မိုဒီခရီးစဉ်အလွန် ဘေဂျင်း၊ နယူးဒေလီနှင့် နေပြည်တော်ဆက်ဆံရေး

 တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် အိန္ဒိယသမ္မတနိုင်ငံတို့သည်အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသတွင် နိုင်ငံရေးနှင့် စီးပွားရေးအရ စီးချင်းထိုး ယှဉ်ပြိုင်မည့် အလားအလာများကို မြင်တွေ့နေရသည်။ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) သည် အိန္ဒိယ၏ အရှေ့ဖော်မူဝါဒနှင့် တရုတ်၏ ဘင်္ဂလားပင်လယ် အော် ထွက်ပေါက်တို့အကြား အရေးပါလာသည်ထက် ပါလျက် ရှိသည်။ နယူးဒေလီသည် တိုကျို၊ ဆိုးလ်နှင့် ကျောချင်းကပ်၍ အာ ဆီယံနိုင်ငံများနှင့် ဗျူဟာမြောက် ချိတ်ဆက်ကာ ဘေဂျင်း၏ဒေသ တွင်း သြဇာချိန်ခွင်လျှာကို ထိန်း ညှိလာနိုင်ဖွယ်ရှိသည်။

 အိန္ဒိယနိုင်ငံ၏အိမ်နီးချင်း ပထမ မူဝါဒ၏ အစိတ်အပိုင်း အဖြစ် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ  သည် ၂၀၁၇ ခုနှစ် စက်တင်ဘာ လဆန်းပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည် ရေး အလည်အပတ်ခရီး လာ ရောက်နိုင်ဖွယ်ရှိနေသည်။ တရုတ်နှင့် အိန္ဒိယတို့အကြား ဆက်ဆံရေးတင်းမာနေချိန်တွင် နယူးဒေလီသည် ဘေဂျင်းနှင့် နေပြည်တော်အကြား ဆက်ဆံရေးအပေါ် စိုးရိမ်ပူပန်နေပုံရပြီး ၂၁ ရာစု ပိုးလမ်းမကြီး စီမံကိန်းကို အကြောင်းပြုလျက် ဘေဂျင်းသည် အာရှတစ်လွှားတွင် သြဇာမြင့်တက်၍လာမည်ကိုလည်း ကြောင့်ကြနေပုံရသည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် နေပြည်တော်သို့ ဆိုင်းမဆင့်ဗုံမဆင့် အလည်အပတ်လာရောက်မည်ဖြစ်သည်။ ဘေဂျင်းနှင့်နယူးဒေလီတို့သည် နေပြည်တော်နှင့် ဆက်ဆံရေးကို အပြိုင်အဆိုင်ချဲ့ထွင် လျက်ရှိနေသည်။


မိုဒီ၏ မြန်မာနိုင်ငံခရီးစဉ် သည် တရုတ်ခရီးစဉ်နှင့် တစ် ဆက်တစ်စပ်တည်း ဖြစ်နိုင်ဖွယ်ရှိ သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ လ ၃ ရက်မှ ၅ ရက်နေ့အထိ အိန္ဒိယဝန်ကြီးချုပ်သည် တရုတ်နိုင်ငံ Xiamen မြို့တွင်ကျင်းပမည့် ဘရာဇီး-ရုရှား-အိန္ဒိယ-တရုတ်- တောင်အာဖရိက (BRICS) နဝမ အကြိမ်မြောက် ထိပ်သီးအစည်း အဝေးကို တက်ရောက်မည်ဖြစ်ပြီး အဆိုပါခရီးစဉ်နှင့် တစ်ဆက်တစ် စပ်တည်း မြန်မာနိုင်ငံသို့ အလည် အပတ် လာရောက်နိုင်ဖွယ်ရှိနေ သည်။ ဝန်ကြီးချုပ်မိုဒီ၏ မြန်မာ နိုင်ငံခရီးစဉ်သည် ဒုတိယမြောက် ခရီးစဉ်ဖြစ်သည်။ မိုဒီသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် အရှေ့အာရှ ထိပ်သီးအစည်း အ ဝေးတက်ရောက်ရန် မြန်မာနိုင်ငံ သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတောအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 သံခင်းတမန်ခင်းတွင် မတည့်အတူနေရသည့် သာဓက များလည်း ရှိနေသည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် ဂျီ-၂၀အဖွဲ့ (G-20)၊ အရှေ့အာရှ ထိပ်သီး အစည်းအဝေး၊ အာရှနှင့်ဥရောပ အစည်းအဝေး၊ BRICS နှင့် ရှန် ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO)တို့တွင် အဖွဲ့ဝင်များ အဖြစ် ပါဝင်လျက်ရှိသည်။ စက် တင်ဘာလတွင် ကျင်းပမည့် BRICS အစည်းအဝေးတွင် ဘေ ဂျင်းနှင့် နယူးဒေလီခေါင်းဆောင် များအကြား မတူကွဲပြားမှုများ၊ မကျေလည်မှုများ၊ အမြင်မတော် မှုများနှင့် အမြင်ချော်မှုများကို အလွတ်သဘော အကြိတ်အနယ် ဆွေးနွေးနိုင်ဖွယ်ရှိနေသည်။ ဘေ ဂျင်းသည် နယူးဒေလီကို ၂၁ ရာစု ပိုးလမ်းမကြီးစီမံကိန်းတွင် ပါဝင် လာရေး ဆွဲဆောင်စည်းရုံးနိုင်ဖွယ် ရှိနေသည်။

နယူးဒေလီသည် ၂၁ ရာစု ပိုးလမ်းမကြီး စီမံကိန်းတွင် ပူး ပေါင်းပါဝင်ဖို့ထက် ကိုယ့်လမ်း ကိုယ် ဖောက်ဖို့ စဉ်းစားနေသည် ဟု မှတ်ယူနိုင်သည်။အိန္ဒိယဝန် ကြီးချုပ်မိုဒီသည် ၂၀၁၇ ခုနှစ် မေလ ၁၄ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ကျင်းပ ခဲ့သော ခေတ်သစ်ပိုးလမ်းမကြီး ထိပ်သီးအစည်း အဝေးနှင့်OBOR ဖိုရမ်ကို သပိတ်မှောက်၍ မတက် ရောက်ခဲ့ပေ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် အဆိုပါထိပ် သီးအစည်းအဝေးနှင့် ဖိုရမ်ကို တက်ရောက်ခဲ့သည်။ အိန္ဒိယ သည် တရုတ်၏ ၂၁ ရာစုပိုးလမ်း မကြီး စီမံကိန်းကို သပိတ်မှောက် ဆန့်ကျင်ခဲ့ပြီးနောက်ပိုင်း ဘေဂျင်း နှင့်နယူးဒေလီအကြား ဆက်ဆံ ရေးသည် အဖုအထစ်များပြည့် နှက်လာခဲ့သည်။ ၂၁ ရာစု ပိုး လမ်းမကြီး စီမံကိန်း၏ အစိတ် အပိုင်းဖြစ်သော တရုတ်-ပါကစ္စ တန် စီးပွားရေးစင်္ကြံလမ်းမကြီး သည် နယူးဒေလီကို ပခုံးချင်း ယှဉ်လျက်ရှိသည့်အလျောက် သပိတ်မှောက်ရန် အဓိကတွန်း အားတစ်ခု ဖြစ်စေခဲ့သည်။

အိန္ဒိယနိုင်ငံသည် အရှေ့ ဖော် မူဝါဒနှင့် ဆက်စပ်လျက် ဒေသတွင်း နိုင်ငံများအကြား စိတ် ဝင်စားဖွယ် ခြေလှမ်းလှမ်းရန် ပြင် ဆင်လျက်ရှိသည်။ လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ တွင် ကျင်းပမည့် အိန္ဒိယသမ္မတ နိုင်ငံနေ့ အခမ်းအနားကို အရှေ့ တောင်အာရှ ဆယ်နိုင်ငံမှ နိုင်ငံ့ အကြီးအကဲများအား ဖိတ်ကြား မည်ဖြစ်သည်။ နယူးဒေလီသည် အရှေ့ဖော် မူဝါဒနှင့် ဟန်ချက်ညီ ညီ အာဆီယံကို အလေးထား ကြောင်း၊ စိတ်ဝင်စားကြောင်း သက်သေပြုမည့် ခြေလှမ်းဟု လည်း ဆိုနိုင်သည်။ နယူးဒေလီ သည် တိုကျိုနှင့် လက်ဝါးချင်းရိုက် ကာ ဘေဂျင်း၏ ၂၁ ရာစု ပိုးလမ်း မကြီးစီမံကိန်းကို အန်တုနိုင်သကဲ့ သို့ အာဆီယံနိုင်ငံများနှင့် ဆက် ဆံရေး ချဲ့ထွင်ကာ ဘေဂျင်းနှင့် အပြိုင် ဒေသတွင်း သြဇာတည် ဆောက်နိုင်ဖွယ် ရှိနေပြီ။ နယူး ဒေလီနှင့်ဘေဂျင်းအကြား နေ ပြည်တော်သည် ပထဝီနိုင်ငံရေး အရ ဗျူဟာမြောက် သော့ချက်ကျ စွာ တည်ရှိလင့်ကစား မြေစာပင် မဖြစ်ဖို့ သတိချပ်သင့်သည်။

ဘေဂျင်းနှင့် နယူးဒေလီတို့ သည် နေပြည်တော်နှင့်ဆက်ဆံ ရေးတွင် အားပြိုင်လျက်ရှိသည်။ ဘေဂျင်းသည် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီတွင် ဗီတိုအာဏာ သုံးနိုင်သည့် အမြဲတမ်းအဖွဲ့ဝင် ဖြစ်နေသည်မှာ နိုင်ငံရေးအရ အားသာချက်ဖြစ်နေသည်။ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် တရုတ်ပြည် သူ့ သမ္မတနိုင်ငံသို့ ၂၀၁၅ ခုနှစ် ဇွန်လ၊ ၂၀၁၆ ခုနှစ် သြဂုတ်လနှင့် ၂၀၁၇ ခုနှစ် ဧပြီလတို့တွင် သုံး ကြိမ် အလည်အပတ်သွားရောက် ခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံသို့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ တွင် တစ်ကြိမ်တည်းသာ အလည် အပတ် လာရောက်ခဲ့သည်။ ဘေ ဂျင်းသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင်ပါ ဝင်နေပြီး နိုင်ငံရေး၊ စီးပွားရေး အရ နယူးဒေလီထက် ပိုမိုအရေး ပါ အရာရောက်နေသည်မှာ လယ်ပြင်မှာ ဆင်သွားသလို ထင် ရှားလျက်ရှိနေသည်။

နေပြည်တော်နှင့်နယူးဒေလီ၊ နေပြည်တော်နှင့် ဘေဂျင်းတို့ အကြား တပ်မတော်ချင်း ဆက်ဆံ ရေးသည်လည်း အလွန်ကောင်း မွန်လျက်ရှိသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယ သမ္မတနိုင်ငံသို့ ရှစ်ရက်ကြာ ချစ် ကြည်ရေး အလည်အပတ်ခရီး သွားရောက်ခဲ့ပြီး ဇူလိုင်လ ၁၄ ရက်တွင် အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါ ခရီးစဉ်သည် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ ဒုတိယမြောက် အိန္ဒိယနိုင်ငံ ခရီးစဉ်ဖြစ်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လတွင် အိန္ဒိယ သမ္မတနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ် သွားရောက်ခဲ့ သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ ၂၀၁၆ ခုနှစ် အောက်တို ဘာလကုန်၊ နိုဝင်ဘာလဆန်း၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလတို့ တွင် ချစ်ကြည်ရေး အလည် အပတ်ခရီး နှစ်ကြိမ် သွားရောက်ခဲ့ သည်။ ဘေဂျင်း၊ နယူးဒေလီနှင့် နေပြည်တော်တို့အကြား တပ် မတော်ချင်းဆက်ဆံရေးကို ကြည့် မည်ဆိုလျှင် မြန်မာ့တပ်မတော် သည် တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်နှင့် ပိုမိုနီးကပ် သော ဆက်ဆံရေးရှိနေသည်ဟု သုံးသပ်နိုင်သည်။

အိန္ဒိယနှင့်မြန်မာ ဆက်ဆံ ရေးကို နောက်ကြောင်းပြန် ကောက်ကြည့်မည်ဆိုလျှင်၁၉၅၀ ဆယ်စုနှစ်များတွင် အကောင်းဆုံး အနေအထား ရှိခဲ့သည်။ ပထမဆုံး အိန္ဒိယဝန်ကြီးချုပ်နေရူးနှင့် ပထမ ဆုံး မြန်မာဝန်ကြီးချုပ်ဦးနုတို့သည် မိတ်ဆွေ၊ ရဲဘော်၊ သူငယ်ချင်း ဆက်ဆံရေးရှိခဲ့ပြီး အာရှနိုင်ငံရေး တွင် ကျောချင်းကပ် ပခုံးချင်း ဖက် ရုန်းကန်လှုပ်ရှားခဲ့ကြသည်။

ဘေဂျင်း-နယူးဒေလီ- ရန် ကုန် သုံးပွင့်ဆိုင် ဆက်ဆံရေး သည်လည်း အကောင်းဆုံးဖြစ်ခဲ့ သည်။ နယူးဒေလီနှင့်ရန်ကုန် အကြား သံတမန်ဆက်ဆံရေးကို လွတ်လပ်ရေးမရမီ ယာယီအစိုးရ ကာလ ၁၉၄၇ ခုနှစ် ဧပြီလ ၁၅  ရက်နေ့တွင် ထူထောင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် တစ်လအလို ၁၉၄၇ ခုနှစ် ဒီဇင် ဘာလ ၂ ရက်နေ့တွင် ယာယီ အစိုးရဝန်ကြီးချုပ် ဦးနုသည် အိန္ဒိ ယ နိုင်ငံသို့ သွားရောက်ခဲ့သည်။

မြန်မာဝန်ကြီးချုပ်ဦးနုသည် ၁၉၄၉ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ တွင် အိန္ဒိယနိုင်ငံသို့ ထပ်မံသွား ရောက်ခဲ့ပြီး ဝန်ကြီးချုပ်နေရူးနှင့် တွေ့ဆုံကာ လက်နက်ခဲယမ်းနှင့် ငွေကြေးအကူအညီ တောင်းခံခဲ့ ရာ နယူးဒေလီသည် ရန်ကုန်အစိုး ရထံ လက်နက်ခဲယမ်း၊ ငွေကြေး အထောက်အပံ့များ ပေးပို့ခဲ့သည်။ ဝန်ကြီးချုပ်ဦးနုအစိုးရသည် ရန် ကုန်အစိုးရဖြစ်နေခဲ့ချိန်တွင် အိန္ဒိ ယ အစိုးရသည် ထိထိရောက် ရောက် ကူညီခဲ့သည်။ အိန္ဒိယ နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှု ကြောင့် ၁၉၅၀ ပြည့်နှစ် မတ်လ တွင် ဓနသဟာယအဖွဲ့ဝင်ငါးနိုင် ငံသည် မြန်မာနိုင်ငံသို့ ပေါင် ခြောက်သန်း ထုတ်ချေးခဲ့သည်။

၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၀ ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ် နေရူးသည် မြန်မာနိုင်ငံသို့ ပထမ ဆုံးအကြိမ် အလည်အပတ်လာ ရောက်ခဲ့သည်။ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး စာချုပ်ကို ၁၉၅၁ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် တွင် စာချုပ်အသက်ဝင်ခဲ့သည်။ ဝန်ကြီးချုပ်ဦးနုနှင့် ဝန်ကြီးချုပ် နေရူးတို့အကြား အလွန်နီးကပ် သော ဆက်ဆံရေးရှိခဲ့ပြီး ၁၉၅၀ ဆယ်စုနှစ်ကာလတွင် မြန်မာ အစိုးရသည် အိန္ဒိယသမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာ တည်ဆောက်နိုင်ခဲ့သည်။

အချုပ်အားဖြင့်ဆိုသော် နိုင် ငံခြား ဆက်ဆံရေးသည် အလွန် သိမ်မွေ့ ထိလွယ်ရှလွယ်သည့် အပြင် ပရိယာယ်ကြွယ်ကြွယ် အမြော်အမြင်ရှိရှိ ချဉ်းကပ်ပုံဖော် ရလေ့ရှိသည်။ ဘေဂျင်း၊ နယူး ဒေလီနှင့် နေပြည်တော်အကြား ဆက်ဆံရေးကို ပိုမို ကြွယ်ကြွယ် ဝဝ၊ ပို၍ သိမ်သိမ်မွေ့မွေ့ ရှဥ့် လည်းလျှောက်သာ ပျားလည်းစွဲ သာ ချဉ်းကပ်ဖော်ဆောင်နိုင်ရေး ရှေးရှုသင့်သည်။ မြန်မာနိုင်ငံ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား သိက္ခာရှိရှိ သူလည်းနိုင်၊ ကိုယ် လည်းနိုင် ရပ်တည်နိုင်ရေး ပြင် ဆင်ဆောင်ရွက်သင့်သည်။ မြန်မာ့ ဒီမိုကရေစီအပြောင်းအလဲနှင့် ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ဘေဂျင်း၊ နယူးဒေလီမှသည် ဘရပ်ဆဲလ်၊ ဝါရှင်တန်အဖြစ် သံခင်းတမန်ခင်း အားကောင်းမောင်းသန်ရေး စနစ် တကျ စီမံချက်ချ ညှိနှိုင်းဆွေးနွေး ဖော်ဆောင်သင့်ပါကြောင်း တိုက် တွန်းဆော်သြလိုက်ရပါသည်။

(ဖော်ပြပါ ဆောင်းပါးသည်စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News