အောင်လံတွင် ကျောင်းဆရာတစ်ဦး ချောင်းကိုဖြတ်ကူးစဉ် မျောပါပျောက်ဆုံးနေ

 အောင်လံတွင် ကျောင်းဆရာတစ်ဦး ဩဂုတ် ၁၀ ရက်က ကျောင်းတက်ရန် ချောင်းကိုဖြတ်ကူးစဉ် ချောင်းရေနှင့် မျောပါသွားရာ ယနေ့အထိ ပျောက်ဆုံးနေကြောင်း အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဩဂုတ် ၁၀ ရက်က ညောင် အိုင်ကျေးရွာနေ အသက် (၂၇) နှစ်အရွယ် ကျောင်းဆရာသည် အောင်လံမြို့နယ် ရွှေပန်းတော အခြေစိုက် ညောင်အိုင်ကျေးရွာမှ ၎င်းတာဝန်ကျရာ လှည်းကားယားကျေးရွာသို့ သွားရောက်ရန် ပဒဲချောင်းအား ဖြတ်ကူးစဉ် မျောပါပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောကြားသည်။

 ‘‘အဲဒီချောင်းက မိုးရွာပြီး ချောင်းရေတွေ ကျနေတုန်းမှာ ကျောင်းဆရာက ဖြတ်ကူးလိုက် တာ။ အဲဒါ ရေနောက်ပါသွားတာ လို့ သိရတယ်။ အခုတော့ နယ်မြေ ရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတွေ ရှာဖွေကယ်ဆယ်ရေးလုပ်နေပါ တယ်’’ဟု ၎င်းက ပြောသည်။

ကျောင်းဆရာသည်  အိမ်ထောင်မရှိသူဖြစ်ပြီး နေ့စဉ်ကျောင်းတက်ရန် အဆိုပါချောင်းကို ဖြတ်ကူးသွားနေရသည်။

 လက်ရှိတွင် ညောင်အိုင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ညောင်အိုင်နယ်မြေရဲတပ်ဖွဲ့ စခန်းမှ တာဝန်ကျရဲတပ်ဖွဲ့များကချောင်းရိုးတစ်လျှောက် ရှာဖွေနေပြီး ဩဂုတ် ၁၁ ရက် နေ့လယ်၂ နာရီခွဲအထိ တွေ့ရှိခြင်း မရှိသေးပေ။

Top News