိုပြိုင်ပွဲ၏ မိုဘိုင်းဖုန်း SMS Voting အရေအတွက် ထုတ်ပြန်ကြေညာမည်

ဓာတ်ပုံ − Galaxy Star Myanmar

 မိုဘိုင်းဖုန်းမှတစ်ဆင့် Galaxy Star အဆိုပြိုင်ပွဲဝင်များအား ပေးအပ်သည့် SMS Vote အရေအတွက်ကို တစ်ဦးချင်းစီထုတ်ပြန်မည်ဟု အူရီးဒူးပြန်ကြားရေးတာဝန်ခံ မချောစုက ပြောသည်။

မိုဘိုင်းဖုန်းများမှတစ်ဆင့် ပြိုင်ပွဲဝင်အဆိုတော်များကို SMS ဖြင့် Vote ကြသော်လည်း အဆိုတော်တစ်ဦးချင်းစီရရှိသည့် Vote အရေအတွက်ကို Myanmar Idol အပါအဝင် အဆိုပြိုင်ပွဲများတွင် ထုတ်ပြန်ကြေညာခြင်းမရှိ၍ ပရိသတ်အချို့က ဝေဖန်သည်။


‘‘အားလုံးပွင့်ပွင့်လင်းလင်းထုတ်ပြန်သွားမယ်’’ဟု မချောစု က ပြောသည်။

အဆိုပါပြိုင်ပွဲများ၌ မိုဘိုင်းဖုန်းဖြင့် SMS Vote ပေးပို့ခြင်းအရေအတွက်ကို ပထမဦးဆုံး ထုတ်ပြန်ခြင်းဖြစ်ပြီး ရရှိလာသည့်အကျိုးအမြတ်ကို လူမှုအကျိုးပြုလုပ်ငန်းတွင် ပြန်လည်အသုံးပြုမည်ဟု အူရီးဒူးက ထုတ်ပြန်ထားသည်။

မိုဘိုင်းဖုန်း SMS Vote နှင့် ပတ်သက်၍ တယ်လီနောသည် X Factor Myanmar ပြိုင်ပွဲနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက Myanmar Idol ပြိုင်ပွဲနှင့် ပူးပေါင်းသည်။ SMS Vote သည် အော်ပရေ တာအတွက် အကျိုးအမြတ်များပြားသည့် ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး နောက်ဆုံးကျင်းပခဲ့သည့် Myanmar Idol တွင် Voteပြုလုပ်ရန် SMS ဆာဗာချွတ်ယွင်းသည်အထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းအသုံးပြုသူများ ကြုံတွေ့ခဲ့ရသည်။

Galaxy Star ပြိုင်ပွဲအတွက် Vote များကို ဩဂုတ် ၁၁ ရက်က စတင်၍ SMS ပေးပို့နိုင်ပြီး SMS တစ်စောင်လျှင် ၁၅ ကျပ် သတ်မှတ်ထားကြောင်း အူရီးဒူးက ကြေညာထားသည်။ SMS ကို အကန့်သတ်မရှိ ပေးပို့နိုင်သည်။