အစိုးရဖြုတ်ချရေး သပိတ်မှ ဖမ်းဆီးခံရသူများ ရုံးထုတ်သို့ ဝန်းရံသူတစ်ရာခန့်လာရောက်

လူစုံ၍ ပြဿနာဖြစ်လျှင် တရားစီရင်ရေးကို ထိခိုက်နိုင်ကြောင်း တရားသူကြီးပြော
အစိုးရဆန့်ကျင်သပိတ်ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် လူဝတ်လဲထားသော သံဃာခြောက်ပါးကို ယမန်နေ့က ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ဖြိုးဖြိုးဇော်)

အစိုးရဖြုတ်ချပေးရေး သပိတ်စခန်းမှ ဖမ်းဆီးထားသည့် လူဝတ်လဲထားသော သံဃာ ခြောက်ပါးနှင့် ဦးကျော်မျိုးရွှေတို့ ကို ချမ်းမြသာစည်မြို့နယ် တရား ရုံးတွင် သြဂုတ် ၉ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်ရာ သံဃာတော် အချို့အပါအဝင် လူတစ်ရာခန့် က လာရောက်ဝန်းရံခဲ့ကြသည်။

‘‘အာမခံပေးလို့မရတဲ့ပုဒ်မနဲ့ စွပ်စွဲထားတဲ့အတွက် အာမခံပေး လို့မရပါဘူး။ ကျွန်မတို့က ချုပ်မိန့် ပေးတာပါ။ ဒီလို လူအများအပြား တရားရုံးထဲလာတာဟာ ကျွန်မ တို့အနေနဲ့ လုပ်ငန်းခွင်မှာ အ နှောင့်အယှက်ဖြစ်ပါတယ်။ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဘာမှမဖြစ် ဘူးဆိုရင်တော့ ပြည်သူကို လက် ခံပါတယ်။ ဒါပေမဲ့ လူစုံဆိုတော့ ပြဿနာဖြစ်လာရင် တရားစီရင် ရေးကို ထိခိုက်နိုင်ပါတယ်’’ဟု ချမ်းမြသာစည်မြို့နယ် တရားသူ ကြီး ဒေါ်မြတ်မြတ်လွင်က ပြော ကြားသည်။

ယမန်နေ့ရုံးချိန်တွင် နိုင်ငံ တော် အကြည်ညိုပျက်စေမှု ပုဒ်မ ဖြစ်သော ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံ ထားရသူများကို ဥပဒေနှင့်အညီ စစ်ဆေးခံပြီး အမှုကို မြန်မြန် စစ်ဆေးပေးရန် တောင်းဆိုခဲ့ ကြောင်း မြို့နယ်တရားသူကြီး ဒေါ်မြတ်မြတ်လွင်က ပြောသည်။

 ‘‘ဒီမိုကရေစီစနစ်ဆိုတာ အများစုရဲ့ ဆန္ဒကို ဦးစားပေး ဆောင်ရွက်ရသလို လူနည်းစုကို လည်း ပစ်ထားလို့မရဘူး။ အခု ဟာက ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်တဲ့ သပိတ်ပွဲကို အကြမ်း ဖက်ပုံကိုကြည့်ရင် အာဏာရှင် ဆန်တယ်လို့ပဲ ပြောချင်တယ်’’ဟု ဖမ်းဆီးခံ သံဃာတော်တစ်ပါးက ပြောသည်။

မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် သာသနာ ၂၅၀၀ ဗိမာန် ရှေ့တွင် အစိုးရဖြုတ်ချပေးရေး သံဃာတော်များနှင့် အမျိုးသား ရေးလှုပ်ရှားသူများက တောင်းဆို သပိတ်စခန်းဖွင့်လှစ်ပြီး ပါဝင်ခဲ့ သူများကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားသည်။

ရာဇဝတ်ကျင့်ထုံး ဥပဒေ နောက်ဆက်တွဲဇယား (၂)အရ အာမခံမပေးနိုင်သော ပြစ်မှုဖြစ် သည့်အတွက် ဝရမ်းထုတ်ပြီး တရားလိုလုပ်စွဲထားသည့် သံဃာ ရှစ်ပါးတွင် ခြောက်ပါးကို ရုံးရှေ့ တင်ပို့ထားပြီး လူပုဂ္ဂိုလ်ငါးဦးတွင် တစ်ဦးကိုသာ ရုံးရှေ့တင်ပို့နိုင် ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံးသတင်းပြန်ကြားရေးအ ရာရှိ ဦးဇင်လင်းသန့်က ပြော သည်။ ‘‘ရဲကလည်း ဖမ်းဝရမ်း ဆက်လက် အတည်ပြုပေးရက် ချိန်းတိုးတောင်းတဲ့အတွက် ထပ် တိုးပေးထားပါတယ်’’ဟု ဦးဇင် လင်းသန့်က ဆက်လက်ပြော ကြားသည်။

သပိတ်စခန်းတွင် ပါဝင်ခဲ့ သည့် သံဃာရှစ်ပါးကို ခရိုင်သာ သနာရေးဦးစီးမှူးက တရားလို လုပ်ပြီး တရားရုံးဦးတိုက်လျှောက် ထားခဲ့ပြီး ဦးမြင့်ဦးအပါအဝင် ငါးဦးကို ခရိုင်အထွေထွေအုပ်ချုပ် ရေးမှူးက တရားလိုလုပ် စွဲဆိုခြင်း ဖြစ်သည်။

ဝရမ်းထုတ်ခံရသော သံဃာ ရှစ်ပါးအနက် ဖမ်းဆီးခံရသော ခြောက်ပါးသည် ဦးအဂ္ဂဓဇ((၃၅)နှစ် ၁၄ ဝါ မိတ္ထီလာမြို့နယ် မဘသအတွင်းရေးမှူး အောင် သာကျောင်း ဝန်ဇင်းရပ် မိတ္ထီလာ မြို့)၊ မျိုးချစ်မြန်မာရဟန်းတော် များ သမဂ္ဂအဖွဲ့ဝင် ဆရာတော် သုံးပါးဖြစ်သော ဦးဝိဝေကာနန္ဒ ((၂၉) နှစ်၊ ၁၀ ဝါ ချမ်းသာကြီး ချမ်းရကျောင်း တံခွန်တိုင်ရပ် ပြည်ကြီးတံခွန်မြို့နယ် မန္တလေး မြို့)၊ ဦးဣန္ဒက ((၂၆) နှစ် ငါးဝါ ဓမ္မသုခကျောင်း နှမ်းကြဲကျေးရွာပုသိမ်ကြီးမြို့နယ် မန္တလေးမြို့)နှင့် ဦးအရိယာဝံသ ((၃၀)နှစ်၊ ၁၀ ဝါ ငါးဆူကျောင်းတိုက် ပလိုင်းရပ် ချမ်းအေးသာစံမြို့နယ် မန္တလေး မြို့)နှင့် ဦးပဏ္ဍိတ ((၄၈) နှစ်၊ ၂၈ ဝါ (မည်သည့်အဖွဲ့ဝင်မှမဟုတ်) ကြံ ခင်းဝန်ကျောင်း ညောင်ဦးမြို့ နယ်)၊ ဦးအာစာရ ((၂၂)နှစ်၊ နှစ် ဝါ ဓမ္မသုခကျောင်း နှမ်းကြဲကျေး ရွာ ပုသိမ်ကြီးမြို့နယ်) တို့ဖြစ် သည်။ ဖမ်းဆီးမခံရသေးသည့် သံဃာနှစ်ပါးသည် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှဖြစ်ပြီး ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး) ((၄၅)နှစ်၊ ၁၆ ဝါ ဓမ္မသုခကျောင်း နှမ်းကြဲကျေးရွာ ပုသိမ်ကြီးမြို့ နယ် မန္တလေးမြို့)နှင့် ဦးစန္ဒာသီရိ ((၄၁)နှစ်၊ ၂၀ ဝါ ဓမ္မသုခကျောင်း နှမ်းကြဲကျေးရွာ ပုသိမ်ကြီးမြို့နယ် မန္တလေးမြို့)တို့ဖြစ်ကြောင်း တိုင်း ဒေသကြီးရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ဝရမ်းထုတ်ထား သည့် လူပုဂ္ဂိုလ်ငါးဦးအနက် ဦးကျော်မျိုးရွှေတစ်ဦးကိုသာ ဖမ်း မိထားပြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်၌ နေထိုင်သည့် ဦးမြင့်ဦးနှင့် ဦးခင်မောင်ကြည်၊ မဟာအောင်မြေမြို့နယ်တွင် နေ ထိုင်သည့် ဒေါ်ချောစုဝင်းနှင့် ဦးတင်ဇော်ကိုတို့ကို ဖမ်းဆီးရမိ ခြင်းမရှိသေးပေ။ ထို့ကြောင့် ဝရမ်းထုတ်ထားသည့် ရက်ကို သြဂုတ် ၂၃ ရက်အထိ ပြန်လည် ချိန်းဆိုထားကြောင်း တရားရုံး သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

အစိုးရဆန့်ကျင်ရေးသပိတ် တွင် ပါဝင်ခဲ့ပြီး Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)ဖြင့် ပထမအကြိမ် ရုံးထုတ်စစ်ဆေးသည့် ရုံးချိန်း၌ တရားလိုအဖြစ် လာရောက်သည့် ဦးကျော်မျိုးရွှေကိုလည်း သြဂုတ် ၇ ရက်တွင် ဖမ်းဝရမ်းဖြင့် ဖမ်းဆီး ခဲ့သည်။

လက်ရှိ အစိုးရလက်ထက်၌ သံဃာတော်အချို့ကို တရားစွဲဆို ခြင်းသည် ပထမဆုံးအကြိမ်ဖြစ် သည်။ ရန်ကုန်မြို့တွင် ပြီးခဲ့သည့် မေလ ၁၁ ရက်ညက မင်္ဂလာ တောင်ညွန့် ပဋိပက္ခဖြစ်စဉ်၌ ပါ ဝင်ခဲ့သူများထဲမှ သံဃာနှစ်ပါးကို ဖမ်းဝရမ်း ထုတ်ထားကာ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြ သူများထဲမှ သံဃာသုံးပါးကို ဖမ်း ဝရမ်းထုတ်ထားသော်လည်း ဒီချုပ် အစိုးရက လက်တွေ့ဖမ်းဆီးအရေး ယူခြင်းမရှိခဲ့ပေ။ ထို့ကြောင့် မန္တ လေး သပိတ်မှ သံဃာခြောက်ပါး သည် လက်ရှိအစိုးရလက်ထက် တွင်ပထမဆုံး ဖမ်းဆီးခံရသော သံဃာများဖြစ်သည်။

မန္တလေးသပိတ်စခန်းအနေ ဖြင့် ‘တိုင်းရင်းသားအရေးလျစ်လျူ ရှု၍ ကုလားအရေး ဦးစားပေး သည့် အစိုးရအလိုမရှိ၊ အမျိုးဘာ သာ သာသနာကို နှိမ့်ချသည့် အစိုးရအလိုမရှိ၊ အာဏာယူပြီး တိုင်းပြည်အကျိုး မကာကွယ်နိုင် သည့် အစိုးရအလိုမရှိ၊ စီမံခန့်ခွဲမှု မကျွမ်းကျင်သူများအား နေရာ ပေးသည့် အစိုးရအလိုမရှိ၊ တိုင်း ပြည်အကျိုးစီးပွား ဖျက်ဆီးနေ သော အစိုးရအလိုမရှိ၊ ဘင်္ဂါလီ ကို ဘင်္ဂါလီဟု မခေါ်ရဲသည့် အစိုးရဖြုတ်ချရေး၊ အာဏာရှင် အစိုးရနုတ်ထွက်ပေးရေး’စသည့် ကြွေးကြော်သံများဖြင့် သပိတ် စခန်းဖွင့် တောင်းဆိုခဲ့သည်။

Top News