ရက်ရှည်ဖျားနာသဖြင့် မကွေးဆေးရုံရောက်လာသော ကလေးငယ်များအနက် ရှစ်ဦး ကျန်းမာသဖြင့် နေရပ်ပြန်ခွင့်ရ

ရက်ရှည်ဖျားနာနေ သဖြင့် မကွေးတိုင်းဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ရသော ပွင့်ဖြူမြို့နယ် ပေတော၊ ကျောင်းကုန်း ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအနက် ကလေးငယ်ခြောက်ဦးသာ ဆေးရုံတက်ကုသမှု ခံယူနေပြီး ကျန်ရှစ်ဦးသည် ကျန်းမာရေး ကောင်းမွန်သဖြင့် နေရပ်ပြန်ခွင့် ရပြီဖြစ်ကြောင်း ယင်းကျောင်း၏ ဆရာတော် ဦးတေဇနိယက မိန့်ကြားသည်။


‘‘ဆေးရုံမှာကျန်ခဲ့တဲ့ ကလေးတွေအားလုံးတော့ ဒီပြင်းထန်ရာသီတုပ်ကွေးရောဂါချည်းပဲ မဟုတ်ဘူးလို့ ပြောတယ်။ ရိုးရိုးဖျားတဲ့ကလေးရှိသလို ဦးနှောက် အမြှေးရောင်သံသယရှိတဲ့ ကလေးတစ်ယောက်လည်း ပါတယ်ပြောပါတယ်။ စစ်ဆေးထားတုန်း။ အဖြေသိဖို့က သုံးရက်လောက်ကြာမယ်လို့ ပြောပါတယ်။ ကျောင်းပြန်ရတဲ့ ကလေးတွေကတော့ ဟိုမှာပဲ ဆေးထိုး၊ ဆေးစားရုံရတယ်လို့ပြောတယ်’’ဟု တိုင်းဆေးရုံကြီးသို့ လိုက်ပါလာသည့် အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာမဒေါ်အိအိ ၀င်းက ပြောကြားသည်။

အထက်ပါကိစ္စနှင့် ပတ် သက်၍ မကွေးတိုင်းပြည်သူ့ကျန်း မာရေးဦးစီးဌာန အထူးရောဂါနှိမ် နင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါက်တာချမ်းမြေ့အေးသောင်း အား ဆက်သွယ်မေးမြန်းခဲ့ရာ ဆေးရုံတက်ကုသမှုခံယူနေသော ကလေးငယ်များသည် လက်ရှိတွင် အခြေအနေများစွာကောင်းမွန်နေပြီး H1N1 ရောဂါ ဟုတ်၊ မဟုတ်ကို စစ်ဆေးထားဆဲဖြစ် ကြောင်း ဖြေကြားသည်။

Top News