■ အားကစားသတင်းတိုများ

၂၀၁၈ တွင် စာချုပ်သက်တမ်းကုန်မည့် စပိန်ကွင်းလယ်လူ အစ္စကို ကို ရီးရဲလ်က တစ်နှစ်လုပ်ခ ယူရိုခြောက်သန်းဖြင့် လေးနှစ်စာချုပ် ချုပ် ဆိုပြီး နောက်ထပ် တစ်နှစ်စာချုပ်သက်တမ်းတိုးရန် သတ်မှတ်ချက် လည်းပါဝင်သည်။ အကယ်၍ အစ္စကိုအနေဖြင့် အခြားအသင်းသို့ ပြောင်းမည်ဆိုပါက ယူရိုသန်း ၇၀၀ ပေးရမည်ဆိုသောအချက်လည်း စာချုပ်၌ ထည့်သွင်းချုပ်ဆိုသည်။


ဘရာဇီးကြယ်ပွင့် နေမာသည် ဘာစီလိုနာမှ ပီအက်စ်ဂျီသို့ ကမ္ဘာ့ စံချိန်တင်ကြေး ယူရို ၂၂၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် အာဂျင်တီးနားကြယ်ပွင့် မက်ဆီကို အခြားအသင်းတစ်သင်းက ယူရို သန်း ၃၀၀ ဖြင့် ခေါ်ယူရန် ဖြစ်လာနိုင်သည်ဟု လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောသည်။

၂၀၁၇-၁၈ ဘောလုံးရာသီကုန်တွင် စာချုပ်သက်တမ်းကုန်မည့် နည်းပြတိုနီပူးလစ်ကို ၀က်စ်ဘရွန်းက ၂၀၁၉ အထိ တစ်နှစ်သက်တမ်း တိုးသည်။ ၀က်စ်ဘရွန်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ် နံပါတ် (၁၀) နေရာသို့ ရောက်ရှိခဲ့သည်။

ရီးရဲလ်မှ ပေါင်သန်း ၇၀ ဖြင့် ချယ်လ်ဆီးသို့ ရောက်လာပြီး ပထမဆုံး ပါဝင်ကစားသည့် အာဆင်နယ်နှင့် ကွန်မြူနတီဒိုင်းပွဲတွင် ပင်နယ်တီ လွဲချော်ခဲ့သည့် မိုရက်တာက ၎င်းကို ဝေဖန်သူများမှားကြောင်း သက်သေပြမည်ဟု ပြောသည်။

ယခုနွေရာသီတွင် ကစားသမားများရောင်းချမှုမှ ၀င်ငွေအများဆုံး ရရှိသော လိဂ်စာရင်းတွင် လာလီဂါက ယူရို ၆၅၃ ဒသမ ၉၃ သန်းဖြင့် ထိပ်ဆုံး၌ရှိနေပြီး ပရီးမီးယားလိဂ်က ယူရို ၅၈၁ ဒသမ ၄၈ သန်းဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

ပီအက်စ်ဂျီက နေမာအတွက် ဘာစီလိုနာသို့ ယူရို ၂၂၂ သန်း ပေး ချေလိုက်ပြီဖြစ်၍ ၎င်းသည် တနင်္ဂနွေနေ့တွင်ယှဉ်ပြိုင်ရမည့် ဂူအင်ဂမ်နှင့်ပွဲ၌ ပီအက်စ်ဂျီအတွက် ပထမဆုံးပွဲထွက်ကစားနိုင်မည်ဖြစ်သည်။

Top News