မိတ္ထီလာတွင် ဖော်မယ်လင်ပါဝင်သော ပဲသွေးထုတ်လုပ်သည့် စက်ရုံတစ်ရုံကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူ

မိတ္ထီလာခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီဝင်များ ပဲသွေးထုတ်လုပ်သည့် စက်ရုံများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးနေစဉ် (ဓာတ်ပုံ−ဒေါက်တာကျော်သန်းရွှေ)

မိတ္ထီလာမြို့တွင် ဖော် မယ်လင်ပါဝင်သည့် ပဲသွေးများ ထုတ်လုပ်ရောင်းချသည့် စက်ရုံတစ်ရုံကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့ကြောင်း မိတ္ထီလာခရိုင် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါက်တာ ကျော်သန်းရွှေက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက် က မိတ္ထီလာဈေးတွင် ဈေးကွက် နမူနာကောက်ယူရာမှ အမှတ်တံ ဆိပ်မပါရှိသည့် ပဲသွေးနှင့်ပဲပြား များ၌ ဖော်မယ်လင်ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ထုတ်လုပ်ရောင်းချသည့် စက်ရုံများကို စုံစမ်းဖော်ထုတ်ကာ သြဂုတ် ၉ ရက်က ရှောင်တခင်စစ်ဆေးခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘ပဲပြားနဲ့ ပဲသွေးထုတ်လုပ် တဲ့ စက်ရုံသုံးရုံကို စုံစမ်းပြီး ရှောင်တခင်သွားစစ်တဲ့အခါမှာ ပဲပြားထုတ်လုပ်တဲ့ စက်ရုံနှစ်ရုံကထုတ်တဲ့ ပဲပြားတွေမှာ ဖော်မယ်လင် ပါဝင်တာ မတွေ့ရပေမယ့် ပဲသွေးထုတ်တဲ့စက်ရုံမှာတော့ ဖော်မယ်လင်သုံးတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်’’ဟု ဒေါက်တာကျော်သန်းရွှေက ပြောသည်။

ပဲပြားထုတ်လုပ်သည့် စက် ရုံနှစ်ရုံရှိ ပဲပြားများတွင် ဖော်မယ် လင်ပါဝင်မှု မတွေ့ရှိသော်လည်း သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိခြင်းများ စစ်ဆေးတွေ့ရှိသောကြောင့် သြဂုတ် ၁၀ ရက်၌ ပဲပြား၊ ပဲသွေးထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ရောင်းချသူများကို ခေါ်ယူ  အသိပညာပေးခဲ့ကြောင်း ၎င်းကဆို သည်။

ပဲသွေးများတွင် စားသုံးရန် မသင့်သည့် ဖော်မယ်လင်အသုံးပြု ထုတ်လုပ်နေသည့် ယင်းစက်ရုံကို လက်ရှိတွင် စည်ပင်သာယာရေးအဖွဲ့က စည်ပင်ဥပဒေအရ ရက်အကန့်အသတ်မရှိ ပိတ်သိမ်း အရေးယူထားပြီး စီမံခန့်ခွဲမှုဥပဒေ များဖြင့် ဆက်လက်အရေးယူရန်ရှိကြောင်း ဒေါက်တာ ကျော်သန်းရွှေက ပြောသည်။

ဖော်မယ်လင်ကို ပဲပြားနှင့်ပဲသွေးများ နယ်သို့ပို့သည့်အခါရက်ကြာရှည်ခံရန်အတွက် ဖျန်းခြင်း၊ စိမ်ခြင်းများ ပြုလုပ်ပြီး ဖော်မလင် အသုံးပြုခြင်းကြောင့် ဗိုက် အောင့်ခြင်း၊ အော့အန်ခြင်း၊ သတိမေ့ခြင်း၊ အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်ပြီး ရေရှည်တွင် ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းခြောက်၊ အသည်းကင်ဆာ၊ ကိုယ်ဝန်ဆောင်များတွင် သန္ဓေသားထိခိုက်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မန္တလေးတိုင်းဒေ ကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောသည်။

ဖော်မယ်လင်ကို သေဆုံးပြီး သော ရုပ်အလောင်းများ  ကြာ ရှည်အထားခံရန်လည်းကောင်း၊ ပိုးထည်များ၊ အထပ်ပြားထုတ်လုပ်မှုများတွင်လည်းကောင်း အသုံးပြုပြီး အစားအသောက်များ၌ လုံးဝအသုံးပြုခွင့်မရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လတတိယ ပတ်အတွင်းက မန္တလေးမြို့တွင် စားသုံးရန်မသင့်သည့် ဖော်မယ်လင်ပါဝင်သော ပဲပြားများကို ဈေးများ၌ ရောင်းချနေသည်ကို စစ် ဆေးတွေ့ရှိခဲ့ပြီး ထုတ်လုပ်သည့် စက်ရုံနှစ်ရုံကို ရက်အကန့်အ သတ်မရှိ ပိတ်သိမ်းအရေးယူခဲ့ သည်။