UNA တွင် ပါဝင်ခွင့်ရရန်တိုင်းရင်းသားပါတီအချို့ ကမ်းလှမ်း

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာ မိတ်အဖွဲ့ (UNA) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ရန် တိုင်းရင်းသားပါတီအချို့က ကမ်းလှမ်းထားကြောင်း UNA အတွင်းရေးမှူးအဖွဲ့ဝင်များ က ပြောသည်။


‘‘အခုလောလောဆယ် ဒိုင်း နက် လူမျိုးများတိုးတက်ရေးပါတီ က ကျွန်တော်တို့ဆီ တရားဝင် ကမ်းလှမ်းထားတာ ရှိပါတယ်။ တရားမ၀င်မဟုတ်ဘဲနဲ့ နှုတ်နဲ့ပြောထားတာကတော့ သုံးပါတီ လောက်ရှိတယ်’’ဟု UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်က သြဂုတ် ၇ ရက်တွင် ပြောသည်။

လတ်တလောတွင် အဆိုပါ ကမ်းလှမ်းထားသည့် ပါတီများကို အဖွဲ့ဝင် ပါတီသစ်အဖြစ်လက်ခံနိုင်ရေး စိစစ်နေကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်တော်တို့အနေနဲ့က UNA ထဲကို ၀င်ဖို့ဆိုရင် လိုက်နာ ရမယ့် စည်းကမ်းတွေ၊ အချက် တွေရှိတယ်ပေါ့။ အဲဒါကို သူတို့ကို အကြောင်းကြားထားတယ်။ သူတို့ဖတ်ပြီးတော့မှ သူတို့လိုက်နာ တယ်ဆိုရင် ကျွန်တော်တို့က လက်ခံနိုင်မှာပေါ့။ အဖွဲ့အနေနဲ့က တော့ လမ်းဖွင့်ပေးထားမှုရှိပါတယ်’’ ဟု UNA အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းလိတ်က ပြော သည်။

UNA အနေဖြင့် အတွင်းရေး မှူးအဖွဲ့အစည်းအဝေးကို သြဂုတ် ပထမပတ်က ပြုလုပ်ထားပြီး နိုင်ငံရေးဆွေးနွေးမှုများတွင် ထိ ရောက်စွာ တင်ပြနိုင်ရန် အဖွဲ့ဝင် ပါတီများအကြား ချိတ်ဆက် ဆောင်ရွက်နိုင်ရေးနှင့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်း ညီလာခံ ပြုလုပ်ရေး ဆုံးဖြတ်ထားသည်။

၁၉၉၀ ရွေးကောက်ပွဲနိုင် တိုင်းရင်းသားပါတီ ခုနစ်ပါတီဖြင့် စတင်ဖွဲ့စည်းသည့် UNA တွင် လက်ရှိအဖွဲ့ဝင်နိုင်ငံရေးပါတီ ၁၅ ပါတီရှိသည်။

UNA အဖွဲ့ဝင် ပါတီများ သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ မွန်အမျိုးသားပါတီ (MNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီကွန်ဂရက် (KNCD) ကယန်းအမျိုးသားပါတီ (KNP)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရေစီပါတီ (SSKDP)၊ ကရင်အမျိုးသားပါတီ (KNP)၊ ရခိုင်မျိုးချစ်ပါတီ (APP)၊မြိုအမျိုးသား ဒီမိုကရက်တစ်ပါ တီ(MNDP)၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ(DNDP)၊ ခူမီး(ခမီး)အမျိုးသားပါတီ(KNP)၊ ချင်း ဒီမိုကရေစီအဖွဲ့ချုပ်(CLD)၊ ချင်းတိုးတက်ရေးပါတီ (CPP)၊ ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများသွေးစည်း ညီညွတ်ရေးပါတီ (SNSP)တို့ ဖြစ်သည်။

More in Politics Section