ရင်ဘတ်ကြီးကြီးနဲ့ ချစ်တတ်ပါစေ

(၁)

သည်ဘက်ခေတ်မှာ မျိုးချစ် ဝါဒတွေ အတော်ကို ခေတ်စား လာတာ တွေ့ရပါတယ်။ မြန်မာ နိုင်ငံထဲမှာ အမျိုး၊ ဘာသာ၊ သာ သနာကို စောင့်ရှောက်ရမယ်ဆို တဲ့ ကြွေးကြော်သံတွေ ညံညံစီလို့ နေခဲ့တာပါ။ အဲဒီ အမျိုး၊ ဘာသာ၊ သာသနာ ဆိုင်းဘုတ်ကြီးတွေ ကိုင်ပြီး ပြည်သူရွေးချယ်တင် မြှောက်ထားတဲ့ အစိုးရကို ဆန့် ကျင်ဆန္ဒပြကြတာ၊ အစိုးရဆင်း ပေးဖို့ သပိတ်မှောက်တာတွေ လည်း ရှိခဲ့ပါတယ်။

မျိုးချစ်ဝါဒတွေ ပြန်လည် ခေါင်းထောင် ထလာတာက မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံလို လစ်ဘရယ် လူ့အသိုက်အဝန်းမှာကို မျိုးချစ် ဝါဒက ပြန်ခေတ်စားလာတာ တွေ့ ရပါတယ်။ လူမျိုးပေါင်းစုံ ရောနှောနေထိုင်တဲ့ အမေရိကန်လို နိုင်ငံမျိုးမှာ လူဖြူကြီးစိုးရေးဝါဒကို အားပေးတဲ့ ဒေါ်နယ်ထရန့်က သမ္မတဖြစ်လာခဲ့ပါတယ်။ ဒါတင် ပဲလားဆိုတော့ မဟုတ်ပါဘူး။ ဥရောပမှာ နိုင်ငံတွေအတူတကွ ယှဉ်တွဲနေထိုင်ကြမယ်ဆိုပြီး ဖွဲ့ စည်းထားတဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံက နုတ်ထွက်သွားတဲ့ ဘရက်ဇစ်ဆိုတာလည်း ပေါ် ပေါက်လာခဲ့ပါတယ်။ လစ်ဘရယ် ကျတဲ့ အနောက်ကမ္ဘာမှာတောင် အဲဒီလို လူမျိုးကြီးဝါဒ၊ မျိုးချစ်ဝါဒတွေ ပြန်ပြီးခေါင်းထောင်လာလေ တော့ ကမ္ဘာရဲ့ အခြားဒေသတွေ မှာတော့ ပြောစရာကို မလိုတော့ပါဘူး။ ဘာသာရေးအစွန်းရောက် တဲ့ ISIS ဆိုတာ မွတ်စလင်ကမ္ဘာ အပါအဝင် တစ်ကမ္ဘာလုံးကို ခြိမ်း ခြောက်နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

သေသေချာချာပြန်သုံးသပ် ကြည့်ရင် မျိုးချစ်ဝါဒပဲဆိုဆို၊ ပြည်ချစ်ဝါဒပဲပြောပြော၊ လူမျိုးကြီး ဝါဒပဲခေါ်ခေါ် ကိုယ့်လူမျိုး၊ ကိုယ့် နိုင်ငံ၊ ကိုယ့်ဘာသာတစ်ခုတည်း ကို ရှေ့တန်းတင်ဖို့ စဉ်းစားတဲ့သူ တွေကို ပြန်ပြီးလေ့လာ သုံးသပ် ကြည့်ရင် အာဏာအတွက်သော် လည်းကောင်း၊ နေရာအတွက် သော်လည်းကောင်း၊ တစ်နည်း နည်းနဲ့ ကိုယ့်အတ္တကို ရှေ့တန်း တင်ဖို့ ကြိုးစားကြတာဖြစ်တယ် လို့ သုံးသပ်မိပါတယ်။ မြန်မာ ပြည်က မျိုးချစ်ဆိုသူ အများစုရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ရင် ဘယ်လိုပဲ လူမျိုးရေး၊ ဘာသာ ရေးတွေကို ကြွေးကြော်သံတွေ တိုင်တိုင် အဆုံးသတ်ရည်ရွယ် ချက်က ပြည်သူတင်မြှောက်ထား တဲ့ အစိုးရပြုတ်ကျရေးနဲ့ အာဏာ ရှင်စနစ်ကို ပြန်လည်အသက် သွင်းရေးပဲ ဖြစ်ပါတယ်။ အမေရိ ကန်က ဒေါ်နယ်ထရန့်ကလည်း အမေရိကန်သာ ပထမဆိုတဲ့ မူဝါဒနဲ့ပဲ ရွေးကောက်ပွဲကို အနိုင်ယူခဲ့ တာပါ။ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂ က နုတ်ထွက်တာကလည်း သမဂ္ဂ အတွင်း ခေါင်းဆောင်မှုနေရာ ကောင်းကောင်းမရ၊ အကျိုးအ မြတ်မဖော်ဆောင်နိုင်လို့ပဲဖြစ်ပါ တယ်။ ISIS တွေလည်း ဘာသာ ရေးတံဆိပ်ကပ်ပြီး အကြောက် တရားနဲ့ ကမ္ဘာကို လွှမ်းမိုးဖို့ ကြိုး ပမ်းနေတာပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အစွန်း ရောက်တဲ့ မျိုးချစ်ဝါဒ၊ ပြည်ချစ် ဝါဒ၊ လူမျိုးကြီးဝါဒ၊ ဘာသာရေး အစွန်းရောက်မှု စတာတွေအား လုံးဟာ အမျိုးအနွယ်ကို စောင့် ရှောက်တာမဟုတ်ဘဲ အမျိုးအ နွယ်ကို ဖျက်ဆီးပစ်နေကြတာဖြစ် ပါတယ်။ လူသားကမ္ဘာဟာ ဗြဟ္မာကြီးလေးဦးက စတယ်ပဲပြော ပြော၊ အာဒံနဲ့ ဧဝက စတယ်ပဲဆို ဆို၊ သိပ္ပံအလိုအရ ဆင့်ကဲဖြစ်စဉ် (Evolution) ကြောင့် မျောက်က နေ ဆင်းသက်လာတယ်ပဲယူယူ သေချာတာကတော့ အရင်းအ မြစ်တစ်ခုတည်းက လာကြတဲ့ မျိုးနွယ်တူတွေ ဖြစ်ကြပါတယ်။ Homo Sapiens လို့ခေါ်တဲ့ မျိုး စိတ်တစ်ခုတည်းမှာ တည်ရှိနေ ကြတဲ့သူအချင်းချင်း ဖျက်ဆီးဖို့ ကြံစည်တယ်ဆိုတာ ကိုယ့်အမျိုး အနွယ်ကို ဖျက်ဆီးပစ်တာပဲဖြစ် ပါတယ်။ အဲဒီတော့ ချစ်ကြတာ ချင်းတူရင် ကိုယ့်လူမျိုးမှ ကိုယ့်လူ မျိုးမဟုတ်ဘဲ လူသားအမျိုးအ နွယ်အားလုံးကို ချစ်တာက ပိုပြီး မွန်မြတ်တယ်လို့ ဆိုရမှာပါ။ မနက်ခင်း မိုးလင်းတာနဲ့ သဗ္ဗေ သတ္တာဝေနေယျာ ချမ်းသာကိုယ် စိတ်မြဲပါစေလို့ မေတ္တာပို့ကြရတဲ့ ဘာသာဝင်တွေက လူမျိုး၊ ဘာ သာတွေ ခွဲခြားပြီး ချစ်ရင်ဘာသာ တရားနဲ့ အဆုံးအမနဲ့ ဆန့်ကျင်ရာ ရောက်ပါလိမ့်မယ်။ တတ်နိုင်သမျှလူသားတွေကို ရင်ဘတ်ကြီးကြီး နဲ့ ကျယ်ကျယ်ပြန့်ပြန့် ချစ်နိုင်ဖို့ လိုပါတယ်။

(၂)

ရင်ဘတ်ကြီးကြီးနဲ့ လူသား မျိုးနွယ်တစ်ခုလုံးကို ကျယ်ကျယ် ပြန့်ပြန့်ချစ်တတ်သူ လူသားနှစ် ယောက်အကြောင်း သတိရမိလာ တာမို့ ပြန်လည်မျှဝေပေးချင်ပါ တယ်။ ၂၀၀၅ ခုနှစ်မှာ ဆေးပညာ နဲ့ ဇီဝကမ္မဗေဒဆိုင်ရာ နိုဗယ်ဆု (Nobel prize in physiology and medicine 2005) ကို အဏု ဇီဝပိုးတစ်ခုနဲ့ပတ်သက်ပြီး ပညာ ရှင်နှစ်ဦးကို ပေးအပ်ခဲ့ပါတယ်။ ဩစတြေးလျပညာရှင်နှစ်ဦးဖြစ် တဲ့ Dr. Robin Warren နဲ့ Dr. Barry Marshall တို့က Helicobacter pylori ဆိုတဲ့ ဗက်တီးရီး ယားပိုးတစ်မျိုးကို ၁၉၈၂ က ရှာ ဖွေတွေ့ရှိခဲ့တာကြောင့် ချီးမြှင့်ခံ ခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ရဲ့ ရှာဖွေတွေ့ရှိမှု မတိုင်ခင်က တစ်ကမ္ဘာလုံးက ဆေးပညာရှင်တွေက အစာအိမ် မှာ ဗက်တီးရီးယားတွေ ရှင်သန် ပေါက်ပွားဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ယူဆခဲ့ကြပါတယ်။ ဘာကြောင့် လဲဆိုရင် အစာအိမ်ထဲမှာ အစာ ချေမယ့် အက်စစ်တွေရှိတာ ကြောင့် အက်စစ်ဆန်တဲ့ ပတ် ဝန်းကျင်မှာ ဗက်တီးရီးယားတွေ  ရှင်သန်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆလို့ ပါ။ အဲဒီအချိန်က တစ်ကမ္ဘာလုံး မှာရှိတဲ့ ဆရာဝန်အများစု ယူဆ တာက အစာအိမ်ရောဂါဆိုတာ အစာအိမ်က အက်စစ်တွေ အ ထွက်လွန်တဲ့အတွက်ကြောင့်ဖြစ် တယ်ဆိုတာပါပဲ။ အလုပ်များတဲ့ အခါ၊ အစားပုံမှန်မစားတဲ့အခါ၊ အပူအစပ်တွေ စားမိတဲ့အခါ၊ စိတ်ဖိအားတွေများတဲ့အခါ အက် စစ်တွေ ပိုထွက်လာပြီး ရောဂါ ဖြစ်ရတယ်လို့ ဆိုပါတယ်။ အဲဒီ အချိန်ထိ အစာအိမ်ရောဂါဆိုတာ ကုသပျောက်ကင်းနိုင်တဲ့ ရောဂါ တစ်ခုမဟုတ်သေးဘဲ ရောဂါကို ခဏသက်သာစေနိုင်တဲ့ အဆင့် မှာပဲ ရှိပါသေးတယ်။ အစာအိမ် ရောဂါနဲ့ သေဆုံးရသူတွေလည်း မနည်းမနောပါပဲ။

၁၉၇၉ မှာ Dr. Warren က ပထမဆုံး ဗက်တီးရီးယားကို တွေ့ရှိခဲ့ပါတယ်။ သူက နောက်ပိုင်းမှာ Dr. Marshall နဲ့တွဲပြီး သုတေသနတွေ လုပ်ခဲ့ပါတယ်။ သူတို့နှစ် ယောက်က အစာအိမ်ရောဂါဖြစ် ပွားနေတဲ့ လူနာတွေရဲ့ အစာအိမ် ထဲက ရောဂါနမူနာရယူပြီး ဓာတ် ခွဲခန်းထဲမှာ ရောဂါပိုးကို ပျိုးပြဖို့ ကြိုးစားခဲ့ကြတာပါ။ အဲဒီလို ဓာတ်ခွဲခန်းသုံး ပိုးပျိုးဖန်ပြား (PetriDishes) ထဲမှာ ပိုးပေါက်လာတာ ကို မြင်ရမှသာ သူတို့ယူဆချက် မှန်ကန်ကြောင်း သက်သေပြနိုင် မှာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက် စလုံး ကံမကောင်းခဲ့ကြပါဘူး။ ရှေ့ပိုင်းမှာ ပုံမှန်ပိုးပျိုးနည်းတွေ အသုံးပြုခဲ့ကြပေမယ့် ရောဂါပိုးက ပိုးပျိုးဖန်ပြား (Petri Dishes) ထဲမှာ လုံးဝပေါက်မလာပါဘူး။ ပုံမှန်အားဖြင့် ပိုးစပျိုးပြီး နှစ်ရက်လောက်ဆိုရင် ပိုးပေါက်၊ မပေါက်ကို သိရပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်လုပ်သူတို့ပိုးက ပေါက်မလာပါဘူး။

ကံကောင်းချင်တော့ အီ စတာရုံးပိတ်ရက်မှာ ပိုးပျိုးထားတဲ့ Petri Dishes တွေကို ပိုးပျိုးခန်း (Incubator)ထဲကထုတ်ပြီး ဆေး ကြောဖို့ မေ့သွားခဲ့ပါတယ်။ ရုံး ပြန်ဖွင့်တော့ Petri Dishes ထဲမှာ ပိုးတွေပေါက်နေတာ တွေ့ရပါ တော့တယ်။ သူတို့သိလိုက်တာ ကတော့ ဒီပိုးဟာ အခြားပိုးတွေ လို နှစ်ရက်၊ သုံးရက်နဲ့ မပေါက် ဘူး။ ပိုးပျိုးရက် (Incubation period) ကြာတယ်ဆိုတာပါပဲ။ အဲဒီပိုးက ငါးရက်ကြာမှ ပိုးပေါက် နေတာကို မြင်ရပါတယ်။

သူတို့က သူတို့ရဲ့ ရှာဖွေ တွေ့ရှိမှုကို တင်ပြခဲ့ကြပေမယ့် အများစုက လက်မခံကြပါဘူး။ ပိုးပေါက်တာတော့ ဟုတ်ပါပြီ။ အဲဒီပိုးဟာ အစာအိမ်ရောဂါနဲ့ ဆက်နွှယ်မှုရှိပါတယ်၊ အဲဒီပိုး ကြောင့် အစာအိမ်ရောဂါဖြစ်ရပါ တယ်ဆိုတာကို သက်သေပြဖို့လို လာပါတယ်။ စာဖတ်သူအနေနဲ့ ဆိုရင် ဘာလုပ်မယ်လို့ စိတ်ကူးပါ သလဲ။

Dr. Marshall ဟာ ပိုးတွေ ကို ခွက်တစ်လုံးထဲမှာ ရေနဲ့ဖျော် ပြီး သူ့ကိုယ်သူ အစမ်းသပ်ခံသတ္တ ဝါအဖြစ် သုတေသနပြုလုပ်ခဲ့ပါ တယ်။ ရက်နည်းနည်းကြာတော့ အော့တာ၊ အန်တာတွေ စတွေ့ရ ပါတယ်။   ၁၀ ရက်ကြာတဲ့အခါ အစာအိမ်မှန်ပြောင်းကတစ်ဆင့် အစာအိမ်ရောဂါဖြစ်လာပြီဆို တာကို သိရှိခဲ့ရသလို ရောဂါပိုး တွေ ပေါက်ပွားလာတာကိုလည်း စမ်းသပ်တွေ့ရှိရပါတယ်။ သူတို့ နှစ်ယောက်က အစာအိမ်ရောဂါ ဟာ ဗက်တီးရီးယားရောဂါပိုး ကြောင့်ဖြစ်တာမို့ ပဋိဇီဝဆေးဝါး (Antibiotics) တွေနဲ့ ကုသရင် ရတယ်ဆိုတာကို သက်သေပြခဲ့ ကြတာပါ။ သူတို့ရဲ့ တွေ့ရှိချက် ကြောင့် ၁၉၈၇ မှာ Thomas Borody က Helicobacter pylori ကို နှိမ်နင်းမယ့် သုံးမျိုးပေါင်းဆေး ကို ဖန်တီးပေးခဲ့ပြီး လူနာတွေအ သက်ကို အများကြီးကယ်တင်နိုင် ခဲ့ပါတယ်။

ဒီနေရာမှာ ပြောချင်တာက နိုဗယ်ဆုရ ပညာရှင်နှစ်ဦးနဲ့ စိတ် ထား၊ အထူးသဖြင့် ကိုယ့်ကိုယ် ကိုယ် စတေးပြီး ရောဂါပိုးတွေကို ရေဖျော်သောက်ချခဲ့တဲ့ Dr. Marshall ရဲ့ စိတ်ထားဖြစ်ပါတယ်။ သူ ဒီလို ကိုယ့်ကိုယ်ကိုယ် စတေးဖို့ စဉ်းစားခဲ့တာ နာမည်ကြီးချင်လို့ မဟုတ်ပါဘူး။ နိုင်ငံရေးရည်ရွယ် ချက်နဲ့ မဟုတ်ပါဘူး။ ဩစတြေး လျလူမျိုးတွေပဲ အသက်ရှင်ဖို့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်း အသက်ရှည်ကျန်း မာဖို့ ဖြစ်ပါတယ်။ တကယ်လို့ သာ သူတို့တွေက မျိုးချစ်အစွန်း ရောက်တွေ ဖြစ်နေမယ်ဆိုရင် ဩစတြေးလျတွေပဲ အစာအိမ် ရောဂါပျောက်ကင်းပြီး ကျန်တဲ့ ကမ္ဘာပေါ်က လူတွေအားလုံး အဲဒီ ရောဂါနဲ့ သေဆုံးနေကြရဦးမှာ ဖြစ်ပါတယ်။

တကယ်တော့ သူတို့နှစ်ဦး ဟာ လူသားအားလုံးကို ရင်ဘတ် ကြီးကြီး ကျယ်ကျယ်ပြန့်ပြန့် ချစ် နိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

(၃)

မျိုးချစ်ဝါဒ၊ လူမျိုးကြီးဝါဒ တွေဟာ ကျဉ်းမြောင်းလွန်းလှပါ တယ်။ အဲဒီကနေ လွန်မြောက်ပြီး လူသားအားလုံးကို ရင်ဘတ်ကြီး ကြီး အမြင်ကျယ်ကျယ်နဲ့ ချစ်နိုင် ဖို့ လိုအပ်ပါတယ်။ မျိုးချစ်အစွန်း ရောက်၊ ဘာသာရေးအစွန်း ရောက်တွေအားလုံးလည်း ရင် ဘတ်ကြီးပြီး အမြင်ကျယ်နိုင်ကြ စေဖို့ ဆန္ဒပြုလိုက်ရပါတယ်။ အဲဒီ လို လူသားအားလုံးအပေါ် မေတ္တာထားနိုင်မယ်ဆိုရင်တော့ အာဏာ ရမ္မက်ပြင်းထန်လှသူတွေရဲ့ အသုံးချခံဘဝက အမြန်ဆုံးလွတ် မြောက်နိုင်ပါလိမ့်မယ်။

ဒါ့အပြင် အစွန်းရောက်မှု တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာဆန်းစစ်သူတွေ၊ အကဲ ဖြတ်ဝေဖန်သူတွေ၊ အကြံပြုသူ တွေအနေနဲ့လည်း ကိုယ်သန်ရာ အမှန်လို့မမြင်ဘဲ လူသားအားလုံး ကို ချစ်တဲ့မျက်စိနဲ့ကြည့်ပြီး လူ့အ ဖွဲ့အစည်းအားလုံးအတွက် မှန် မှန်ကန်ကန် မျှမျှတတ ဆောင် ရွက်ပေးကြဖို့ လိုအပ်ပါလိမ့်မယ်။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)

Top News