ဝါခေါင်မိုးနဲ့အတူ အားလုံးကို ကျော်ဖြတ်နှုတ်ဆက်သွားတဲ့ တေးမြုံငှက်

အသက်(၆၁)နှစ်အရွယ်တွင် ကွယ်လွန်သွားသော အဆိုတော်ခိုင်ထူး၏ ရုပ်အလောင်းကို ပါရမီဆေးရုံမှ ယမန်နေ့က သယ်ယူနေစဉ် (ဓာတ်ပုံ − ဟိန်းသာ)

မိုးကောင်းကင် ငွေတိမ်ပွင့်တွေကြား × × × တေးဆိုမပျော်ပါးနိုင်အား × × × ပါ × × × ကမ္ဘာထောင့်ကြားနေရာလေးမှာ × × × လောကကို ငေးမောကြည့်နေသလို အာခံတွင်းထဲ ငုံကာထားတဲ့ တေးတစ်ပုဒ်တော့ ရှိမယ်ထင်ရဲ့ × × ×

(တေးမြုံငှက်သီချင်းမှ-)

ပါရမီဆေးရုံ အရေးပေါ် ဆောင်၏ အဝင်ဝတွင် လူအများ စုရုံးနေကြ၏။ အနုပညာရှင်များ၊ တေးရေး၊ တေးဆိုများနှင့် နိုင်ငံ ကျော်ပုဂ္ဂိုလ်များ ပါဝင်ပြီး အား လုံး၏ မျက်နှာတွင် ဝမ်းနည်းစိတ် ကိုယ်စီကို အထင်းသားတွေ့ရ၏။ မျက်ရည်ကျသူများ၊ ပူဆွေးသူ များ အတန်တန်ဆုတောင်းနေ သည့်ကြားမှပင် သြဂုတ်လသည် ဂီတကြယ်တစ်ပွင့်ကို လောကကြီးထဲမှ ရက်စက်စွာ ဆွဲထုတ်သွားခဲ့ ပြီ။


‘‘ဦးခိုင်ထူး ၃ နာရီ ၂၄ မိနစ် (သြဂုတ် ၉ ရက် ညနေ)မှာပဲ ကွယ်လွန်သွားပါပြီ’’ဟု ၎င်း၏မိသားစုဝင်တစ်ဦးက အရေးပေါ်ခန်းမှ ခေတ္တထွက်လာပြီး အခန်းအဝ တွင် စောင့်နေသူများကို လိုက်လံအသိပေးသည်။ မျှော်လင့်တကြီး စောင့်ဆိုင်းနေသော လူအုပ်ဆီမှ ဆူဆူညံညံ အာမေဍိတ်အသံ အချို့ ခေတ္တထွက်ပေါ်လာပြီး နောက် ပြန်လည်သက်ငြိမ်သွား ပြန်သည်။

စစ်ကိုင်းလမ်း၊ အဉ္ဇလီ၊ တေးမြုံငှက်တို့ကို အသက်သွင်းခဲ့သူ၊ သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်၊ ရွှေလည်တိုင်၊ ဘယ်သူမှ မကောင်းဘူး စသည့် သီချင်းပေါင်းမြောက်မြားစွာကို ပရိသတ်၏ နှုတ်ဖျားတင်မက နှလုံးသားအတွင်းထိ ရောက်စေခဲ့သူ ဖိုးလေး (ခေါ်) အဆိုတော်ခိုင်ထူးသည် ပန်ကရိယကင်ဆာဖြင့် သြဂုတ် ၉ ရက်ညနေတွင် ကွယ်လွန်ခဲ့သည်။

အရပ်ခပ်ပြတ်ပြတ်၊ သီချင်း ဆိုချိန်အများစုတွင် ဂစ်တာလွယ် ထားလေ့ရှိသူ၊ သွားများကိုစေ့၍ အံကိုကြိတ်ကာ လည်ပင်းကြော များ ထောင်လာသည်အထိ သီဆို တတ်သူ။ တိုတိုပြတ်ပြတ်အသံ ဖြင့် အမြင့်ကီးများကို အံခဲအော် ဆိုတတ်သည့် သူ့ဟန်ပန်နှင့် ခွန် အားရှိသော အသံက ပရိသတ် ကြား ထူးထူးခြားခြား ဖြစ်ခဲ့ရ သည်။ တစ်ခေတ်တစ်ခါက ၁၉၈၀ နောက်ပိုင်းနှစ်များကို ခိုင်ထူး အင်ပါယာဟု ခေါ်ဝေါ်ရ လောက်အောင်ပင် သူ့ကို ပရိ သတ်က ချစ်ခဲ့သည်။ သူက လည်း ပရိသတ်ကို ချစ်ခဲ့ပါသည်။

× × × ဝါဆိုပန်း × × × မင်းလွင်ပုန်းညက်နွမ်းရက်လွန် × × × ကြွေပြီမို့ × × × သိဟ်ရာသီ × × × ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ × × ×

ခိုင်ထူးသီဆိုသော  ‘ခတ္တာ’ သီချင်းစာသားအချို့ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင် ခိုင်ထူး ၏ နောက်ဆုံးနေ့တွင် ဝါခေါင်မိုး က တဖွဲဖွဲကျ၍နေသည်။ စာသားတစ်ပုဒ်လုံး နုရွနေသည့် ခတ္တာ သီချင်းကို တေးရေးကိုနေဝင်းက ရေးစပ်ပေးခဲ့ပြီး ခိုင်ထူး၏  အပေါက်ဆုံးသီချင်းများထဲမှ တစ်ပုဒ်ဖြစ်၏။ ဝါခေါင်မိုးနှင့်အတူ သူချစ်သည့် ဂီတနှင့် ပရိသတ်များထံမှ ခိုင်ထူး ထွက်သွားခဲ့ပြီဖြစ် သည်။

အံ့အားသင့်ဖွယ် တိုက်ဆိုင် မှုသည် ခိုင်ထူးကွယ်လွန်သည့် ယနေ့ သြဂုတ် ၉ ရက်နေ့ လွန်ခဲ့သည့် သုံးနှစ် ၂၀၁၄ သြဂုတ် ၉ ရက်တွင် ခိုင်ထူးတစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည်။

သီချင်းဆယ်ပုဒ်ကျော် ဖျော် ဖြေခဲ့ပြီး ပရိသတ်အဆစ်တောင်း ၍ ‘အခါမတိုင်တဲ့မိုး’နှင့်‘ကြွေမယ့် မိုး မသည်းနဲ့’၊ မိုး သီချင်းနှစ်ပုဒ်ကိုပင် ဖျော်ဖြေခဲ့သေးသည်။

ခိုင်ထူးသည် ကွယ်လွန်ချိန်တွင် အသက်(၆၁)နှစ်ရှိပြီဖြစ်ကာ ဗဟန်းမြို့နယ် ကုက္ကိုင်းရပ်ကွက် ဥယျာဉ် (၂)လမ်းတွင် မိသားစုနှင့်နေထိုင်ခဲ့သည်။ အသက် (၆၁)နှစ် ဂီတဖြတ်သန်းမှု နှစ်လေးဆယ်ကျော်အတွင်း ခိုင်ထူးသည် အနိမ့်အမြင့်၊ အတက်အကျ မျိုး စုံကြုံခဲ့ရသလို ဘ၀မျိုးစုံကိုလည်း ဖြတ်သန်းခဲ့ရသည်။ အပေါင်း အသင်းများ၊ သူငယ်ချင်းများက တော့ ၎င်းကို ပေပေတေတေနေတတ်သူ၊ လူငယ်ဆန်သူအဖြစ် သတ်မှတ်ကြသည်။ သူ၏ နာမည်အကြီးဆုံးသီချင်း ‘စစ်ကိုင်းလမ်း’ ကို နားဆင်လျှင် ခိုင်ထူး၏ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀ အငွေ့အသက်ကို လှမ်း၍ မြင်နိုင်သည်။

တိုးထွက်မယ့် မနက်နေ ရောင် ဖြာထွန်းရင် × × × စစ်ကိုင်း လမ်းက စောင့်နေမယ်သူမှာလို့ ချိန်းထားတဲ့သဲမြေပြင် ဟိုအရိပ်ဆီ × × × မျှော်သူကိုကြိုနှင့်ရန် ကိုယ်လာမယ်လို့ × × × အခုညတော့ အိပ်နိုင်မယ်မထင်ဘူး ×××

(စစ်ကိုင်းလမ်း)

ခိုင်ထူး၏ဘ၀ကို ပြောမယ် ဆိုပါက ရန်ကုန်တက္ကသိုလ်တက် စဉ်ကာလများကိုလည်း ချန်ရစ်၍ မရပါ။ သူက ရန်ကုန်တက္ကသိုလ် တွင် ဓာတုဗေဒအထူးပြုဘာသာ ဖြင့် တက်ရောက်ခဲ့သည်။ ထို့အ ပြင် ဓာတုဗေဒမေဂျာ၏ ရေကူး ချန်ပီယံတစ်ယောက်လည်း ဖြစ် သည်။

လွန်ခဲ့သည့် ၁၉၇၇-၇၈ နှောင်းပိုင်းကာလများ ရန်ကုန် တက္ကသိုလ်မြေက ခိုင်ထူးတို့အ တွက် ဂီတပါရမီကို ရင့်သန်စေ သည့် ဘူမိနက်သန်ဖြစ်ခဲ့သည်။ ထိုကာလများတွင် တေးရေး ကိုရဲလွင်၊ ကိုနေ၀င်း၊ ကိုမောင်မောင်၊ ကိုခင်မောင်တိုး၊ ကိုခင်ဝမ်းတို့နှင့် တွေ့ဆုံခဲ့သည်။ စစ်ကိုင်းလမ်းနှင့် မာလာဆောင် တစ်လျှောက်တွင် ၎င်းတို့လူငယ်ဘ၀၏ အကောင်းဆုံး ပလက်ဖောင်းဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်က ကဲဖော်ကဲဖက် အဖြစ်အပျက်တို့ကို ကောင်းကောင်းမှတ်မိနေသူ တေးရေးကိုနေ၀င်းက ခိုင်ထူးကို ‘‘ဂီတအတွက် တစ်ဘ၀လုံးနှစ်ထားတဲ့သူ’’ဟု နှမြောတသစွာဆိုသည်။ ကိုနေ၀င်းက ခိုင်ထူး၏ ဆရာဆိုလည်းဟုတ်၊ မိတ်ဆွေဆိုလည်း ဟုတ်၊ ခိုင်ထူးဆိုသည့် နာမည်တစ်လုံး ရလာစေခဲ့သူ လည်းဖြစ်သည်။

ခိုင်ထူးနှင့်ပတ်သက်၍ အ မှတ်တရတွေ အများကြီးရှိခဲ့သူ ကိုနေ၀င်းမှာ ဂီတနှင့်ပတ်သက်၍ အလွန်စည်းစနစ်ကြီးသည်ဟု ဆို သည်။ ဖျော်ဖြေပွဲများ၊ သီချင်းသီ ဆိုပွဲများတွင် သီချင်းစီစဉ်သည်မှ  အစအချိန်၊ အသံအနေအထားအ  ဆုံးစနစ်ကြီးစွာစီမံတတ်သူဟု ဆို သည်။ ထို့အပြင် ပုဂ္ဂိုလ်ရေးအရ လည်း ခင်မင်မှုအလွန်ရှိသည့် ၎င်းတို့နှစ်ဦးကြား သံယောဇဉ်က လည်း ကြီးမားသည်။

ရိုးသားခြင်း၌ ဆင်းရဲငါ့ဘ၀ ရှိပါစေ× × × သူငယ်ချင်း ငါသည် မြတ်သော အကျင့်ကိုကျင့်၍× × × အမှန်တရား၌ နေ၏။

ကိုနေဝင်းရေးသည့် ‘မြတ် သောအကျင့်’ သီချင်းကလည်း ပရိသတ်ကြား အောင်မြင်မှုမှတ် တိုင်တစ်ခုဖြစ်သလို ၎င်းတို့ကြား တွင်လည်း ကြီးမားသော အမှတ် တရတစ်ခုဖြစ်သည်။ ထိုသီချင်း ကို ရေးပြီး၊ တီးပြီး အတော်ကြာမှ ခိုင်ထူးကို ကိုနေဝင်းက ပေးဆိုခဲ့ သည်။ ကိုနေဝင်းက ‘‘မြတ်သော အကျင့်နဲ့ ဒီကောင် ခိုင်ထူးနဲ့ ဘာ ဆိုင်လို့တုံး။ ဒီကောင် အဲဒီအတိုင်း ကျင့်တာမှ မဟုတ်တာ တခြားစီပဲ’’ဟု ရွှတ်နောက်နောက် ပြောခဲ့ဖူးသည်။

ခိုင်ထူးက ၎င်း၏နောက်ဆုံး အချိန်မတိုင်မီအထိ စိတ်မြန် ကိုယ်မြန်ဖြင့် ပြတ်ပြတ်သားသား ရှိသူဖြစ်သည်။ ပန်ကရိယကင် ဆာဟု မသိရသေးမီ အသားများဝါသောကြောင့် ဆေးရုံသို့ သွား၍ပြသည်။ ထို့နောက် ဆရာဝန်က ဆေးသုံးရက် သွင်းရမည်ဆိုကာ ဆေးသွင်း၍ ထားခဲ့သည်။ နေ့ဝက်အပြီးတွင် ဆေးပိုက်များကိုဖြုတ်၍ လစ်ပြေးသွားခဲ့သည်ဟု ကိုခိုင်ထူး၏သူငယ်ချင်း ကိုတိုး လွင်ကပြောသည်။

သေချာစဉ်းစားမိရဲ့လား လူဆိုတာဟာ နောက်ဆုံးမှာ× × × အားလုံးကို ခွဲ... ခွဲရမှာ ဟိုလူက တော့× × × ချမ်းသာလို့ ဒီလူကျတော့ ငွေမရှိလို့ မထူးခြားပါဘူး × × ×။ လူ့ဘဝကို တစ်နေ့ကျရင် ကျောခိုင်းရမှာ× × × တကယ်တမ်းတွေးကြည့်လိုက်ပါလား ပိုင်ဆိုင်သမျှနဲ့ ရှိသမျှကို × × ×နောက်ဆုံးထားခဲ့ရမှာပဲ ကျိန်းသေတယ်...

(သိနှင့်နေသား)

ခိုင်ထူးအတွက် ပူဆွေးကြ သူများကို ခိုင်ထူး၏ ‘သိနှင့်နေ သား’သီချင်းက နှစ်သိမ့်နေသလို ပင်။ ခိုင်ထူးအတွက် ဝမ်းနည်းသူ များထဲတွင် ၎င်းနှင့် ခေတ်ပြိုင်များ လည်း ပါဝင်သလို ၎င်း၏ ခေတ် လွန်များလည်း ပါဝင်သည်။  ဆရာ တပည့်လို၊ မိသားစုလိုပေါင်းသင်း ခဲ့သူများလည်း ပါဝင်သည်။

‘‘အနှစ်သာရရှိတဲ့ သီချင်း ပေါင်းများစွာကိုလည်း ဆိုခဲ့တယ်။ အစ်မတို့ ကိုယ်တိုင်ကလည်း ပြန်ဆိုခဲ့ဖူးတယ်။ သူနဲ့တူတူ လက်တွဲပြီး စင်ပေါ်မှာ ဆိုခဲ့ဖူးတယ်။ ရင်ထဲမှာ မကောင်းဘူးပေါ့။ အိပ်မက်လိုဖြစ်ချင်ပေမယ့် တကယ်ဖြစ်သွားတဲ့အတွက် ဘယ်လိုမှ မတတ်နိုင်ဘူး’’ဟု တေးသံရှင်သျှီက ပြောသည်။ ထို့အပြင် ခိုင်ထူးနှင့် လုပ်ဖော်ကိုင်ဖက်ဝါသနာတူ ခေတ်တူသော တေးသံရှင် စိုးပိုင်ကလည်း ခိုင်ထူးနှင့် အမှတ် တရများကို ပြန်၍ပြောပြသည်။ ‘‘ဗမာပြည်မှာ အရင်ဆုံး Live Show လို့ ခေါ်ရမယ့်ပွဲကို ငါနဲ့ ဒီကောင်နဲ့က Two Men Show ဆိုပြီး လုပ်ခဲ့တယ်။ ဂန္ဒီဟောမှာလုပ်ခဲ့တာ အဲဒါကတော့ အမှတ်တရပါပဲ’’ဟု တေးသံရှင်စိုးပိုင်က ဆိုသည်။

ခိုင်ထူး၏ ထူးထူးခြားခြား သီချင်းတစ်ပုဒ်ကတော့ စစ်နဲ့ငြိမ်း ချမ်းရေး သီချင်းပင်ဖြစ်သည်။ သီ ချင်းပါ စာသားများကြောင့် အဆို ပါသီချင်းကို သီဆိုဖို့ကို ၁၉၈၈ အ လွန်ကာလများတွင် ပိတ်ခဲ့သည်။ အဆိုပါတေးသီချင်းတွင် ‘‘သြော် စစ်ဟူသည် သွေးတွေရယ်၊ ယမ်း ငွေ့တွေရယ်၊ ရောယှက်ထားတာ အနိဋ္ဌာရုံပန်းချီကားတစ်ချပ်’’ ဟူ သည့် စာသားကို သီချင်းအတွင်း ထည့်သွင်းရွတ်ဆိုခဲ့သည်။ အဆို ပါသီချင်းကို ဖျော်ဖြေပွဲများတွင် မကြာခဏ တောင်းဆိုခံခဲ့ရသည်။

အဆိုတော် ခိုင်ထူးသည် ၂၀၁၇ ဧပြီလအတွင်းက Myan-mar Idol သီချင်းဆိုပြိုင်ပွဲတွင် ဧည့်သည်အဖြစ် လာရောက် သီဆိုခဲ့သည်။ ထိုစဉ်က ‘အားလုံးကိုကျော်ဖြတ်ရမယ်’ သီချင်းကို သီဆိုခဲ့ပြီး ကျန်းကျန်းမာမာရှိသည့် ပုံစံပင်ဖြစ်သည်။ ထိုစဉ်က နောက်လေးလအကြာတွင် ကွယ်လွန် မည်ဟု မထင်ရလောက်သည့် ခိုင်ထူးကို ရုပ်မြင်သံကြားတွင် ပရိသတ်များက မြင်တွေ့ခဲ့ရသည်။

ကွယ်လွန်သူ ခိုင်ထူးကို ဩဂုတ် ၁၁ ရက် (သောကြာ)နေ့ တွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ် မည်ဖြစ်ပြီး အရိုးပြာကို ဂူသွင်း ထားရှိမည်ဖြစ်သည်။

ခိုင်ထူးသည် ဂီတသက်တမ်း နှစ် ၄၀ ကျော်တွင် မှတ်တိုင်များစွာ စိုက်ထူခဲ့သလို ထိုမှတ်တိုင် များကိုလည်း ပရိသတ်များက ၎င်း မရှိတော့သည့်တိုင် အမြတ်တနိုး တန်ဖိုးထားကြမည်မှာ အသေအချာပင်ဖြစ်သည်။ ပရိသတ်အများစုက ၎င်း၏သီချင်းများကို အနုပညာအရ နှစ်သက်ကြသလို ၎င်း၏ သီချင်းတိုင်းကလည်း အနုပညာ ခံစားချက် အပြည့်ပါနေခဲ့သည်။ ၎င်းထားခဲ့သော မှတ်တိုင်များထဲမှ အမာကျောဆုံးနှင့် ပရိ သတ်ကို စိတ်ခွန်အားအဖြစ် စေဆုံးကတော့ ‘အားလုံးကို ကျော်ဖြတ်ရမယ်’ဆိုသည့် သီချင်းဖြစ်သည်။ (၆၁)နှစ် သက်တမ်းတွင်ခိုင်ထူးတစ်ယောက် အားလုံးကိုကျော်ဖြတ်ခဲ့ပြီးနောက် ၎င်းချစ်သည့် ဂီတနှင့် ပရိသတ်များကို လည်း ထားရစ်ခဲ့ပြီဖြစ်သည်။ ရှင်သန်နေဆဲ ၎င်း၏သီချင်းများကတော့ ပရိသတ်ကို စိတ်ခွန်အားနှင့် ရသများ ပေးစွမ်းနေဦးမည် ဖြစ်သည်။

‘‘အားလုံးကို ကျော်ဖြတ်ရ မယ်× × × နွေကန္တာခရီးကြမ်းတွေ ဆူးခင်းလမ်း × × × ခယောင်းတောနက်တွေ × × × စိတ္တဇညတွေ တစ်လှမ်းချင်းလှမ်းလို့ မရောက်အ ရောက်သွားမယ်လေ × × ×

ခိုင်ထူး၏ ထွက်ရှိခဲ့သော တေးစီးရီးအချို့
♦ တေးမြုံငှက်
♦ သီချင်းတစ်ပုဒ်ပန်းတစ်ဆုပ်
♦ အဉ္ဇလီ
♦ မိုးရဲရင် ဆောင်းရဲရမယ်
♦ ဆို
♦ မကျေနပ်ဘူးသိလား
♦ ရွှေလည်တိုင်
♦ အစောဆုံးပြန်ခဲ့ နှင်းသက်သက်ဝေ
♦ တွဲဖက်ချွေး
♦ ကမ်းသင့်လက်ရာ
♦ အမုန်းဆုပန်မယ့်လူသား
♦ ၃၉

Top News