တာချီလိတ်၌ စိတ်ကြွဆေးပြား သန်း ၂၀ အပါအ၀င် မူးယစ်ဆေးဝါးနှင့် လက်နက်များဖမ်းမိ

ယခုနှစ်အတွင်း အများဆုံးပမာဏဖြစ်ပြီး ကျပ်ဘီလီယံ ၃၀ ကျော်တန်ဖိုးရှိ
ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ် (ဓာတ်ပုံ − Lashio Media)

တာချီလိတ်မြို့၌ စိတ်ကြွဆေးပြားသန်း ၂၀ ခန့်နှင့် မူးယစ်ဆေးဝါးမျိုးစုံအပြင် လက် နက်ခဲယမ်းအချို့ကို ဖမ်းမိခဲ့ပြီး ၂၀၁၇ အတွင်း ပမာဏအများဆုံး မူးယစ်ဆေးဝါးဖမ်းဆီးနိုင်မှုဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောသည်။


တာချီလိတ်မြို့နယ် မိုင်းဟဲ ကျေးရွာအုပ်စု ကျစီးကျေးရွာရှိ နေအိမ်အချို့ တပ်မတော်နှင့် ရဲ တပ်ဖွဲ့ပူးပေါင်းအဖွဲ့က ဩဂုတ် ၈ ရက်နံနက်က ၀င်ရောက်ရှာဖွေ စဉ် နေအိမ်လေးလုံးအတွင်းမှ မူးယစ်ဆေးပမာဏ အမြောက်အ မြား ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးနေသည်။

‘‘၂၀၁၇ ထဲမှာ အများဆုံးပဲ။ အရေအတွက်ကိုတောင်မှ အခု အတည်မပြုနိုင်သေးဘူး။ ရေ တွက်နေတုန်း’’ ဟု မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ကြီးတစ်ဦးက ဩဂုတ် ၉ ရက် တွင် ပြောသည်။

လတ်တလောရရှိထားသော စာရင်းများအရ WY စိတ်ကြွဆေး ပြား သန်း ၂၀ ခန့်၊ Ecstasy စိတ် ကြွဆေးပြားခြောက်သိန်းကျော်၊ ကဖင်း၊ ဘိန်းစိမ်းနှင့် ဘိန်းဖြူများ ဖမ်းမိခဲ့ပြီး သေနတ်သုံးလက်နှင့် ရွှေထည်ပစ္စည်းအချို့ကိုပါ ရဲတပ် ဖွဲ့က သိမ်းဆည်းထားသည်။ ဖမ်း ဆီးထားသော မူးယစ်ဆေးဝါး စုစုပေါင်းတန်ကြေးကို ရဲတပ်ဖွဲ့ က မထုတ်ပြန်သေးပေ။ အရေအ တွက် ခြောက်သိန်းကျော်ဖမ်းမိခဲ့ သော Ecstasy ဆေးပြားသည် တစ်ပြားလျှင် မြန်မာငွေငါးသောင်း ကျပ်ခန့် တန်ကြေးရှိကြောင်း ရဲ တပ်ဖွဲ့အသိုင်းအ၀ိုင်းက ဆို သည်။ အဆိုပါနှုန်းအတိုင်း တွက် ချက်ပါက Ecstasy တစ်မျိုးတည်း ပင်ကျပ်ဘီလီယံ ၃၀ တန်ဖိုးရှိ သည်။ ယခုဖမ်းမိသော အမျိုး သားသုံးဦးသည် မူးယစ်ဆေးဝါး များ၏ ပိုင်ရှင်ဟုတ်၊ မဟုတ် ရဲ တပ်ဖွဲ့က အတည်မပြုသေးပေ။

ထိုင်း၊ လာအိုနိုင်ငံတို့နှင့် ထိစပ်နေပြီး တာချီလိတ်မြို့နယ် ပါဝင်သော ရွှေတြိဂံဒေသသည် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး သော အန္တရာယ်ဇုန်အဖြစ် ကမ္ဘာ တွင် နာမည်ကျော်သည်။